Tuesday, December 13, 2022

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System - PR) အကြောင်း သိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

 


Presenter။     ။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူအဖြစ် ကျွန်တော် ဦးကျော်ဆွေအောင်နှင့် ကျွန်မ ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။

(ယမန်နေ့မှအဆက်)

ဦးခင်မောင်ဦး။ ။ Party List PR စနစ်ကျင့်သုံးမယ်ဆိုပါက မဲပေးခြင်းနဲ့မဲရေတွက်ခြင်း ရိုးရှင်းလွယ်ကူပါတယ်။ ပါတီအသီးသီးအနေနဲ့ လွှတ်တော်မှာ တိကျစွာကိုယ်စားပြုခွင့်ကို ရရှိစေမှာဖြစ်ပြီး ဆန္ဒမဲများအလဟဿဖြစ်မှုကိုလည်း နည်းပါးစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူနည်းစုတွေ၊ အမျိုးသမီးတွေအပါအဝင် ပါတီအများစုကို မျှတတဲ့ကိုယ်စားပြုခွင့် ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Presenter ။ ။ ဟုတ်ကဲ့ပါဆရာ၊ ရွေးကောက်ပွဲစနစ်တွေမှာ PR အုပ်စုက အများဆုံးနဲ့ FPTP အုပ်စုက ဒုတိယအများဆုံး ကျင့်သုံးတာတွေ့ရတဲ့အတွက် ဒီစနစ်နှစ်မျိုးရဲ့ အဓိကကွဲပြား ခြားနားချက်နဲ့အားနည်းချက်၊ အားသာချက်တွေကိုလည်း နှိုင်းယှဉ်သိပါရစေခင်ဗျား။

ဦးခင်မောင်ဦး။ ။အချိုးကျကိုယ်စားပြုစနစ် (PR)နဲ့ မဲအများဆုံးရသူအနိုင်ရတဲ့ FPTP စနစ် အသီးသီးမှာ အားနည်းအားသာချက်အပါအဝင် ခြားနားချက်များစွာရှိပါတယ်။ အဓိကခြားနားချက်မှာ မဲဆန္ဒရှင်ပြည်သူတွေက ပေးလိုက်တဲ့ ဆန္ဒမဲတွေရဲ့တန်ဖိုးနဲ့သက်ရောက်မှု ကွာခြားခြင်းဖြစ်ပါတယ်။ FPTP စနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲတွေမှာ အနိုင်ရသူရရှိတဲ့ ဆန္ဒမဲအရေအတွက်ဟာ ခိုင်လုံမဲစုစုပေါင်းရဲ့ ထက်ဝက်အောက်ရှိသော်လည်း ယင်းကိုယ်စားလှယ်ကိုပေးလိုက်တဲ့ ဆန္ဒမဲတွေကသာ တန်ဖိုးနဲ့သက်ရောက်မှုရှိပြီး ကျန်ဆန္ဒမဲတွေဟာ တန်ဖိုးနဲ့သက်ရောက်မှု လုံးဝမရှိအဟောသိကံ၊ အလဟဿဖြစ်ခြင်း ဖြစ်ပါတယ်။ အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ အပါအဝင်တို့ကို မဲဆန္ဒရှင်တွေကပေးလိုက်တဲ့ ဆန္ဒမဲအရေအတွက် စုစုပေါင်းအပေါ် မိမိတို့ရရှိတဲ့ ဆန္ဒမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာရရှိခြင်းဖြင့် ဆန္ဒမဲအားလုံးနီးပါးရဲ့တန်ဖိုးနဲ့ သက်ရောက်မှုရှိခြင်းပဲဖြစ်တယ်။ ဒါကြောင့်လည်း FPTP စနစ်နဲ့ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို လေ့လာပါက တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီတွေရရှိတဲ့ခိုင်လုံမဲတွေရဲ့ရာခိုင်နှုန်းနဲ့ လွှတ်တော်အမတ်ရရှိတဲ့ရာခိုင်နှုန်းအချိုးအစား ညီညွတ်မျှတမှုမရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ်(PR)ရဲ့ အဓိကအားသာချက်တွေကတော့ မဲဆန္ဒရှင်ပြည်သူတွေကပေးတဲ့ ဆန္ဒမဲတွေ အဟောသိကံ၊ အလဟဿဖြစ်မှု အလွန်နည်းပါးခြင်းဖြစ်တဲ့အပြင် အားသာချက်တွေ ကတော့ -

