Tuesday, December 13, 2022

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်ခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်

 

ဟိုပုံး ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၁၂)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နောင်တောင်းပရဟိတ တပ်ဦးကျောင်းသို့ သွားရောက်ကာ နောင်တောင်းကျောင်း ဆရာတော် ဦးရာဇိန္ဒသီရိအား ဖူးမျှော်၍ ငါးပါးသီလဆောက်တည်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးပြီး နောင်တောင်းပရဟတိတ တပ်ဦးကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန်အိတ်(၅၀)အိတ်ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းပေးရာ ဂေါပကအဖွဲ့ဦးခွန်ကောင်းချစ်ထွန်းမှ လက်ခံရယူ၍ နောင်တောင်းပရဟိတ တပ်ဦးကျောင်းဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။





ဆက်လက်၍ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ဖွင့်လှစ်သောအခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နာယကဦးစီး၍ အဖွဲ့ဝင်(၁၉)ဦးနှင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ(၈)ခုဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ကော်မတီတစ်ခုဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အထောက်အပံ့ငွေနှင့် ရှမ်းပြည်နယ်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဦးဆောင်ကျင်းပပြီး နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းပြီး သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့် တစ်လကြာလေ့ကျင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကလေးအလုပ်သမားပပျောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဆောင်ရွက်ခြင်းဖြင့် MSME အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ခုနှစ် ၊ ဘဏ္ဍာရေးနှစ် Mini  Budget (၆)လတာ ကာလအတွင်း ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၄.၀၃၈)သန်းနှင့် သက်မွေးသင်တန်း(၆)မျိုးမှ သင်တန်းသား(၁၂၅)ဦးအား သက်မွေးဝမ်းကျောင်းပညာရပ်များကို သင်တန်းဖွင့်လှစ်သင်ကြားပေးပြီး အလုပ်အကိုင်များကို ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့သင်တန်းကို တက်ရောက်ခွင့်ရရှိကြသည့် လူငယ်များအနေဖြင့် ရှမ်းပြည်နယ်အစိုးရက ငွေကြေးအထောက်အပံ့ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးသည့် သက်မွေးသင်တန်းကို စိတ်ပါလက်ပါအားကြိုးမာန်တက် သင်တန်းတက်ရောက်ကြရမည်ဖြစ်ပြီး သင်ကြားပေးမည့် စာတွေ့လက်တွေ့သင်ခန်းစာများကို စိတ်ဝင်တစား အစွမ်းကုန်ကြိုးစားလေ့လာအားထုတ်ကြရန် ပြောကြားသည်။

ထို့နောက် သင်တန်းဆရာများနှင့် သင်တန်းသားများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားသောက်စရိတ် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က သင်တန်းသုံး အထောက်အကူပစ္စည်းများ ပေးအပ်ရာ သင်တန်းဆရာတစ်ဦးမှ လက်ခံရယူသည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment