မော်လမြိုင် ဇန်နဝါရီ ၁၁
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့တွင် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ် စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေးလူမှုရေးပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးများကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက်၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာ ရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များနိုင်ငံတော် လုံခြုံရေးရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊ အမျိုးသားခေါင်း ဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင် မျိုးချစ် ပုဂ္ဂိုလ်များ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့သည့် မြန်မာ့လွတ်လပ်ရေးကို အစဉ်ထာဝရတည်တံ့ နေစေရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်တာဝန်သည် မြန်မာနိုင်ငံ သားအားလုံး၏ တာဝန်ဖြစ်ပြီး ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသကဲ့သို့ ဆက်လက်ပြီး အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေး ဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများပြကြပါလို့ တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မွန်ပြည်နယ်မှ သီရိပျံချီဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများကို ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးတို့က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်၍ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ ဆက်)
No comments:
Post a Comment