တောင်ကြီး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအား ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များနှင့် ပါဝင်လှူဒါန်းခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားသည့် ကာလအတွင်း လူအား၊ ငွေအားဖြင့် အဖက်ဖက်မှ တက်ကြွစွာ ပါဝင်ဆောင်ရွက် ကူညီပံ့ပိုးပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ဌာန၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနား ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဇွန်လ(၁)ရက် နေ့မှစတင်၍ ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ရာ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၅) ရက်နေ့အထိ ရောဂါပိုးကူးစက်သူ (၇၄၃၅၆)ဦးထိ ကူးစက် ပျံ့နှံ့ခဲ့ပြီး ရောဂါပိုး ပြန်လည်ကင်းစင်လာသူ (၆၆၄၄၁)ဦး၊ သေဆုံးသူ (၂၀၇၈)ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅၈၃၇)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင် ပထမအကြိမ်၌(၁၄၀၄၁၄၂)ဦး ထိုးနှံဆောင်ရွက် နိုင်ခဲ့ပြီး ဒုတိယအကြိမ်တွင် လူဦးရေ(၉၇၁၇၀၆)ဦး ထိုးနှံဆောင်ရွက်နိုင်ခဲ့သဖြင့် (၁၈) နှစ် အထက် ဆေးထိုးနှံရမည့် လူဦးရေ(၃၆၉၀၅၃၃)ဦးနှင့် (၁၂)နှစ်အထက် ကျောင်းသား (၁၃၀၃၅၆) ဦး၊ စုစုပေါင်း(၃၈၂၀၈၈၉)ဦး လျာထားမှုအပေါ်(၃၆.၇၀)ရာခိုင်နှုန်း ဆေးထိုးနှံ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များ၊ ဆေးရုံများနှင့် တိုက်နယ်ဆေးရုံ များသို့ ပြည်နယ် အစိုးရမှ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများဖြစ်သည့် PPE (၂၆၃၅)စုံ၊ Mask (၅၈၀၀၀၀)ခု၊ Oxygen Cylinder (၄၀) လီတာ (၇၀၀)အိုးနှင့် Flow Meter (၆၂၀)ခု၊ Oxygen Concentrator (၄၅၀)ခု၊ Handgel (၁၂၀၀)ဘူးနှင့် Test Kit (၃၇၂၀၀)ခုတို့ကို ထောက်ပံ့ ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ဟန့်တား ထိန်းချုပ်နိုင်ရေး အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြသည်ကိုလည်း ဂုဏ်ပြုမှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ပပျောက်သည်အထိ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပအိုဝ်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုတင်(၇၀၀) အမှတ်(၂) တပ်မတော်ဆေးရုံ၊ တောင်ကြီး ဆေးတက္ကသိုလ်၊ ငွေရည်ပုလဲကုမ္ပဏီလီမိတက်၊ အမှတ်(၂) စစ်မြေပြင်ဆေးရပ်တို့ကိုပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူ၍လည်းကောင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့အား ပေးအပ်၍လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းက စပ်စံထွန်းဆေးရုံ၊ ကုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် ပညာရေးမှူးရုံး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့အား ပေးအပ်၍ လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနတို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့၊ မေတ္တာရှင်နာရေးကူညီမှု အသင်း၊ ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက်တို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ် လမ်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်လမ်းဦးစီးဌာနတို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အမှတ်(၂၅) မိုးကုတ်ဝိပသာန ဓမ္မရိပ်သာတရားစင်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့၊ အေးသာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီတို့အား ပေးအပ်၍လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက အမျိုးသမီးနှင့်ကလေးဆေးရုံ၊ ကွန်ပျူတာ တက္ကသိုလ်(တောင်ကြီး)နှင့် တောင်ကြီးပညာရေး ကောလိပ်တို့အား ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးမှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment