ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်ပုံလို့ ဆိုစမှတ်ပြုရလောက်အောင် စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ရေစပါး၊ ကောက်ပဲသီးနှံတို့ဖူလုံပြည့်စုံခဲ့သလို ဆီစားသုံးမှုကလည်း များပြား ခဲ့ပါတယ်။ အသားငါးဟင်းဆိုရင် ဆီပြန်လေးမှ၊ အသီးအရွက်ကြော်ဆိုရင် ဆီလေးရွှဲမှ အရသာ ရှိတယ်လို့ ထင်ခဲ့ကြပါတယ်။ ကိုယ်တိုင်စိုက်ပျိုးကြိတ်ခွဲရတဲ့ ခေတ်အခါက ဆီစားသုံးမှုများပြား ခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေက မသိသာလှသော်လည်း ယနေ့ခေတ်ကာလလို ဈေးကွက် တွေမှာ ရောင်းချနေတဲ့ စားသုံးရန် မသင့်တဲ့၊ မမှန်ကန်တဲ့၊ ရောနှောထားတဲ့၊ အရောင် အနံ့တို့ ထည့်သွင်းပြုပြင်ထားတဲ့ ဆီတွေပေါများ လာချိန်မှာတော့ ဆီစားသုံးမှုများပြား လွန်ကဲခြင်းက ကျန်းမာရေးအတွက် ကြောက်ခမန်းလိလိ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့မြင်လာရ ပါတယ်။
သုံးမျိုးရှိ
စားသုံးဆီလို့ဆိုရာမှာ
အခြေခံအားဖြင့်ကျန်းမာ ရေးအရ သင့်တင့်စွာ စားသုံးနိုင်တဲ့ မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော့၍
စားသုံးသင့်တဲ့ ပြည့်ဝဆီ များနဲ့ လုံးဝမစားသုံးသင့်တဲ့ အသွင်ပြောင်းဆီများ
ဆိုပြီး သုံးမျိုးရှိပါတယ်။
မြေပဲဆီ၊
နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရတဲ့ အဆီ များက မပြည့်ဝဆီများဖြစ်ပြီး သင့်တင့်စွာစားသုံး
ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ သွေးတွင်းအဆီဓာတ် (HDL)ကို မြင့်တက်စေနိုင်ပြီး
မကောင်းတဲ့အဆီဓာတ်(LDL)ကို လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနဲ့ အမျိုးအစား(၂)
ဆီးချိုရောဂါ စတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေကို လျော့နည်းစေမှာ
ဖြစ်ပါတယ်။
စားအုန်းဆီ၊
ဒိန်ခဲနဲ့ အမဲသား၊ ဝက်သားစသဖြင့် တိရစ္ဆာန်မှရတဲ့ အဆီများကတော့ ပြည့်ဝဆီများ ဖြစ်ပြီး
လွန်ကဲစွာစားသုံးခြင်းကြောင့် သွေးတွင်း အဆီဓာတ် (LDL)ကို
လွန်ကဲစွာမြင့်တက်စေပြီး အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြော နံရံတွေမှာ အဆီများကပ်ခဲကာ
သွေးကြော များကျဉ်းလာပြီး နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်မှာ
ဖြစ်ပါတယ်။
အသွင်ပြောင်းဆီက
အစားအသောက်တွေ ပိုမို ကြာရှည်ခံပြီး အရသာရှိစေဖို့ ပုံမှန်အသုံးပြုတဲ့
ဆီမှာ ဟိုက်ဒရိုဂျင်ဓာတ် ထည့်ပေါင်းထားတဲ့ ဆီဖြစ်ပါတယ်။
အသင့်စား အစားအစာတွေဖြစ်တဲ့ အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ်မုန့်၊
ပေါင်မုန့်တို့မှာ ပါဝင်တဲ့ဆီတွေထဲမှာ အများစုက အသွင်ပြောင်းဆီတွေ
ဖြစ်ပါတယ်။ အသွင်ပြောင်းဆီကို စားသုံးတဲ့အခါ ပြည့်ဝဆီ စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ဆိုးကျိုးတွေအပြင်
သွေးတွင်းဆီ (Triglycerides) များကို ပိုမိုတက်စေ ခြင်း၊ ကောင်းမွန်တဲ့ သွေးတွင်းအဆီဓာတ်(HDL)ကို
ကျစေခြင်းနဲ့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေကို ထပ်တိုးပြီး ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့်
ပြည့်ဝဆီကို တတ်နိုင်သမျှ လျှော့စားပါ။မပြည့်ဝဆီ သင့်တင့်စွာစားပါ။ အသွင်ပြောင်း ဆီပါဝင်တဲ့
အစားအစာတွေစားသုံးမှုကို လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်၊
ဒါ့အပြင် မည်သည့် ဆီကိုမဆို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ် ရမှာဖြစ်ပါတယ်လို့
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ဆီကို
ဖောဖောသီသီထည့်လေ့ရှိ
ဆီစားသုံးမှုများပြားခြင်းကြောင့်
ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကြားသိလာ ရပြီး သက်ရှည်ကျန်းမာဖို့
စားသုံးဆီကို တတ်နိုင် သမျှလျှော့စားစို့ဆိုတဲ့ သတိပေးနှိုးဆော်မှုတွေကို တွေ့မြင်လာရတော့
မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့ ခေါ်တဲ့ဒေသမှာ မွေးဖွားကြီးပြင်းလာသူ၊
ဆီကြိုက် တဲ့ စာရေးသူရဲ့အဘွားကို သတိရမိပါတယ်။ အဘွား က ဟင်းလျာတွေကို စီမံချက်ပြုတ်ရာမှာ
ဆီကို ဖောဖောသီသီ ထည့်လေ့ရှိပါတယ်။ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း ရန်ကုန်ကို
ပြောင်းရွှေ့ လာရတော့ ကိုယ်တိုင်ကြိတ်ခွဲစားသုံးနေရာက ဈေးကွက်တွေထဲက ဝယ်ယူစားသုံးသူ
ဖြစ်လာ ခဲ့ရပါတယ်။
ဈေးကွက်တွေမှာ
တွေ့ရလေ့ရှိတဲ့ စားသုံးဆီ အမျိုးမျိုးထဲကမှ စစ်မှန်မယ်ထင်တာကို
အဘွား က ရွေးချယ်ဝယ်ယူလေ့ရှိပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပဲနံ့၊ နှမ်းနံ့ပါတဲ့
ဆီတွေကို ခံတွင်း မတွေ့လှသော်လည်း အဘွားရဲ့ ဆီစားသုံးမှုကတော့ လျော့ကျမသွားခဲ့ပါဘူး။
အသားငါးဟင်း မဆိုထားနဲ့၊ မျှစ်ကြော်မယ်ဆိုရင်တောင် အဘွားကမျှစ်က ဝါးကဖြစ်တာလေ။ ဘာအရသာ
ရှိတာမို့လို့လဲ၊ ဆီများမှ ကောင်းမှာပေါ့ စသဖြင့် ဟင်းလျာတွေမှာ ဆီများများထည့်ရခြင်းက
အဘွားမှာ အကြောင်းပြ ချက်မျိုးစုံရှိသလို ထည့်မြဲလည်း ထည့်လျက်ရှိပါတယ်။
အကျင့်ဆိုတာကလည်း
အရိုးစွဲလာတော့ ဖျောက်ဖျက်ဖို့ ခက်သားလား။ တစ်နေ့တစ်ရက်တည်း မဟုတ် အချိန်ကာလကြာမြင့်လာတော့
ဆီစားသုံးမှုများ ပြားခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ကျန်းမာရေးကို ခြိမ်းခြောက်လာပြီး
ချူချာလာပါတော့တယ်။ မောပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ တရားထူးရအောင် ကြိုးစားအားထုတ်ချင်တဲ့၊
သက်ရှည် ကျန်းမာစိတ်ချမ်းသာစွာနဲ့ ဘဝကို ဖြတ်သန်းလိုတဲ့ အဘွားဟာ အသက် ၅၀ ဝန်းကျင် မှာ
ရောဂါစုံလာခဲ့ပါတယ်။ အသည်းအဆီဖုံး ပါတယ်။ သွေးတိုးပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ
ခံစားလာရပါတယ်။
ဒီလိုဝေဒနာ
တွေကြောင့် ရန်ကုန်မြို့က နာမည် ကျော် ဆေးရုံ၊ ဆေးခန်းနဲ့ ကောင်းနိုးရာရာ သမား
တော်လည်း စုံသလောက်ဖြစ်ခဲ့ရပါတယ်။ ပိုးသာ ကုန်၍ မောင်ပုံစောင်းမတတ်ဆိုသလို
အချိန်၊ လူအား၊ ဥစ္စာတို့သာကုန်ပြီး သက်တမ်းစေ့မနေရဘဲ သူချစ်ခင်တဲ့ သားသမီးနဲ့
မြေးတွေကို စွန့်ခွာခဲ့ရ ပါတယ်။
လူတစ်ယောက်
အသက်ရှင်သန်ဖို့ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား
လေးပါးအပေါ်မှာ တည်မီနေပြီး ကံကြောင့်လည်း အသက်ရှင်သန်မှု ကုန်ဆုံးနိုင်သလို
စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားတွေကြောင့်လည်း အရွယ်မတိုင်ခင် ကြွေလွင့်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေကိုသာ
ရရှိစေမှာဖြစ်
အစာအာဟာရလို့ဆိုရာမှာ
မိမိတို့နေ့စဉ်သုံးစွဲ နေတဲ့ အစားအသောက်တွေမှာ အာဟာရဖြစ်စေတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသုံးခြင်း
သို့မဟုတ် အာဟာရချို့တဲ့စေတဲ့အထိ အနည်း ငယ်မျှသာ စားသုံးခြင်းက အာဟာရဆိုင်ရာ ဘေးထွက်
ဆိုးကျိုးရောဂါတွေကို ဖြစ်ပွား စေပါတယ်။ အချို့တွေက အလွန်အကျွံစားသုံးသလို၊ အချို့ကအနည်းငယ်မျှသာ
စားသုံးနေတာကို တွေ့မြင်နေ ရပြီး ဒီလိုစားသုံးမှုတွေက ကျန်းမာရေးကောင်းမွန်ဖို့
အထောက်အကူ မဖြစ်စေနိုင် သလိုဘေးထွက် ဆိုးကျိုးတွေကိုသာ ရရှိစေမှာ ဖြစ်ပါတယ်။
အာဟာရချို့တဲ့မှုက
လူနည်းစုသာ ဖြစ်လေ့ ဖြစ်ထရှိပြီး အစာအာဟာရ အလွန်အကျွံစားသုံးမှု၊ ကျန်းမာရေးနဲ့မညီတဲ့
စားသောက်နေထိုင်မှုပုံစံများ ကြောင့် မလိုလားအပ်တဲ့ ရောဂါတွေဖြစ်ပြီး လူမှုဘဝတွေမှာ
အတိဒုက္ခတွေ ရောက်ကြရပါတယ်။
အစားအစာတွေကို
စီမံချက်ပြုတ်ရာမှာ မပါမဖြစ်တဲ့ဆီကို စားသုံးသင့်တဲ့ ပမာဏထက်
ကျော်လွန် စားသုံးခြင်း၊ အရည်အသွေးမပြည့်မီတဲ့ ဆီတွေစားသုံးခြင်းတို့ကြောင့်
နှလုံးရောဂါ၊ နှလုံး သွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး
ရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီ ဖုံးခြင်း၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ
ဆိုးကျိုးများစွာကို ခံစားရစေနိုင်ပါတယ်။
ဒီလိုကျန်းမာရေး
ယိုယွင်းလာတာနဲ့အမျှ နေ့စဉ်ဆောင်ရွက်နေကျ လုပ်ငန်းဆောင်တာတွေ ကို လုပ်ဆောင်ဖို့
ပျက်ကွက်လာမှာ ဖြစ်ပါတယ်။ မိသားစုမှာ ဦးစီးဦးဆောင်ပြု စီးပွားရှာနေသူဖြစ်ရင်
မိသားစုစားဝတ်နေရေးအတွက် ငွေကြေးရှာဖွေ မပေးနိုင်တော့ရုံသာမက မိမိကိုပြုစုရတဲ့
ဝန်ထုပ် ဝန်ပိုး၊ ဆေးကုသစရိတ် ငွေကြေးကုန်ကျမှုတွေလည်း ရှိလာမှာဖြစ်တဲ့အတွက်
မိမိရဲ့မိသားစုမှာ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုတွေကို တွေ့ကြုံရမှာဖြစ်
ပါတယ်။
ဒီလိုဆိုးကျိုးတွေ၊
ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်တဲ့ အပြင် ပြည်တွင်းမှာ စားသုံးဆီမလုံလောက်မှု
ကြောင့် နိုင်ငံခြားမှ တင်သွင်းရတဲ့အတွက် နိုင်ငံ အတွက်လည်း နိုင်ငံခြားငွေအမြောက်အမြား
သုံးစွဲ နေရပါတယ်။
ဆီစားသုံးမှုက
လွန်စွာများပြားနေ
ပြီးခဲ့သည့်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ စားအုန်းဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ပြီး
အမေရိကန်ဒေါ်လာသန်း ၈၃၀ ကျော် တန်ဖိုးရှိပါတယ်။ လူတစ်ယောက်ကို ၆ ပိဿာနှုန်း စားမယ်ဆိုရင်
မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက်က တန်ချိန် ၅ သိန်းပဲရှိပါတယ်။ တကယ်လို့
၇ ပိဿာ နှုန်းနဲ့ စားမယ်ဆိုရင် ဆီလိုအပ်ချက်က ၅ ဒသမ ၈ သိန်းရှိမှာဖြစ်ပြီး ၈
ပိဿာနှုန်းနဲ့ စားမယ်ဆိုပါက ဆီလိုအပ်ချက် ၆ ဒသမ ၆ သိန်းရှိပါတယ်။ ယခု ၈
သိန်းကျော် သွင်းထားတဲ့အတွက် ဆီစားသုံးမှုက လွန်စွာများပြားနေတယ်လို့ အောက်တိုဘာ ၁၈
ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင်
မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊
ပဲပုပ်၊ နေကြာ၊ ဆီအုန်း စိုက်ပျိုးမှုတွေ၊ ထုတ်လုပ်မှုတွေလည်း
ရှိနေတဲ့ အတွက် ဒါတွေနဲ့သာ ပေါင်းလိုက်ပါက ဆီစားသုံးမှု က အတော်များနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဒီအတွက်
ဆီစားသုံးမှု လျှော့ချခြင်းအားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက် များစွာအထောက် အကူပြုမှာဖြစ်သလို
တစ်ဖက်ကလည်း ပြည်ပကနေ ဆီဝယ်မှုအတွက်သုံးစွဲနေရတဲ့ နိုင်ငံခြားငွေ လည်း များစွာလျှော့ချနိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ဆီစားသုံးမှု ကို ကျန်းမာရေးအမြင်အရသော်
လည်းကောင်း၊ နိုင်ငံရဲ့ လိုအပ်ချက်အရသော် လည်းကောင်း ထိန်းသိမ်းစားသုံးကြဖို့
နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းနှိုးဆော်ထားတာကိုလည်း တွေ့မြင် ရပါတယ်။
ဆီကို
လူတစ်ဦးစားသုံးသင့်တဲ့ ပမာဏနဲ့ စားသုံးခြင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့
ချက်ပြုတ် စားသုံးမှုပုံစံကို ရရှိစေမှာဖြစ်ပါတယ်။ အစားအစာတွေ ကြော်လှော်စားသုံးမှုကို
ရှောင်ကြဉ်ဖို့နဲ့ ဆီကုန်သက်သာစေရန်ရည်ရွယ်ချက်နဲ့ ထပ်ခါထပ်ခါ ကြော်လှော်ထားတဲ့
ပြန်ကြော်ဆီကို အသုံးပြုခြင်း က ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့အတွက် အထူးရှောင်ကြဉ်သင့်ပါတယ်။
တန်ဆေးလွန်ဘေးဆိုတဲ့
စကားအတိုင်း ဘယ်အရာမဆို သင့်တင့်မျှတအောင် ချင့်ချိန်စားသုံး မှသာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့
အာဟာရဓာတ်တွေက လိုအပ်သလောက်ရရှိပြီး သက်ရှည်ကျန်းမာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီစားသုံးမှုကို
အတတ်နိုင်ဆုံးလျှော့ချပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးမှုပုံစံကို ပြောင်းလဲကြပါစို့လို့
တိုက်တွန်းလို ပါတယ်။
တာရာ
No comments:
Post a Comment