Thursday, January 12, 2023

မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် ဇန်နဝါရီ ၁၁

မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဦးစွာဒုတိယဝန်ကြီး ဦးညွန့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုများဖြစ်သည့် မြန်မာနိုင်ငံ၏ဆန်စပါး ထုတ်လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်းမွန်ရေး၊ အရေအတွက်အားဖြင့် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး “မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ” ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်မှ ၇ ရက် အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း။

ညီလာခံမှဖော်ထုတ်ချက်များအရ ဆက်လက်ဆောင်ရွက်သွား သင့်သည့်စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍအတွက်ဖော်ထုတ်ချက် ၁၅ ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် ၁၀ ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍအတွက် ၁၈ ချက် စုစုပေါင်းဖော်ထုတ်ချက် ၄၃ ချက်နှင့် ပတ်သက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို ငါးနှစ်တာကာလအတွက် (မူကြမ်း) ရေးဆွဲပြုစုထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကို အားလုံးအတည်ပြုချက်ရရှိပြီး သည့်အချိန်တွင် သက်ဆိုင်သည့်ဌာနများ၊ အသင်းအဖွဲ့များအနေဖြင့် ဦးဆောင်ခြင်း၊ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အစိုးရ-ပုဂ္ဂလိကပူးပေါင်း၍ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါး ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ဆန်စပါးသီးနှံ စျေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်တည်ရှိစေရေး အတွက်လည်းကောင်း၊ အရည်အသွေးသတ်မှတ်ချက် နိုင်ငံတကာအဆင့်ဝင်သည့်ပို့ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များက ဟန်ချက်ညီညီ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက လုပ်ငန်းစီမံချက်လျာထားမှုများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment