အောင်ထက်လင်း (ကြိမ်ချောင်း)
ကမ္ဘာတစ်ဝန်းရှိ ဒေသများအားလုံးသည် ၁၉၉ဝ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား ပျမ်းမျှအားဖြင့် လူသားဖွံ့ဖြိုးမှုတိုးတက်လာသော်လည်း လူဦးရေ ၁ ဒသမ ၅ ဘီလီယံနီးပါးတို့မှာ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းတို့တွင် နိမ့်ကျနေခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှုအခြေအနေအမျိုးမျိုးအောက်တွင် နေထိုင်ကြရသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ၂ဝ၃ဝ
ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှု၏အသီး အပွင့်များကို ညီမျှစွာရရှိခံစားနိုင်ရေးအတွက်
ဆင်းရဲမွဲတေမှုပပျောက်ရန်၊ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူအများငြိမ်းချမ်းမှုနှင့်
သာယာဝပြောမှုရရှိစေရန်အတွက် ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်များလုပ်ဆောင်ရန် ၂၀၁၅
ခုနှစ်တွင် ထောင်စုနှစ်ကြေညာစာတမ်းကို စတင်ကြေညာကျင့်သုံးခဲ့သည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု
ယင်းကြေညာစာတမ်းတွင် ပန်းတိုင် ၁၇ ခုရှိကာ
၎င်းကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များဟု
လူသိများသည်။ နိုင်ငံတိုင်း၏ မဟာဗျူဟာရည်မှန်းချက်တစ်ရပ်မှာ မိမိတို့နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးပင်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများသည် မိမိတို့နိုင်ငံကိုဆင်းရဲမွဲတေမှု
သံသရာမှလွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လေ့ရှိသကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်း
ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် စဉ်ဆက်မပြတ်ရှိနေစေရေးအတွက် ကြိုးစားနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတိုင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (Sustainable
Development)ကို အလေးထားလုပ်ဆောင်လာ ရသည်။
အဆိုပါ ရည်မှန်းချက်ပန်းတိုင်များကို
၁၅ နှစ် အတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားရန်သတ်မှတ်ခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည်
ပန်းတိုင်များကို ဖော်ဆောင်ရာတွင်အခက်အခဲများစွာကြုံတွေ့ခဲ့ရသဖြင့် လုပ်ငန်းအများစုသည်
မပြီးပြတ်ဘဲကျန်ရှိနေခဲ့သည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလကုန်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂ
အထွေထွေညီလာခံမှ ပို၍အသေးစိတ်ကျကာ ပြီးပြည့်စုံသည့်လုပ်ငန်းအစီအစဉ်အဖြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို
အကောင်အထည်ဖော်သွားရန် အတည်ပြုခဲ့ကြသည်။ ပန်းတိုင်များသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ
စတင်၍ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်ကြာအောင် အကောင်အထည်ဖော်သွားမည့် ကာလရှည်ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များဖြစ်သည်။
ကိုဗစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိစီးပွားရေးလုပ်ငန်းများနာလန်ထူရန် နှစ်အတန်ကြာအချိန်ယူရမည်ဖြစ်ကြောင်းနှင့်
အာရှဒေသစီးပွားရေးတိုးတက်မှုသည် နိုင်ငံများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းသွားစေနိုင်သည့်
အကြောင်းရင်းခံများဖြစ်သည်။ ကိုဗစ်ကူးစက်ရောဂါပျံ့နှံ့မှု၏ နောက်ဆက်တွဲစီးပွားရေး အကျပ်အတည်းသည်အလုပ်လက်မဲ့များ၊
