Monday, January 9, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သုတေသနစာတမ်းဖတ်ပွဲ တက်ရောက်

 

ရေနံချောင်း ဇန်နဝါရီ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် နာရီက ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Contributions to Regional Socio-Economic Development Research Paper Reading Ceremony သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။



ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က သုတေသနဟူသည် တက္ကသိုလ်တစ်ခု၏ အသက်ဝိညာဉ်ဖြစ်ကြောင်း၊ ရေနံချောင်းတက္ကသိုလ်သည် တက္ကသိုလ်သက်တမ်းရင့် ကျောင်းကြီးတစ်ကျောင်း မဟုတ်သော်လည်း ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲမျိုး ကျင်းပပေးနိုင်ခြင်းသည် ကျောင်းအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း၊ စုစုပေါင်းစာတမ်း (၈၁)စောင်ကို မကွေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)နဲ့ ပခုက္ကူ တက္ကသိုလ်တို့မှ ပါဝင်ဖတ်ကြားမည်ဟုသိရပြီး တိုင်းဒေသကြီးအဆင့် သုတေသနစာတမ်းဖတ်ပွဲဖြစ်သောကြောင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သုတေသနစာတမ်းမျာ် ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ပြီး သုတေသနတွေ့ရှိချက်များအပေါ် အခြေခံကာ တက္ကသိုလ်များတွင် စာပေသင်ကြားရာ၌ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနဟူသည် လက်တွေ့လုပ်ငန်းနယ်ပယ်ရဲ့ ရှေ့ပြေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရန် အသစ်ရှာဖွေစူးစမ်းလေ့လာမှု၊ တီထွင်ကြံဆမှုများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ဖော်ထုတ်ပေးသော ပွဲသည် သုတေသနစာတမ်းဖတ်ပွဲတွေဖြစ်ပါကြောင်း၊ အေးချမ်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်  တည်ဆောက်ရာတွင် ပညာရှင်များက မိမိတို့ တတ်ကျွမ်းသောပညာရပ်ဖြင့် နိုင်ငံတော်အား အထောက်အကူပြု ပံ့ပိုးနိုင်ရန် ရည်ရွယ်ပြီး ယခုလို သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့အပြင် ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး၊ လူသားကောင်းကျိုးကို ဖော်ဆောင်နိုင်မည့် ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက်လည်း ရည်ရွယ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အဆင့်ဆင့်သော ပညာရှင်ဝန်ထမ်းများ၏

လုပ်ငန်းစွမ်းဆောင်ရည်နှင့် အသိဉာဏ်မြှင့်တင်ပေးနိုင်ရန် လူ့စွမ်းအားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း ယခုကဲ့သို့ သုတေသနပညာရှင်များကို ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း၊ အတွေ့အကြုံရှိသော သုတေသီများက မျိုးဆက်သစ်သုတေသီများကို ပညာပေးခြင်း၊ အတွေ့အကြုံများကို ဆက်လက်မျှဝေခြင်းတွေ ပြုလုပ်နေသကဲ့သို့ အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး ပညာရပ်ဆိုင်ရာအချက်အလက်များ နည်းပညာအသစ်အဆန်းများ၊ နောက်ဆုံးတွေ့ရှိချက်အသစ်များကို လေ့လာနေရန်နှင့် နိုင်ငံတကာ၏ သုတေသနလမ်းကြောင်းနဲ့ ရည်မှန်းချက်များကို မျက်ခြည်မပြတ် လေ့လာနိုင်ရန် နှစ်စဉ်နှစ်တိုင်းတွင်လည်း ယခုကဲ့သို့ ဘာသာရပ်အကျိုးပြုစာတမ်းများ၊ ဒေသအကျိုးပြုစာတမ်းများ၊ နိုင်ငံအကျိုးပြုစာတမ်းများကို ဆက်လက်သုတေသနပြုသွားကြပါလို့ တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက လမ်းညွှန်အမှာ စကားပြောကြားပြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် သတ်မှတ်နေရာအသီးသီးတွင် Natural Science မှာ (၅၅)စောင်၊ Social Science မှာ (၁၄)စောင်၊ Humanities and Art မှာ (၁၂)စောင် စုစုပေါင်းစာတမ်း (၈၁)စောင်ကို ဇန်နဝါရီ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် မကွေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး) ပခုက္ကူတက္ကသိုလ်တို့မှ စာတမ်းရှင်များက ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရေနံချောင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment