နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်တွင်းအထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်း၌ ရက်လုပ်သော အဝတ်အထည်များ အရည်အသွေးတိုးတက်စေရန်၊ အထည်အလိပ်လုပ်ငန်းများအတွက် လိုအပ်သော ချည်မျှင်များ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်တို့အတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) သို့သွားရောက်၍ အဆင့်မြင့်ချည်မျှင်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်အဝေးခန်းမ၌ ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့မှ အဆင့်မြင့် ချည်မျှင်များ ထုတ်လုပ်နိုင်ရေးအတွက် စက်စ္စည်းများ ပြုပြင်ဆောင်ရွက်မှု၊ လိုအပ်သောစက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းဆောင်ရွက်ခဲ့မှု၊ အဆင့်မြင့်ချည်မျှင်များ ထုတ်လုပ်နိုင်ရေးအတွက် ဝါကုန်ကြမ်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူရေးလုပ်ငန်းစဉ်များ အတိုင်းဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိ၍ ပြည်တွင်းအထည် ရက်လုပ်သည့် လုပ်ငန်းရှင်များအတွက် လိုအပ်သော ချည်မျှင်များကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမည်ဆိုသည့်အတိုင်း ကုန်ကြမ်းဝါများကို သတ်မှတ်အရည်အသွေးများအတိုင်း ပြည့်မီစေရေး စိစစ်ရွေးချယ် ဝယ်ယူရန်၊ စက်ပစ္စည်းများကိုလည်း ကောင်းမွန်အောင်ပြုပြင်ထားရန်နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းကို ကြိုတင်ဖြည့်ဆည်းထားရန်၊ အဆင့်မြင့်ချည်မျှင်များထုတ်လုပ်ရာတွင် သတ်မှတ်ထားသည့် ချည်မျှင်၏ ခိုင်အား၊ ချည်လုံး ညီညာမှုရှိစေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တလျှောက်၌ အရည်အသွေးစစ်ဆေးရေး လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရန်၊ အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ထားနိုင်ရေး စီမံဆောင်ရွက်ရန်၊ ထုတ်လုပ်မှုစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည့် စီမံချက်များကိုလည်း ကြိုတင်ရေးဆွဲဆောင်ရွက်ထားရန် မှာကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့် စက်မှုဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြအဖွဲ့ကို တွေ့ဆုံ၍ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားသည် ကြုံတောင့်ကြုံခဲ အခမ်းအနားဖြစ်၍ ပါဝင်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် ညီညာစွာဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှားအယွင်းမရှိအောင် ကြိုးစားဆောင်ရွက်၍ စက်မှုဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်ကြရန် မှာကြားပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ချီတက်ဂုဏ်ပြုမည့် ဝန်ထမ်းများကို ထောက်ပံ့ငွေ များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment