Thursday, December 16, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ

 


ပဲခူး ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာလုံခြုံမှုရှိစေရေး လုပ်ဆောင်ပေးရာတွင် သက်ဆိုင်ရာ ဌာနများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့မှု အပေါ် ကျေးဇူးတင်ပါကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့မြို့ ရပ်ကွက်/ ကျေးရွာများ၏ လုံခြုံမှုရရှိရေးအတွက် အထူးဂရုစိုက်ရန်နှင့် လုံခြုံရေးအမြင်ရှိရန်လိုအပ်ပြီး သတင်းလက်ဦးမှု အမြဲရရှိနေရန် လိုအပ်ကြောင်း၊ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၆) အုပ်စုပေါင်း (၁၀၆)အုပ်စု ရှိရာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ အများနှင့် သက်ဆိုင်ပြီး လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပွင့်လင်းမြင်သာစွာ တင်ပြပေးရန် လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်းမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးရာတွင် ပဲခူးမြို့နယ်အနေဖြင့် လျာထားချက် ကျော်လွန်ပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့တာဝန်ယူစဉ်အတွင်း ပဲခူးမြို့ကြီးအား တိုင်းမြို့တော် အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ကြိုးစားဆောင်ရွက် လုပ်ဆောင်ပေးလျက်ရှိကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် အနေဖြင့် ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံလိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ဒေသလိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ စိုက်ပျိုး၊ မွေးမြူးရေး စသည့်ကဏ္ဍများကို တင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး လှမျိုးရွှေ၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ ပဲခူးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၁၀၆)အုပ်စုမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်

 

No comments:

Post a Comment