Tuesday, December 13, 2022

  ပဲခူးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနား ကျင်းပ



ပဲခူး ဒီဇင်ဘာ ၁၃

ပဲခူးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ပဲခူးမြို့ဥဿာမြို့သစ်(၈)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်းကြား(Public Area)တွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများများ၊ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား   ပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့အား တိုင်းမြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ကြီးကြပ်အကောင်အထည်ဖော်ခြင်း၊ ပြည်သူများအပန်းဖြေ  အနားယူနိုင်ရန် Public Area များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ (၁၆)ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကျော်ကြားသော ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ဟံသာဝတီ(ပဲခူး)တွင် ကမ္ဘောဇသာဒီနန်းတော်၌ နန်းစိုက်ခဲ့သော ဘုရင်ဧကရာဇ်တစ်ဦးဖြစ်သူ ဘုရင့်နောင်ကျော်ထင်အနော်ရထာ (ဘုရင့်နောင်မင်းတရားကြီး)၏ ရုပ်ထုအား ယနေ့ခေတ်လူငယ်များ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေရန်နှင့် အမိနိုင်ငံတော်အား ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်ပွဲပြုလုပ်သော ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံ တည်ဆောက်ခြင်းလုပ်ငန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တည်ဆောက်ရေးလုပ်ငန်း(၇)ခု၊ ခွင့်ပြုငွေ(၁၅၉.၀၈)ကျပ်သန်း၊ အလှူရှင်ဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်း(၈)ခု ထည့်ဝင်ငွေ(၁၈၉.၀၃)သန်း စုစုပေါင်း(၃၄၈.၁၁)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဟံသာဝတီ(ပဲခူး)သည် ဘုရင့်နောင်မင်းတရားကြီး နန်းစိုက်ခဲ့သော နန်းစံရာနေပြည်တော်ဖြစ်ကြောင်း၊ ပဲခူးမြို့နေပြည်သူများ ဂုဏ်ယူဝင့်ကြွားစေရန်နှင့် မိမိတို့မြို့အား ဖွံ့ဖြိုးတိုးတက်သာယာလှပအောင် စောင့်ရှောက်ထိန်းသိမ်းကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက် ဘုရင့်နောင်ရုပ်ထုနှင့်ရင်ပြင်ပန်းခြံအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်းနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူးဗိုလ်မှူးကြီးဆန်းညွန့်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ကဗျည်းမော်ကွန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ ကဗျည်းမော်ကွန်းအားဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရင့်နောင်ရုပ်ထုနှင့်ရင်ပြင်ပန်းခြံအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)

No comments:

Post a Comment