ဘကြီးကောင်း
မောင်မြင့်အေးရေ . . .
လောကီကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ နယ်ပယ်မှာပဲဖြစ်ဖြစ်အတွေးမှား၊ အယူမှားတွေ ဖြစ်တည်လာပြီဆိုမှဖြင့် လောကသားတွေအဖို့ ပစ္စုပ္ပန်၊သံသရာနှစ်ရပ်စလုံး အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်စီး ကုန်တော့တာပါပဲ။
အတွေးမှား၊ အယူမှားမှုတွေနဲ့ ပတ်သက်ပြီး သီတဂူဆရာတော်ကြီးက
“မိစ္ဆသင်္ကပ္ပ ဂေါစရာ - မှားယွင်းတဲ့အကြံ အစည်လျှင် ကျက်စားရာအာရုံရှိ၍ နေကြကုန် သော၊ ယေနရာ -အကြင်လူရော နတ်ပါသတ္တဝါတို့သည်၊ အသာရေစ -အနှစ်အဆိုင် အခိုင်အမာမရှိတဲ့တရား၌ လည်းပဲ၊သာရမတိနော- အနှစ်သာရရှိတယ်လို့ မှတ် ထင်ကြကုန်၏၊ သာရေစ-အနှစ်သာရရှိတဲ့ တရား၌ကား၊ အသာရဒဿိနော- အနှစ်သာရမရှိ ဘူးရယ်လို့ မှတ်ထင်ကြကုန်၏။
တေ - ထိုအနှစ်ကို အကာထင်၊ အကာကို အနှစ် လို့ ပြောင်းပြန်မြင်ကြတဲ့ပုဂ္ဂိုလ်အပေါင်း တို့သည်၊ မိစ္ဆာသင်္ကပ္ပ ဂေါစရာ - မှားယွင်းတဲ့အကြံအစည်လျှင် ကျက်စားရာ အာရုံရှိကြ ကုန်သည်ဖြစ်၍၊ သာရံ- တကယ့်အနှစ်စစ် အနှစ်မှန်ဆိုတဲ့တရားကို၊ နာဓိ ဂစ္ဆန္တိ - လက်ဆုပ်လက်ကိုင် ပိုင်ပိုင်မိမိမ ရရှိနိုင်ကြလေကုန်သတည်း။
မိစ္ဆာသင်္ကပ္ပ - အကြံမှားတာ၊ အတွေးမှားတာ၊ အတွေးမှား၊ အကြံမှားတာကိုမိစ္ဆာသင်္ကပ္ပလို့ခေါ်ပါ တယ်။အတွေးအကြံမှားသွားရင် အယူအဆပါ မှားသွားတတ်တယ်။ မှားယွင်းသွားတဲ့ အယူအဆ များကို မိစ္ဆာဒဿနလို့ခေါ်ရတယ်။
ဒါကြောင့်အတွေးအကြံမှားတဲ့ပုဂ္ဂိုလ်များဟာ အယူအဆပါမှားတတ်တယ်။အယူဝါဒပါမှားသွားတတ်တယ်။ စာလိုပြောရင် မိစ္ဆာသင်္ကပ္ပကြောင့် မိစ္ဆာဒဿနဖြစ်တတ်တယ်လို့သဘောကျပြီးတော့ ထားပါ” စသည်ဖြင့် “ဘဝတန်ဖိုး” ဆိုတဲ့ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် များက ဟောကြားတော်မူခဲ့ပါ တယ်။ တရားနာပ ရိသတ် တွေ နှစ်သက်သဘော ကျလွန်းလို့ဒီတရားတော်ကိုစာအုပ်အဖြစ် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရပါတယ်။
အကျိုးစီးပွားတွေဆုတ်ယုတ်
မှန်ပါတယ်။ လူ့ဘုံလောကမှာ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဒဿနဆိုတဲ့အတွေးမှား၊ အကြံမှား၊ အယူ အဆမှားတွေ ကြောင့် အနှစ်ကို အကာထင်၊ အကာ ကို အနှစ်လို့ ပြောင်းပြန်မြင်ပြီး ပစ္စုပ္ပန်၊သံသရာ နှစ်ရပ်စလုံး အကျိုးစီးပွားတွေဆုတ်ယုတ်ပျက်စီး သွားကုန်ခဲ့ကြတဲ့ သာဓကတွေကလည်းအများ အပြားပါပဲ။
လွန်ခဲ့တဲ့ ၁၆ ရာစု၊ ၁၇ ရာစုဝန်းကျင်က အိန္ဒိယ ပြည် ဆောဂါးကျွန်းမှာ လူအများဟာ နတ်ကွန်းရှေ့ မှာဆိုင်းသံဗုံသံတွေနဲ့အတူဘုရားအာရုံယူပြီး ပင်လယ်ထဲကို အစုလိုက်၊ အပြုံလိုက်ခုန်ချကာ ငမန်းအစားခံကြသတဲ့။ ငမန်းတွေက မစားနိုင်တော့လို့ နှုတ်သီးနဲ့ ထိုးလွှတ်တဲ့အခါဘုရားသခင်က ငါ့ကိုခေါ်တော်မ မူဆိုပြီး ဝမ်းနည်းပက်လက် ငိုကြွေး ကြသတဲ့။
တစ်ခါ ဩရိဿနယ်မှာလည်း အိမ်လောက်မက ကြီးမားတဲ့“ဂျဂါနာ့သ်”နတ်ကွန်းယာဉ်ကြီးကို လူပေါင်းရာချီ တွန်းဆွဲလာစဉ် ဘီးရှေ့မှာအလျား မှောက်အသေခံခြင်း၊ သံဆူးချိတ်ကြီး များနဲ့ လည်ပတ်လျက်ရှိတဲ့ ဘီးကြီးကို ကျောနဲ့ပြေးကပ် အစူးခံပြီး သွေးသံရဲရဲနဲ့ချာလပတ်ရမ်းလည်ကျအောင် အသေခံခြင်းဖြင့် ဘုရားသခင် ထံသွားသူများ အကြောင်းကို ပေါ်တူဂီဘုန်းကြီးဆီဘာရှိုမန်ရစ်ဆို သူက ရေးခဲ့ဖူးတယ်။
အိန္ဒိယပြည် ကောသမ္ဗီနယ်မှာလည်း ၁၇ ရာစု ကကောင်းကင်ဘုံ(ထာဝရ၊ ဗြဟ္မာ့ပြည်) သို့ တက်သော သစ်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးသတဲ့။ လူအများဟာ Tree of Death ဆိုတဲ့ သေမင်းတမန် သစ်ပင်ကြီးပေါ်ကို ကြိတ်ကြိတ်တိုးမျှ တက်ကြပြီး ခုန်ချကြသတဲ့။ကောင်းကင် ဘုံသွားသူတို့ရဲ့ အရိုး တွေ သစ်ပင်ကြီး အောက်မှာစုပုံနေကြောင်း တရုတ် ရဟန်းတော်ဟီယွန်ဆင်က ကိုယ်တွေ့မျက်မြင် ရေးသားခဲ့ပါတယ်။
အလွန်ကြောက်မက်ဖွယ်ကောင်း
မှားယွင်းတဲ့အတွေးအခေါ်၊ အယူအဆတွေက အလွန်ကြောက်မက်ဖွယ်ကောင်းလှပါ တယ်။ အသိဉာဏ်ပညာ အတွေးအခေါ် အယူအဆတွေ၊ ယဉ်ကျေးမှုတွေ တိုးတက်လာ ပြီဆိုတဲ့ ဒီဘက်ခေတ် ကာလတွေမှာ လည်းဒါမျိုးကိစ္စတွေက ရှိနေဆဲ၊ ဖြစ်ပျက်နေဆဲပါ။
၁၉၇၈ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ကဂျင်မ်ဂျုံး ဂိုဏ်း ဝင်ပေါင်း ၉၀၀ ခန့်ဟာ တစ်ပြိုင်နက် အဆိပ်သောက် သေကြသတဲ့။သူတို့ကကမ္ဘာကြီးပျက်တော့မယ် ဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားကြသူတွေပါ။
၁၉၈၅ ခုနှစ်ကလည်း ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တောင်ပေါ်ကျေးရွာမှာဒေသခံမျိုးစု အကြီးအကဲ တစ်ဦးက ဘုရားသခင်ကိုတွေ့မြင်ရမယ်ဆိုတဲ့ အာမခံချက်အရတိုင်းရင်းသား လူမျိုးစုထဲက လူ ၇၀ခန့်ဟာ အစုလိုက် အပြုံလိုက်သေပွဲဝင်ခဲ့ကြတယ်။
သေပွဲဝင်ကြသူများဟာ ဒါဗိုပြည်နယ်ရှိ တောတောင်များမှာနေထိုင်ကြတဲ့ အာတာလူမျိုး စုအဖွဲ့ဝင် များဖြစ်ကြပါတယ်။ ဘုရားသခင်နဲ့ တွေ့ကို တွေ့ရမယ်ဆိုတဲ့ အာမခံချက်နဲ့ လူမျိုးစုခေါင်းဆောင် နဲ့ဘာသာရေး အကြီးအကဲဖြစ်သူက ပိုးသတ် ဆေးခတ်ထားတဲ့ ယာဂုကိုတိုက်ကျွေးရာမှ အဲဒီလို အစုလိုက်အပြုံလိုက် အတုံးအရုံးသေဆုံးခဲ့ကြခြင်း ဖြစ်ပါတယ်။ လူမျိုးစုအကြီးအကဲလည်း သေပွဲဝင်သူ များထဲမှာ တစ်ဦးအပါ အဝင်ဖြစ်ခဲ့ပါတယ်။
မနီလာမြို့အရှေ့တောင်ဘက်မိုင်၆၀၀ခန့် အကွာ ဒါဗိုပြည်နယ်ရှိ အခင်းဖြစ်ပွားရာဝုမီတန် ကျေးရွာဟာ တော အထပ်ထပ်၊ တောင်အထပ်ထပ်နဲ့ လမ်းပန်းဆက်သွယ်မှုခက်ခဲတာ ကြောင့်မသေဘဲ ကျန်ရှိနေတဲ့ လူအချို့ကို ဆေးကုသရေးအဖွဲ့က တပ်မတော်ရ ဟတ်ယာဉ်တွေနဲ့ သွားရောက်ကုသ ပေးခဲ့ရပါတယ်။
၁၉၉၅ ခုနှစ်ကလည်း ဂျပန်နိုင်ငံမှာ ဘာသာရေး အစွန်းရောက်သူတို့ရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူအချို့ အတုံးအရုံး သေဆုံးခဲ့ကြရပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အစွန်းရောက် သူတွေဟာသူတို့ ကိုယ်တိုင်ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာမျိုး မဟုတ်ဘဲ တိုကျိုမြေအောက်ရထားမှာ Sarin Gas အဆိပ်ငွေ့တွေကိုထီးအချွန်နဲ့ထိုးဖောက်ခွဲခဲ့လို့ အပြစ်မဲ့ပြည်သူအချို့ အဆိပ်သင့်သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
မြန်မာတွေကတော့ အဆိုပါ ဘာသာရေး အစွန်း ရောက်ဂိုဏ်းကို ဥုံဂိုဏ်းလို့ ခေါ်ခဲ့ကြပါတယ်။ အပြည်အစုံကတော့ Aum Shinrikyo (ဥုံရှရိန်ကျို)ဂိုဏ်းလို့ခေါ်ပြီး အဖွဲ့ခေါင်းဆောင်က ရှိုလိုအာဆာ ဟာရာဆိုသူဖြစ်ပါတယ်။ သူ့အယူဝါဒကလည်း အမေရိကန်က ဂျင်မ်ဂျုံးဂိုဏ်းလိုပဲ ကမ္ဘာကြီးပျက် တော့မယ် ပေါ့။ ကမ္ဘာကြီးပျက်ရင် သူတို့ ဥုံဂိုဏ်းဝင် လူကောင်းတွေပဲ ရှင်သန်ကျန်ရစ်မယ်ပေါ့။
မောင်မြင့်အေးရေ ...
မြတ်ဗုဒ္ဓနဲ့ မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို နှစ်နှစ်ကာကာ ကိုးကွယ်ယုံကြည်ကြတဲ့တို့ဗုဒ္ဓ ဘာသာဝင်တွေ အဖို့ကတော့ကံကောင်းတယ်လို့ ဆိုရမယ်။အမျိုးမျိုး အဖုံဖုံသောအယူအစွဲတွေနဲ့ ပတ်သက်ပြီး မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့ တဲ့ဗြဟ္မဇာလသုတ်နဲ့ကာလာမသုတ်တွေကို သံဃာတော်အရှင်သူ မြတ်များ ကျေးဇူးကြောင့် နာယူခွင့်ရခဲ့ကြတယ်။
ဗြဟ္မဇာလသုတ်မှာ “အကျယ်အားဖြင့် ၆၂ ပါး တိတိရှိတဲ့ မိစ္ဆာဒိဋ္ဌိတို့ကိုတစ်ပြုံလုံးအမြစ်ပြုတ် အောင်ပယ် သတ်နိုင်သောတရားကားဟုတ်တိုင်း မှန်စွာ သိမြင်နိုင်သော သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်တယ်။
အမျိုးမျိုးအဖုံဖုံယူကြစွဲကြလေသမျှဟာ အတ္တဟူသော အယူအစွဲအပေါ်မှာ အခြေခံသည် ချည်းဖြစ် တယ်။သည်မိစ္ဆာဒိဋ္ဌိဟာ ‘ငါ’ ဟူ၍ လည်းကောင်း၊ ‘ငါ့ဟာ’ဟူ၍ လည်းကောင်း တွေးကြံ ဖန်တီး တတ်တယ်။ ဆရာကောင်းထံ နည်းမခံခြင်း၊ အလွဲအမှား တရားကြား နာမှတ်သားရခြင်းစတဲ့ အကြောင်းတရား များကြောင့်သာ ဖြစ်ပေါ်လာရ၏” စသည်ဖြင့် နာယူမှတ်သားရပါတယ်။
ကာလာမ(သို့မဟုတ်) ကေသမုတ္တိသုတ်မှာ လည်း မြတ်စွာဘုရားရှင်က ကာလာမ အမျိုးသား တွေကို အမှန်တရားကိုရှာဖွေတဲ့အခါမှာတစ်ဆင့် ကြားစကားနဲ့လည်း မရှာနဲ့။ရှေးဘိုး ဘွားဘီဘင် လက်ထက်ကတည်းကလုပ်လာတဲ့ Tradition ဆိုတဲ့ အစဉ်အလာနဲ့လည်းမရှာနဲ့။လူပြောသူပြော ဒီလိုတဲ့ဆိုတာ နဲ့လည်း မဆုံးဖြတ်နဲ့။ စာထဲမှာပါ တယ်ဆိုတာနဲ့ လည်းမရှာနဲ့၊ မဆုံးဖြတ်နဲ့။ အကြောင်းအကျိုးဆီ လျော်အောင်တွေးတော ဆင်ခြင်မှု ဆိုတဲ့ တက္ကဗေဒ Logic နည်းနဲ့လည်း မဆုံးဖြတ်နဲ့။အနုမာန အတွေးအခေါ်မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။ ကြောင်းကျိုးဆင်ခြင်တဲ့ နည်းနဲ့လည်း မဆုံးဖြတ်နဲ့။ငါ့အယူ ဝါဒနဲ့ ကိုက်ညီ တယ်ဆိုတာနဲ့ လည်းမဆုံးဖြတ်နဲ့။ဖြစ်နိုင်တယ်ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။တို့ဆရာ ပြောတဲ့စကား ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ ဆုံးဖြတ် ပါလို့ ဟောဖော်ညွှန်ပြဆိုဆုံးမခဲ့ပါတယ်။
စိတ်ဝင်စားစရာ
ကာလာမသုတ္တန်စတင်ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းရင်းကလည်း စိတ်ဝင်စားစရာ ကောင်းသလို နှောင်းလူတို့အတွက်လည်း အကျိုးရှိပါတယ်။ ကေသမုတ္တမှာနေတဲ့ ကာလာမ အမျိုးသား တွေဟာ မြတ်စွာ ဘုရားရှင်နဲ့ တွေ့တဲ့အခါမှာ “အရှင်ဘုရား၊တပည့်တော်တို့ကေသမုတ္တမှာ သမဏ၊ ဗြဟ္မဏတွေ ရောက်ရောက်လာကြတယ် ဘုရား။ လာသမျှ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒကောင်း ကြောင်းပြောပြီး သူများဝါဒကိုရှုတ်ချပြီးပြောဆို သွားကြ တာချည်းပဲ။နောက်တစ်စုကလာပြန်လည်း ဒီလိုပဲ။ကိုယ့်ဝါဒ အကောင်းပြော ကိုယ့်ဟာ အမှန် ပြောပြီး သူများဝါဒကိုရှုတ်ချပစ်ပယ်ပြီး သွားကြတယ်။ အဲဒီတော့ ဘယ်သူမှားလို့ ဘယ်သူမှန် တယ်ဆိုတာ တပည့်တော်တို့မဝေခွဲနိုင်ဘူး ဘုရား”လို့ လျှောက်တင်ကြရာက အစပြုဖြစ် ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
မောင်မြင့်အေးရေ ...
တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအနေနဲ့ လည်း လောကီ၊ လောကုတ္တရာအရေးကိစ္စတွေမှာ အတွေးမှား၊အယူမှားတွေ၊ ဝေခွဲမရ သံသယတွေ ကင်းစင်လွင့်ပျောက်ဖို့ဆိုရင်ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူခဲ့တဲ့ကာလာမသုတ် အနှစ်ချုပ် တရားတော်လာ ဆုံးမဩဝါဒအတိုင်း မိမိတို့ဘဝမှာ တကယ်ဆင်ခြင် စဉ်းစားရမှာကအပြစ်ရှိတဲ့အရာ လားအပြစ်မရှိတဲ့ အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေကဲ့ရဲ့တဲ့အရာလားချီးမွမ်း တဲ့အရာလား၊လက်တွေ့ကျင့် သုံးလို့ရှိရင် ကောင်းကျိုးချမ်း သာကို ပေးတတ်သလား၊ ဆင်းရဲ ဒုက္ခကို ပေးတတ်သ လားဆိုတာတွေကို ဒီအတိုင်း အတာတွေနဲ့ ဆင်ခြင်သုံးသပ်ပြီးကိုယ်ပိုင်ဉာဏ် ဖြင့် ဆုံးဖြတ် ကာ လက်တွေ့လိုက်နာကျင့် သုံးကြရမှာ ဖြစ်ပါတယ်။
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိပါစေ။ ။
No comments:
Post a Comment