ဆင်းရဲနွမ်းပါးမှုများဖြစ်ပေါ်စေကာ ကျန်းမာရေး၊ အာဟာရမပြည့်ဝမှု၊ ရိက္ခာမဖူလုံမှုများကြောင့်
နိုင်ငံများ၏ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အဟန့်အတားများဖြစ်ပေါ်စေခဲ့သည်။
နှစ်အလိုက်
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမြှင့်တင်ရေး
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃ဝဝဝ
ကျော် ရှိသည့်အနက် နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရ တစ်နိုင်ငံလုံးတစ်ပြိုင်တည်းဆောင်ရွက်၍မရနိုင်သဖြင့်
နှစ်အလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမြှင့်တင်ရေးကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
ဒေသ၏ကုန်ကြမ်းရရှိနိုင်မှုအပေါ်မူတည်၍ ကျေးရွာတစ်ရွာချင်းကုန်ပစ္စည်းတစ်မျိုးကို ကျွမ်းကျင်သူအများစုက
အရေအတွက်များစွာ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ကျေးရွာများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်သည်။
နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၄ဝဝ လျာထားသတ်မှတ်၍
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ မတည်ထောက်ပံ့ငွေ ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရ
သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်ကုန်များအတွက် ကုန်ကြမ်းရရှိနိုင်မှုအရေးကြီးသကဲ့သို့
ယင်းကုန်ကြမ်းများကို ကုန်ချောအဖြစ်ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်အတွက်
ကုန်ကျစရိတ်များကိုလည်း ကြိုတင်တွက်ချက်ရန်လိုအပ်သည်။ ကျွမ်းကျင်လုပ်သားအလွယ်တကူမရရှိနိုင်ပါက
ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားမည်ဖြစ်သည်။
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များက
ဈေးကွက်၏ဝယ်လိုအားနှင့် ရောင်းလိုအားအခြေ အနေများကိုသိရှိနိုင်ရေးနှင့် မြန်မာနိုင်ငံအတွင်းထုတ်လုပ်သည့်
အိမ်တွင်းစက်မှုလက်မှု ထွက်ကုန်ပစ္စည်းများကိုအားပေး၍ နိုင်ငံခြားမှတင်သွင်းမှုများကို
ကန့်သတ်/ ထိန်းချုပ်ပေးရေးဆောင်ရွက်ရန်လည်း လိုအပ်သည်။ သီးနှံထွက်ရှိရာနေရာများမှ သိုလှောင်မည့်နေရာ၊
ကုန်စည်ဒိုင်နေရာများသို့ပို့ဆောင်ရန် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး ပိုမိုဆောင်ရွက်ပေးရန်
လိုအပ်သည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် MSME လုပ်ငန်းများကို
ကောင်းအောင်ဆောင်ရွက်ပြီး နိုင်ငံခြားဝင်ငွေစီးဝင်လာအောင် ကြိုးစားဆောင်ရွက်နိုင်ရေးအတွက်
နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း
(MSME)များ တိုးတက်အောင်အားပေး၍ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင်ထုတ်လုပ်နိုင်သည်အထိ
ကြိုးစားဆောင်ရွက်ရာတွင် ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်းလုပ်ငန်းများရွေးချယ်၍ သင်တန်းများပေးကာ
လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သည်။ ဈေးကွက်နှင့်ချိတ်ဆက်၍ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရည်မှန်းချက်ထားရှိကာ သက်ဆိုင်ရာဌာနများ၊ ကျေးလက်နေ ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
MSME
လုပ်ငန်းများအတွက်ချေးငွေ
MSME လုပ်ငန်းများအတွက် ချေးငွေအမျိုးအစားအလိုက်
အများဆုံးကျပ်သန်း ၃၀၀ မှ သန်း ၅ဝဝ အထိ ပြည်တွင်းဘဏ် ၁၁ ဘဏ်မှချေးငွေလျှောက်ထားနိုင်ကြောင်း
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက
ထုတ်ပြန်ထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ပိုမိုချဲ့ထွင်နိုင်ရေးတို့အတွက်လိုအပ်သည့် ငွေကြေးအရင်းအနှီး များရရှိစေရန် MSME ချေးငွေများကို
၂ဝ၁၂ ခုနှစ်မှစတင်၍ ထုတ်ချေးပေးလျက်ရှိသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါချေးငွေအမျိုးအစားများကို
သက်ဆိုင်ရာဘဏ်များသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။
JICA Two - Step Loan ချေးငွေများကို
မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊
ယူနိုက်တက်အမရာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့တွင် ချေးယူနိုင်ကြောင်း
သိရသည်။ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ်များအနက်
SMIDB (SME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၄၅၆ ဦးသို့ ချေးငွေကျပ် ၂၀၆၃၈ သန်း၊
JICA Two-Step Loan (MSME) ချေးငွေအစီအစဉ်မှလုပ်ငန်း ရှင် ၂ဝ၄၅ ဦးသို့ ချေးငွေကျပ်
၃၆၄၅၃၄ ဒသမ ၁၈ သန်းနှင့် MEB (MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၃၄၂ ဦးသို့ ချေးငွေကျပ်
၂၅၉၇၇ သန်း ထုတ်ချေးပြီးဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
နိုင်ငံ့စီးပွားရေးအတွက်အဓိကမောင်းနှင်
နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့်
အလတ်စား (MSME) လုပ်ငန်းများကို ထောက်ပံ့ကူညီအားပေးပြီး ပြည်တွင်းထုတ်ကုန်များ အဆင့်အတန်း
မြင့်မားတိုးတက်လာအောင် ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏
၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်လည်ပတ်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာ ဒေသအသီးသီးရှိ
အလားအလာကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ၊ သားငါးထွက်ကုန်များကို နည်းပညာ၊ စက်ပစ္စည်းအကူညီဖြင့်
ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက်မြှင့်တင်နိုင်ရေးတို့ကို
အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကိုမြှင့်တင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၂)တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏
စီးပွားရေးပြန်လည်ဦးမော့လာရေးအတွက် MSME လုပ်ငန်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါလျက်ရှိသည်။
ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရမှတ်ပုံတင်ထားသည့်
လုပ်ငန်းများအနက် MSME လုပ်ငန်း သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လုပ်ငန်း ၄၅၀၀၀ ကျော်ရှိသည်။
အခြားဝန်ကြီးဌာနများတွင် မှတ်ပုံတင်ထားသောလုပ်ငန်း ၂၅ဝဝဝဝ ကျော်လည်းရှိသည်။ မှတ်ပုံတင်ထားသည့်
MSME လုပ်ငန်းများရှင်သန်ရန်နှင့် လုပ်ငန်းများပုံမှန်လည်ပတ်စေရန်အတွက် နိုင်ငံတော်အစိုးရက
ငွေကြေးအရင်းအနှီးများထုတ်ချေးပေးထားပြီး ချေးငွေပေးဆပ်မှုကာလကိုလည်း သက်တမ်းထပ်မံတိုးမြှင့်ပေးထားသည်။
MSME လုပ်ငန်းများသည် စီးပွားရေးတွင်အင်အား ကောင်းပြီး နိုင်ငံ၏အားသာချက်အပေါ်တွင်
အသုံးချနိုင်မည်ဆိုပါက အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သည်။ အခွင့်အလမ်းအနေဖြင့်
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏လိုအပ်ချက်ဖြစ်သော စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များကို
သုံးစွဲသူအကြိုက်ထုတ်လုပ်ပေးရန်လိုအပ်သည်။ စားသောက်ကုန်ပစ္စည်းများကို အဆင့်အတန်းမြင့်မားသော
နည်းပညာများအသုံးပြုပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်ထားသည့်
သုံးစွဲသူအကြိုက်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းထုတ်လုပ်မှုကွန်ရက်များသို့
ဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း၍ဆောင်ရွက်ကြရန် လိုအပ်သည်။
ဈေးကွက်သုတေသနနှင့်
ဒစ်ဂျစ်တယ်နည်းပညာ
ကိုဗစ်-၁၉ကပ်ရောဂါကြောင့် စားသုံးသူများ၏အပြုအမူနှင့်
လိုအပ်ချက်ပုံစံများ ပြောင်းလဲလာ သည့်အတွက် MSME လုပ်ငန်းများအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို
လေ့လာ ဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ်မနေသုံးစွဲရန် လိုအပ်လာပြီဖြစ်သည်။
MSME လုပ်ငန်းများအနေဖြင့် လက်ရှိအချိန်အထိ ဒစ်ဂျစ်တယ်နည်းပညာများကို ထုတ်လုပ်မှုအပိုင်း၊
ဈေးကွက်မြှင့်တင်ရေးအပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့်အပိုင်းတို့တွင် ကျွမ်းကျင်စွာသုံးစွဲရန်လိုအပ်နေဆဲဖြစ်သည်။
နိုင်ငံတော်အစိုးရက MSME လုပ်ငန်းများ အခွင့်အရေးလက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကိုဖြေရှင်းပေးနိုင်ရန်
ဆောင်ရွက်ပေးလျက်ရှိသည်။
MSME လုပ်ငန်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်
ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး မြင့်မားတိုးတက်လာအောင်ကူညီပေးကာ
နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များအရည်အသွေးနှင့် အဆင့်အတန်းမြင့်မားလျှင်
ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ အလျှံပယ်ထုတ်လုပ်ရမည်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းအရည်အသွေးနှင့်
အဆင့်အတန်းမှာ မြင့်မားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသုံးကုန်ပစ္စည်းအသေးအမွှားမှအစ
ကြီးကြီးမားမားအထိ ယင်းနိုင်ငံများမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။ ပြည်တွင်းထုတ်ကုန် တိုးတက်မြှင့်တင်ထုတ်လုပ်နိုင်မှုကြောင့်
ယင်းနိုင်ငံများ၏စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နေပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်ပသွင်းကုန်များကို
မှီခိုအားထားနေရသောကြောင့် ကုန်သွယ်မှုလိုငွေပြပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု
နှေးကွေးခဲ့သည်။ တစ်ကမ္ဘာလုံးကြုံတွေ့ခဲ့သည့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွား
ရေးသည် အဆိုးဆုံးအခြေအနေသို့ရောက်ရှိခဲ့ပြီး လူတစ်ဦးချင်းဝင်ငွေများလည်း ကျဆင်းသွားခဲ့
သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် တိုက်ရိုက်ထိခိုက်မှုများ
ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ထိခိုက်ခံစားခဲ့ရသည်။
ငွေကြေးအရင်းအနှီးနည်းသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုထိခိုက်ခဲ့ရသည်။
နိုင်ငံတကာဈေးကွက်၏လိုအပ်ချက်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်
မွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင်
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို စံချိန်စံညွှန်းအရည်အသွေး သတ်မှတ်ချက်များနှင့်အညီကိုက်ညီအောင်
ကြိုးပမ်းထုတ်လုပ်ကြရန် လိုအပ်သည်။ ထုတ်ကုန် ပစ္စည်းများကို ဈေးကွက်ဝင်ရေးဆောင်ရွက်ရာတွင်
အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီရေးသည် အရေးကြီးသည်။ နိုင်ငံတကာဈေးကွက်တွင် ကုန်ပစ္စည်းများ၏
အရည်အသွေးနှင့်စံချိန်စံညွှန်းများကိုဦးစားပေး၍ အတိအကျစစ်ဆေးလေ့ရှိပြီး အရည်အသွေးစံချိန်စံညွှန်းနှင့်ကိုက်ညီသော
ကုန်ပစ္စည်းများကိုသာ လက်ခံဝယ်ယူလေ့ရှိသည်။ ကမ္ဘာပေါ်တွင်ရောဂါအမျိုးမျိုးထူပြောလာသဖြင့်
ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော
စားသောက်ကုန်များကို ရွေးချယ်စားသောက်ကြသည့် လူနေမှုပုံစံသစ်သို့ပြောင်းလဲလာသည်ကို
တွေ့ရမည်ဖြစ်သည်။ စားသောက်မှုပုံစံများပြောင်းလဲလာမှုအရ လတ်ဆတ်သည့်အသီးအနှံ၊ သားငါးထုတ်ကုန်များကို
ဝယ်ယူစားသောက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူထုတ်လုပ်နေသော
အခြေခံစားသောက်ကုန်များကို စတင်ထုတ်သည့်အချိန်မှစ၍ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ်
ဆက်လက်ထုပ်ပိုးပြီးသည်အထိ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ အစဉ်အမြဲလုပ်ကိုင်ဆောင်ရွက်နိုင်ရန်
ကြိုးပမ်းလျက်ရှိသည်။
အရည်အသွေးစစ်ဆေး
မြန်မာနိုင်ငံတွင် အသေးစားထုတ်ကုန်လုပ်ငန်း
၁၇၂၃၄ ခုရှိသည့်အနက် အသင့်ထုပ်ပိုးပြီး ထုတ်လုပ်သည့်စားသောက်ကုန်လုပ်ငန်း ၄၂၆၅ ခုရှိနေသည်ဟု
သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက
ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီကတည်းက စစ်ဆေးပေးလျက်ရှိသည်။
ကုန်ပစ္စည်းများကိုစားသုံးသူများအား ရောင်းချရာတွင် အရည်အသွေးစစ်ဆေးပြီးကြောင်း အသိအမှတ်ပြုပြီးမှသာ
ပြည်သူများအား ရောင်းချခွင့်ရှိသည်။ မြန်မာနိုင်ငံတွင် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရန်
ထောက်ခံချက်ရရှိပြီးသည့် အစားအသောက်လုပ်ငန်း ၁ဝ၅၆ ခုနှင့် သောက်ရေသန့်လုပ်ငန်း ၂၃၆၈
ခုရှိကြောင်း သိရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် စက်မှု၊ နည်းပညာနှင့်စွမ်းအင်ကဏ္ဍများကို
အဆင့်မြင့်မားစွာဆောင်ရွက်နိုင်ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံငယ်များသည် အသေးစား၊ အလတ်စား
လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများကို မြင့်မားအောင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ရောက်ရှိရေး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်၍
ကုန်ထုတ်လုပ်မှုမြှင့်တင်ရာ၌ စိုက်ပျိုး ရေးထွက်ကုန်များတိုးတက်ထွက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
နေ့စဉ်လိုအပ်လျက် ရှိသည့် စားသောက်ကုန်ပစ္စည်းများသည် စီးပွားရေးဈေးကွက်တွင်တွင် ကျယ်စွာလည်ပတ်နေသဖြင့်
ကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်သူများ၏စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သလို
ထုတ်ကုန်ပစ္စည်းများကို အမယ်(အမည်)စုံအောင် ကြိုးပမ်းထုတ်လုပ်ခြင်းဖြင့် ပြည်သူများ၏
ကုန်သွယ်စီးပွားမြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အာရှဖွံ့ဖြိုးမှုဘဏ်၏စစ်တမ်းများက
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းသည် အာရှပစိဖိတ်ဒေသအတွင်း လူ ၂၁ သန်းအား တစ်ရက်လျှင် ၁ ဒသမ
၂၅ ဒေါ်လာအောက် ဝင်ငွေရှိသော အလွန်အမင်းဆင်းရဲနွမ်းပါးမှုအဆင့် ထပ်မံဖြစ်ပေါ်စေနိုင်ကြောင်း
ဆိုထားသည်။
သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်
ကောင်းမွန်သောမူဝါဒများနှင့် ထိရောက်သော ဝန်ဆောင်မှုများကို အလေးထားလုပ်ဆောင်သွားရန်လိုအပ်ကြောင်းနှင့်
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိရေးအတွက် အချိန်ယူကြိုးပမ်းအားထုတ်ပြီး
ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် လိုအပ်နေဦးမည်ဟုရှုမြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment