ပွင့်လင်းခြောက်သွေ့အေးမြသည့်ရာသီသည် ပုံမှန်အားဖြင့် ခရီးသွားရာသီပင်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့မှုက မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါ ကို ထိန်းချုပ်နိုင်မှုနှင့်အတူ ပြည်သူလူထုအတွင်း ပြည်တွင်း ခရီးစဉ်များကို ကျောင်းပိတ်၊ ရုံးပိတ်ရက်များအတွင်း သွားလာနိုင်ကြရန် စိတ်အားထက်သန် လျက်ရှိကြသည်။
မိမိတို့နိုင်ငံ၏
ပထဝီအနေအထား ထူးခြားချက်ကြောင့် ဒေသအလိုက်သဘာဝအလှအပများ တစ်မူစီကွဲပြားကာ လှပကြသည်။
ထို့အပြင် ထူးခြားသည့် ဝိသေသများကြောင့် ထင်ရှား ကျော်ကြားသည့် မြို့ရွာဒေသများလည်း
ရှိနေကြရာ (ဥပမာ-ထင်းရှူးမြို့တော်၊ ပန်းမြို့တော်၊ ဆံရစ်ဝိုင်းတို့ရွာ အစရှိသည်ဖြင့်)
ခရီးသွားပြည်သူတို့၏အကြားတွင် ရေပန်းစားကြသည်ကို တွေ့ရသည်။ ဒေသများ၏ ထူးခြားသည့်ဝိသေသများမှာ
မူလရှိပြီး ရေမြေသဘာဝများနှင့် ဒေသခံပြည်သူတို့၏ ပြုပြင်ဖန်တီးမှုများ၊ ဓလေ့စရိုက်များမှ
ပေါ်ပေါက်လာရခြင်းဖြစ်သည့် အတွက် ဒေသတစ်ခု၏ အထိမ်းအမှတ်ဖြစ်သည်။ ကုန်ပစ္စည်းတစ်ခုအနေဖြင့်ဆိုရလျှင်
ကုန်အမှတ်တံဆိပ်တစ်ခုပင် ဖြစ်သည်။ ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်တစ်ခု “ပေါက်” သွားပြီဆိုပါက နှစ်ပေါင်းများစွာ၊ အချို့ကုန်အမှတ်တံဆိပ်များဆိုလျှင်
နှစ်ပေါင်းရာနှင့်ချီ၍ အကျိုးဖြစ်ထွန်းကြသည်ကို နမူနာယူကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၄ ရက်က ကချင်ပြည်နယ်
ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ
ဆွေးနွေး ပြောကြားရာတွင် “ပူတာအိုဒေသသည်
ထူးခြားသည့် ဝိသေသရှိသည့် ဒေသတစ်ခုဖြစ်ပြီး အေးမြသည့်ရာသီဥတုရှိကာ သဘာဝအလှတရားများဖြင့်
ပြည့်စုံနေသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသကို ခရီးသွားဒေသအဖြစ်ဆောင်ရွက်၍
ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်ကြောင်း၊ ဒေသ၏ ထူးခြားမှုအဖြစ် ခရီးသွားများကို
ဆွဲဆောင်နိုင်သည့် ကျောက်လုံးများကိုစီ၍ ကာရံထားသည့် ကျောက်စီခြံစည်းရိုးများလည်း ရှိကြောင်း၊
အဆိုပါ ကျောက်လုံးစီခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်း သတ်မှတ်ချက်များချမှတ်ကာ
စနစ်တကျ လှပသပ်ရပ်စွာဖြင့် ထူးခြားသည့် မြင်ကွင်း တစ်ခုအဖြစ်ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ်
ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ကြောင်း” ဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်။
ဒေသအလိုက်
ထူးခြားထင်ရှားသည့်ဝိသေသ (Land
Mark) များက ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်ချင်အောင် ဆွဲဆောင်နိုင်ကြသည့်
အမှတ်တံဆိပ်များပင် ဖြစ်ကြသည်။ မိမိတို့နေထိုင်ရာဒေသ၏ ထူးခြားသည့်ဝိသေသများကို ဖော်ဆောင်နိုင်သူများမှာ
ဒေသခံ ပြည်သူများပင်ဖြစ်သည်။ မိမိတို့ဒေသ၏ စားကောင်းသောက်ဖွယ်များ၊ ဒေသထွက်ကုန်များ၊
သဘာဝအလှအပများ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ဒေသ၏ဝိသေသများကို ဒေသခံပြည်သူတို့၏
ရင်းနှီးဖော်ရွေမှုများနှင့် ပေါင်းစပ်ကာ မြန်မာနိုင်ငံ ပြည်တွင်းဒေသ အနှံ့အပြားတို့တွင်
ခရီးစဉ်ဒေသပေါင်းများစွာ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။
No comments:
Post a Comment