- ကိုယ်စားပြုမှုကို အချိုးကျသတ်မှတ်ခြင်းဖြစ်၍ အချိုးအစားကျနသော ဥပဒေပြုလွှတ်တော်ကို ပုံဖော်နိုင်ပြီး ပါတီစုံစနစ် (Multi-party System)ကို ပေါ်လွင်အားကောင်းစေခြင်း၊

- လွှတ်တော်အတွင်း ပါတီကြီးများ၏ လက်ဝါးကြီးအုပ်မှုကို ကန့်သတ်ပေးခြင်းနှင့် ပါတီကြီးတစ်ခု၏ မူဝါဒနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အပြန်အလှန်ထိန်းကျောင်း နိုင်ခြင်း၊

- လူနည်းစုများ၏ ဆန္ဒသဘောထားကို ဖော်ထုတ်နိုင်ပြီး ပါတီငယ်များအနေဖြင့် ပါတီကြီးများကဲ့သို့ ကိုယ်စားလှယ်နေရာရရှိနိုင်ပြီး ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်း၊

- မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံရသော ပါတီစုံမှကိုယ်စားလှယ်များသည် မဲဆန္ဒနယ်တစ်ခုလုံး၏ ကိုယ်စားလှယ်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်းရှိ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုသဖြင့် ကိုယ်စား လှယ်အချင်းချင်း၊ ပါတီအချင်းချင်း ပြည်သူလူထုထောက်ခံမှုရရှိရေး အပြိုင်ကြိုးစားစေသည့် အားသာချက်ရှိခြင်း၊

- စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် အသုံးပြုခြင်းဖြင့် လူပုဂ္ဂိုလ်ထက် ပါတီဦးဆောင်မှု မြင့်မား စေပြီး ပါတီများ၏ မူဝါဒလမ်းစဉ်များ ပိုမိုတည်တံ့ခိုင်မြဲစေခြင်း၊

- မဲဆန္ဒရှင်များအနေဖြင့် မဲရုံများသို့ သွားရောက်မဲပေးခြင်းသည် တန်ဖိုးရှိသည်ဟူသောအမြင်နှင့် ယုံကြည်မှုမြင့်မားလာပြီး မဲပေးမှုရာခိုင်နှုန်း (Voter Turn Out) ကောင်းလာစေခြင်း၊

- ပါတီစုံနှင့်လူတန်းစားစုံ၊ အလွှာစုံမှကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည် မြင့်မား သော အစိုးရတစ်ရပ် ဖွဲ့စည်းဖော်ဆောင်နိုင်ခြင်း၊

- တိုင်းရင်းသားပါတီများနှင့် လူနည်းစုပါတီများအနေဖြင့် ကိုယ်စားလှယ်နေရာပိုမိုရရှိပြီး ဥပဒေပြု လွှတ်တော်နှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပါဝင်ခွင့်ရရှိခြင်း၊

- တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ပိုမို ပါဝင်ခွင့်ရရှိပြီး မိမိတိုင်းရင်းသားမျိုးနွယ်စု၏အကျိုးကို ပိုမိုဖန်တီးဖော်ဆောင်နိုင်ခြင်း၊

- လွှတ်တော်အတွင်း ပါတီစုံ၊ တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များနှင့် အမျိုးသမီးကိုယ်စားလှယ်များ၏ စုံညီမျှတစွာ အချိုးကျကိုယ်စားပြုခွင့်ရရှိခြင်းဖြင့် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး အထောက်အကူဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

Presenter ။ ။ ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လွှတ်တော်ရွေးကောက်ပွဲတွေမှာ FPTP စနစ်မှ PR စနစ်သို့ ပြောင်းလဲကျင့်သုံးတော့မယ်လို့ သတင်းစကားတွေ ကြားသိနေရပါပြီ။ ဒီအတွက် PR စနစ်ပြောင်းလဲမယ့် အလားအလာတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးပေးပါဦးခင်ဗျား။

ဦးခင်မောင်ဦး။ ။ မြန်မာနိုင်ငံဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွေမှာ FPTP စနစ်မှ PR စနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ ၁၃-၇-၂၀၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီ ၁၀ ပါတီပါဝင်တဲ့ ဒီမိုကရေစီမိတ်ဆွေပါတီတွေက ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနဲ့ ပတ်သက်ပြီး သဘောထားအကြံပြုချက် တင်ပြစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်းကလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန်အတွက် လွှတ်တော်ကအဆုံးအဖြတ်ပေးပါရန် အဆိုကို ၃-၆-၂၀၁၄ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့ရာ အဆိုအောင်မြင်ခဲ့သဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော် ရေးကော်မရှင်ကို အမျိုးသားလွှတ်တော်က အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

အကောင်အထည်ဖော်ရေးကော်မရှင်အနေနဲ့ အချိုးကျကိုယ်စားပြုစနစ် ပုံစံအမျိုးမျိုးနဲ့ ရွေးကောက်ပွဲ ဒီဇိုင်းပုံစံအလိုက် အားသာချက်နဲ့ အားနည်းချက်တွေကို ဆွေးနွေးလေ့လာပြီး အမျိုးသားလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ယင်းသက်တမ်းကာလအတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာကို လေ့လာသိရှိခဲ့ရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နောင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တည်ဆဲနိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးခြင်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့တွင် လေးကြိမ်ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီအများစု တက်ရောက်ခဲ့ပါတယ်။ ပထမနှစ်ကြိမ်ကို နေပြည်တော်မှာ ဆောင်ရွက်ခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးကို မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။ ဒုတိယနှစ်ကြိမ်ကို ရန်ကုန်မြို့မှာ ဆောင်ရွက်ခဲ့ပြီးပါတီတွေရဲ့ စာတမ်းများဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းနဲ့ စပ်လျဉ်းပြီး ပါတီအစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်း၍ စာတမ်းများဖတ်ကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ရရှိတဲ့ ဘုံသဘောတူညီချက် တွေကတော့ -

- လာမည့်ရွေးကောက်ပွဲများတွင် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List – PR) စတင် ကျင့်သုံးရန်၊

- မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေးယဉ်ကျေးမှု ရေချိန်မြင့်တက်လာချိန်တွင် (Open List – PR) သို့မဟုတ် အခြား PR စနစ်တစ်မျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးရန်၊

- ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက် ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘဲ မဲဆန္ဒနယ်များကို ပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ်ဆောင်ရွက်ရန်၊

- ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁(က)ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁(ခ)ပါ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန်အတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊

- Closed List- PR အတွက် နိုင်ငံရေးပါတီများက မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်သို့ ကြိုတင်တင်ပြရန်၊

- မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလိုသည့်ပါတီနှင့် ၎င်းပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း များကို သိရှိနိုင်ရန် ပါတီအမည်အောက်တွင် ကိုယ်စားလှယ်လောင်းအမည်နှင့် ဓာတ်ပုံဖော်ပြထား သော ဗီနိုင်းပိုစတာများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားရန်၊

- Closed List - PR စနစ်၏ မဲရေတွက်မှုနည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲအများဆုံး စနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်အလိုက် ခိုင်လုံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်တစ်ဦး ရရှိရမည့် အနိမ့်ဆုံးအခြေခံမဲ (Threshold) သတ်မှတ်ရန်၊

- PR စနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊ ညွှန်ကြားကြပ်မတ်ထိန်းကျောင်းခြင်းဖြင့် လည်းကောင်း ကန့်သတ်ရန်၊

- ပြောင်းလဲကျင့်သုံးမည့် PR စနစ်ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ နားလည်သဘောပေါက်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်။

Presenter။     ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ သဘောတူညီချက်အရ လာမယ့်ရွေးကောက်ပွဲတွေမှာ Closed List – PR ကို ပြောင်းလဲကျင့်သုံးမှာဖြစ်တဲ့ အတွက် Closed List – PR စနစ်ဖြင့် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘာတွေများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီလဲဆိုတာ ဆက်ပြီးတော့ ဆွေးနွေး ပေးပါခင်ဗျား။

ဦးခင်မောင်ဦး။ ။ မြန်မာနိုင်ငံဟာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကို မဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပြီး အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးရမယ့်လုပ်ငန်းဖြစ်လို့ နိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။

ဒါကြောင့်လည်း လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် FPTP အစား လူထုကိုယ်စားပြုမှုကို တိုးမြှင့် ဖော်ဆောင်ပေးနိုင်ပြီး နိုင်ငံတော်ရဲ့လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် PR ကိုပြုပြင် ပြောင်းလဲကျင့်သုံးဖို့ လိုအပ်လာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးသဘောတူညီချက်အရ Closed List –PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်မှုတွေဆောင်ရွက်နေပြီဖြစ်ပါတယ်။ PR စနစ် ပြောင်းလဲကျင့်သုံးဖို့ ပထမအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှ လိုက်လျောညီထွေမှုရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၆၁ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်တွေအရ သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေကို ပြောင်းလဲခြင်းမပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အရ မဲဆန္ဒနယ်တွေကို PR စနစ်နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြောင်းလဲကျင့်သုံးမယ့် PR စနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အသစ်တွေနဲ့ တစ်ဆက်တစ်စပ်တည်း နည်းဥပဒေတွေနဲ့ လုပ်ငန်းလမ်းညွှန် တွေကိုလည်း ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်နဲ့ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းတွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဌာနတွင်း ရွေးကောက်ပွဲပညာပေးသင်တန်း Internal Training တွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ မဲဆန္ဒရှင်အသိပညာပေးခြင်းအစီအစဉ် Civic and Voter Education Programme တွေကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနဲ့စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော်ဖွဲ့စည်းရာမှာပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၆၁ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းရာမှာပါရှိတဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ချက်နဲ့အညီ ရရှိမယ့် တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ တစ်ဦးစီရွေးကောက် တင်မြှောက်ရမှာဖြစ်လို့ FPTP စနစ်နဲ့သာ ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။

Presenter ။     ။ ဟုတ်ကဲ့ပါ၊ လာမယ့်ရွေးကောက်ပွဲတွေမှာ ပြောင်းလဲကျင့်သုံးတော့မယ့် Closed List– PR စနစ်နဲ့ပတ်သက်ပြီးတော့ မဲဆန္ဒရှင်တွေက မဲဘယ်လိုပေးရမယ်၊ ဆန္ဒမဲတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ဘယ်လိုတွက်ချက်ရမယ်ဆိုတာကို မဲဆန္ဒရှင်တွေသိရှိသွားအောင် ရှင်းပြပေးပါခင်ဗျား။

ဦးခင်မောင်ဦး။ ။ Closed List – PR စနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အလိုက် ရွေးကောက် တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက်အတိုင်း နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်သို့ တင်ပြရပါမယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကလည်း အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်က ဆန္ဒမဲလက်မှတ်မှာ မိမိနှစ်သက်ရာ ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအမည်ကို တစ်ကြိမ်သာ ဆန္ဒပြုရမှာဖြစ်ပါတယ်။

အချိုးကျကိုယ်စားပြု (Closed List) စနစ်ဖြင့် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲလက်မှတ် နမူနာပုံစံ

- မဲရုံတွင် မဲပေးလျှင် သို့မဟုတ် ရပ်ကွက်/ကျေးရွာအုပ်စု ကြိုတင်မဲဖြစ်လျှင် မဲပေး လိုသော ပါတီ / ကိုယ်စားလှယ်လောင်း၏ အမည်တည့်တည့် ဘေးဘက်ရှိ လေးထောင့်အကွက်ထဲတွင် “A” အမှန်အမှတ်အသားပါသော တံဆိပ်တုံးဖြင့် ရိုက်နှိပ်ပေးပါ။

- မဲဆန္ဒနယ်ပြင်ပကြိုတင်မဲဖြစ်လျှင် မဲပေးလိုသော ပါတီ / ကိုယ်စားလှယ်လောင်း ၏ အမည်တည့်တည့် ဘေးဘက်ရှိ လေးထောင့်ကွက်ထဲတွင် ဘောလ်ပင်ဖြင့် အမှန်အမှတ်အသား “A” ခြစ်ပေးပါ။

- ပါတီ / ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပို၍ မဲမပေးရပါ။

ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေရရှိတဲ့ ထောက်ခံဆန္ဒမဲအပေါ် မူတည် ပြီးတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အရေအတွက်ကို အချိုးကျစနစ်နဲ့ တွက်ချက်ရမှာဖြစ်ပါတယ်။ (The Largest Remainder) ကြွင်းကျန်မဲအများဆုံးစနစ်နဲ့ မဲရေတွက်မှာဖြစ်ပါတယ်။ ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အနေနဲ့ကတော့ -

- လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦး ရွေးကောက်တင်မြှောက်ရမည့် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ လေးပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးတို့၏ ခိုင်လုံမဲများကို စုပေါင်း၍ ယင်းမဲဆန္ဒနယ်တစ်ခုလုံး၏ ခိုင်လုံမဲစုစုပေါင်းအဖြစ် တွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်း ၉၀၀၀၀၀ ဖြစ်ပါသည်။

- လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့်အခြေခံမဲ (Threshold)ကို ပထမ ဦးစွာတွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်းကို ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ရမည့် (ကိုယ်စားလှယ်အရေအတွက် + ၁)ဖြင့် စားခြင်းရလဒ်အား (+ ၁) ထပ်ပေါင်းတွက်ချက်၍ ရရှိသော မဲအရေအတွက်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold)အဖြစ်သတ်မှတ်ရမည်။ အခြေခံမဲမှာ ၁၀၀၀၀၁ ဖြစ်ပါသည်။ (ဒသမရှေ့ဂဏန်း ကိန်းပြည့်ကိုသာယူရန်)

- လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် သတ်မှတ်ထားသည့် အခြေခံမဲဖြင့် နိုင်ငံရေးပါတီ တစ်ခုစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီရရှိသည့် ခိုင်လုံမဲကို စားခြင်းရလဒ်ဖြင့် တွက်ချက်ရာ အခြေခံမဲအရ (A)ပါတီ သုံးဦး၊ (B) ပါတီ တစ်ဦး၊ (D) ပါတီ နှစ်ဦးဖြင့် ကိုယ်စားလှယ် အရေအတွက် ခြောက်ဦးကို ရွေးကောက်နိုင်ပါသည်။

-နိုင်ငံရေးပါတီ လေးပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးတို့၏ ကြွင်းကျန်သောမဲအရေအတွက်မှာ ကြွင်းကျန်မဲအများ၊ အနည်းအရ ဦးဘ(တစ်သီးပုဂ္ဂလ)က အများဆုံး၊ (B)ပါတီက ဒုတိယအများဆုံး၊ (C)ပါတီက တတိယအများဆုံး၊ (A)ပါတီက စတုတ္ထ အများဆုံးနှင့် (D)ပါတီက အနည်းဆုံးဖြစ်ပါသည်။

- သတ်မှတ်လွှတ်တော်ကိုယ်စားလှယ်ဦးရေရှစ်ဦး ပြည့်မီခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြွင်းကျန်သောမဲများကို အများအနည်း အလိုက် တန်းစီဇယားအရ ကြွင်းကျန်မဲအများဆုံးဖြစ်သော ဦးဘ(တစ်သီးပုဂ္ဂလ)နှင့် (B)ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်ဆောင်းရရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ရှစ်ဦးကို တွက်ချက်ရရှိမည်ဖြစ်ပါသည်။

- အဆိုပါတွက်ချက်မှုများအရ (A) ပါတီရရှိသော ကိုယ်စားလှယ်အရေအတွက် သုံးဦး၊ (B) ပါတီ ရရှိသော ကိုယ်စားလှယ်အရေအတွက် နှစ်ဦး၊ (D) ပါတီရရှိသော ကိုယ်စားလှယ်အရေအတွက် နှစ်ဦး၊ ဦးဘ (တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်) တစ်ဦး စုစုပေါင်း ရှစ်ဦး ရွေးကောက်တင် မြှောက်ခံရမှာ ဖြစ်ပါတယ်။

Presenter ။     ။ ဟုတ်ကဲ့ပါ၊ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်တွေ၊ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲတွေနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ ပြောင်းလဲကျင့်သုံးမယ့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List - PR)အကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ Closed List- PR စနစ်ဖြင့် ဆန္ဒမဲပေးခြင်းနှင့် ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း မဲဆန္ဒရှင်တွေသိရှိအောင် နမူနာဇယားတွေနဲ့ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ နိဂုံးချုပ် အနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးလိုက်ခြင်းဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် ရရှိလာမယ့်အကျိုးကျေးဇူးတွေနဲ့ သတိပြုရမယ့်အချက်တွေကို အနှစ်ချုပ် သုံးသပ် ဆွေးနွေးပေးပါဆရာ။

ဦးခင်မောင်ဦး။ ။           ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်ကတော့ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ ကိုယ်စားပြုခြင်းတို့ပါဝင်ပြီး ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရား ကတော့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းနဲ့ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးခြင်းဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ FPTP ရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုတည်းကသာ အာဏာသုံးရပ်လုံးကိုချုပ်ကိုင်ခဲ့တာ ဖြစ်ပေမယ့် ယခုပြောင်းလဲကျင့်သုံးတဲ့ PR စနစ်အရဆိုရင် ပါတီကြီး၊ပါတီငယ်၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအားလုံးက ဥပဒေပြုရေးမှာရော အုပ်ချုပ်ရေးကဏ္ဍမှာပါ အချိုးကျကိုယ်စားပြု ပါဝင်လာ တော့မှာဖြစ်တဲ့အတွက် မျှတတဲ့ကိုယ်စားပြုမှုနဲ့ ခွဲဝေကျင့်သုံးနိုင်မှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုစေလိုတာကတော့ ဗဟုနိုင်ငံရေးစနစ် ပိုမိုပေါ်လွင်လာမှာဖြစ်တဲ့အတွက် မတူကွဲပြားမှုတွေမှသည် တူညီတဲ့စုစည်းမှုအင်အားတွေရရှိနိုင်အောင် နိုင်ငံရေးအမြင်၊ အမျိုးသားရေးအမြင်နဲ့ တည်ဆောက်နိုင်ဖို့လိုပါတယ်။ ပါတီတွေက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ဦးစားပေး ဖို့လိုပါမယ်။ ပါတီစုံပါဝင်လာတော့မှာဖြစ်တဲ့အတွက် နိုင်ငံရေးအစွန်းရောက်မှု၊ လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးအစွန်းရောက်မှုတွေကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ သတိပြုရှောင်ရှားနိုင်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။

No comments:

Post a Comment