ကိုရင်အောင်မိုး(MOALI)
ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ်သည် ဧရာဝတီမြစ်၏ ထင်ရှားသော မြစ်လက်တက် တစ်ခုဖြစ်သည်။ ၁၃၁ မိုင်ခန့် ရှည်လျားပြီး ရှမ်းပြည်မြောက်ပိုင်း သိန္နီအရှေ့ဘက်၂၅ မိုင်အကွာ သံလွင်မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံ၍ သီပေါမှ တောင်ဘက်သို့ ဖြတ်ကျော်စီးဆင်းသွားသည်။ သီပေါနှင့် ရပ်စောက်နယ်တို့ကို နယ်နိမိတ်ပိုင်းခြားသတ်မှတ် စီးဆင်းလာသော ဒုဋ္ဌဝတီမြစ်သည် မန္တလေးနှင့် ကျောက်ဆည်ခရိုင်တို့ကိုလည်း နယ်နိမိတ်ပိုင်းခြား စီးဆင်းပြန်ကာ နောက်ဆုံးတွင် မန္တလေးမြို့၏တောင်ဘက် ၁၂ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နှင့် မျက်နှာချင်းဆိုင်နေရာ အင်းဝမြို့ အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ရန်ကုန် – မန္တလေး မီးရထားလမ်းသည် ဧရာဝတီမြစ်အတွင်းသို့ မြစ်ငယ်မြစ်စီးဝင်သည့် နေရာအနီးတွင် ဖြတ်ကျော်သွားသည်။
လျှပ်စစ် ဓာတ်အားထုတ်လုပ်
သိန္နီနယ်တွင် ဖြတ်သန်းလာသော မြစ်အထက်ပိုင်းကို နမ္မတူမြစ်ဟုခေါ်၍
သီပေါနယ်တွင် ဖြတ်သန်းနေသော မြစ်အလယ်ပိုင်းကို ဒုဋ္ဌဝတီ (တုဋ္ဌဝတီ)ဟု ခေါ်ပြီးလျှင်
အောက်ပိုင်းကို မြစ်ငယ်မြစ်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ အထက်ပိုင်းတွင် မြစ်ကျဉ်းများ၊
ကျောက်ဆောင်များ ပေါများသောကြောင့် ကူးသန်းသွားလာမှု မရှိသော်လည်း မြစ်အောက်ပိုင်းတွင်
လှေငယ်များ သွားလာမှုရှိသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှာ မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်၍
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရေလှောင်တမံမှရေကို ထိန်းညှိထုတ်လွှတ်ပေးနေခြင်းကြောင့်
တစ်နှစ်ပတ်လုံး ရေစီးဆင်းလျက်ရှိနေသည်။
မိုးကိုမျှော်၍ ရသလောက် သီးနှံလေးဖြင့် ဝမ်းရေးကိုဖြေရှင်းနေကြရသော
ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ်ဝန်းကျင်ရှိ ပြည်သူများမှာ မြစ်ရေကို အသုံးချနိုင်ရန်
ကြိုးပမ်းခဲ့ကြသော်လည်း မြစ်ရေအတက်အကျ ကွာခြားချက်၂၅ ပေခန့်ရှိပြီး မြစ်ကမ်းပါး မတ်စောက်သဖြင့်
ရေတင်စက်သုံးဆီ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက်ခြေကိုက်မှု မရှိခြင်းကြောင့် တောင်သူတစ်ဦးချင်းက
ရေတင်စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပေ။
လျှပ်စစ်မြစ်ရေတင်
၁၃ ခု
သို့ဖြစ်ရာဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်ရေး၊
ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် တစ်နှစ်ပတ်လုံး ရေအရင်းအမြစ်
သေချာမှုရှိပြီး ကမ်းပါးများခိုင်မာသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ်တစ်လျှောက်တွင်
လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို နိုင်ငံတော်က စီမံဆောင်ရွက်ပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး
မန္တလေးခရိုင် အမရပူရမြို့နယ်တွင် ရေကြည်ပေါက်၊ စားတော်၊ လိပ်ဆံခွန်၊ ဗနောစသည့် လျှပ်စစ်
မြစ်ရေတင် လေးခု၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် အိုးထိန်းတောင်၊ ရွာသာယာ၊
မြောက်ကိုင်း၊ စိတ္တရ၊ အဲ့ဗျ၊ သာယာကျွန်း၊ ရွှေလှံဗိုလ်၊ ထီးတော်မိုး၊ ရွာဘို စသည့်
လျှပ်စစ်မြစ်ရေတင် ကိုးခု စုစုပေါင်း လျှပ်စစ်မြစ်ရေတင် ၁၃ ခုတို့မှ စိုက်ပျိုးမြေဧရိယာ
ဧက ၈၅၀၀ ခန့်ကို အကျိုးပြုနိုင်ခဲ့သဖြင့် ရေသွင်းစိုက်ပျိုးနိုင်သည့် သီးထပ်ဧရိယာများ
တစ်ကွင်းတစ်စပ်တည်း ပေါ်ထွန်းလာခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစတင်၍ ရွာဘို လျှပ်စစ်ရေတင်လုပ်ငန်း အကျိုးပြုဧက
၁၀၀၀ မှ ဧက ၂၅၀၀ အထိ စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရန် ရွာဘို(တိုးချဲ့)ရေတင်ကို လည်းကောင်း၊
ဆောက်အင်း ကျေးရွာအနီးတွင် ဧက ၁၀၀၀ အကျိုးပြုနိုင်မည့် ဆောက်အင်းဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို
လည်းကောင်း၊ ဧက ၅၀၀ အကျိုးပြုနိုင်မည့် ကျွန်းဦးမြစ်ရေတင်လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန်
မြေပြင်တိုင်းတာ ပုံထုတ်ခြင်းနှင့် ဒီဇိုင်းပုံစံ ရေးဆွဲခြင်းလုပ်ငန်းများကိုလည်းကောင်း
ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများ အားလုံးပြီးစီးပါက ဒုဋ္ဌဝတီမြစ်ခေါ်
မြစ်ငယ်မြစ် တစ်လျှောက်၏ ရေတင်စိုက်ပျိုးဧရိယာမှာ စုစုပေါင်း ဧက ၁၁၅၀၀ ခန့် ရှိလာမည်ဖြစ်သည်။
တွဲဖက်အသုံးပြုနိုင်ရန်
စဉ့်ကိုင်မြို့နယ် ရွှေလှံဗိုလ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့်
ရွာဘို လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၌ ရေရှည်တွင် ရေတင်စရိတ်သက်သာစေမည့် နေရောင်ခြည်စွမ်းအင်သုံး
ဆိုလာစနစ် တွဲဖက်အသုံးပြုနိုင်ရန် တပ်ဆင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကျန်ရှိနေသေးသည့်
လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများတွင်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်စွမ်းအင်သုံး
ဆိုလာစနစ် တွဲဖက်အသုံးပြုနိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။ အလားတူ ရေသုံးစွဲရာတွင်လည်း
စနစ်တကျဖြစ်စေရန် ရေသုံးစွဲသူများအသင်း (WUA)၊ ရေသုံးစွဲသူများအဖွဲ့ (WUG)များ ဖွဲ့စည်း၍
ဘက်စုံရေသယံဇာတ စီမံခန့်ခွဲမှုစနစ် (Integrated Water Management System) ကိုစတင် မိတ်ဆက်ဆောင်ရွက်နေပြီး
စနစ်ကျလယ်ယာမြေများ ဖော်ထုတ်အသုံးပြုနိုင်ရေးနှင့် လယ်ယာသုံး စက်ကိရိယာများ တိုးတက်အသုံးပြုနိုင်ရေး၊
ဒေသနှင့်ကိုက်ညီမည့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးတို့ကိုလည်း
သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ တစ်နှစ်ပတ်လုံး
မိုးရေချိန်၂၇ လက်မသာ ရွာသွန်းပြီး ဆည်တမံတည်ဆောက်၍ ဖမ်းယူသိုလှောင်ရလောက်သည့် ရေပမာဏမရှိသည့်
ကုန်းမြင့်လယ်ယာမြေများတွင် ယခင်က ယာသီးနှံတစ်မျိုးသာ စိုက်ပျိုးနိုင်ခဲ့ကြသော်လည်း
လျှပ်စစ်မြစ်ရေတင် စီမံကိန်းများ ဆောင်ရွက်ပေးခဲ့သဖြင့် ယခုအခါ မိုးသီးနှံ၊ ဆောင်းသီးနှံနှင့်
နွေသီးနှံတို့ဖြင့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအားနှင့် သီးနှံထွက်နှုန်းများ
တိုးတက်လာတော့မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဒေသစိမ်းလန်းစိုပြည်ရေးအတွက် မြစ်ရေကိုအသုံးပြုနိုင်သဖြင့်
အမြဲတမ်းစိမ်းစိုနေခြင်း၊ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေသာမက သောက်သုံးရေအဖြစ်ပါ
အသုံးပြုနိုင်ခြင်း၊ ကျွဲ၊ နွားတို့ အပါအဝင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ခြင်း၊
ကုန်ထုတ်လမ်းများအား ကျေးရွာချင်းဆက်လမ်းအဖြစ် အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
တိုးတက်လာသဖြင့် ဒေသနေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများ ပိုမိုကောင်းမွန်လာစေခြင်းအပြင်
အပူပိုင်းဒေသရှိ ဘက်စုံရေသယံဇာတ ဖွံ့ဖြိုးမှုကိုပါ အကျိုးပြုစေလျက်ရှိကြောင်း ဒုဋ္ဌဝတီ၏
မေတ္တာရေစင်အဖြစ် တင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment