Wednesday, November 10, 2021

မြန်မာ့တိုင်းရင်းသားဆေးဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး သုတေသနခရီး




ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါသည် ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲကာ ကူးစက်မှုနှုန်းမြန်ဆန်ရုံသာမက အချိန်တိုအတွင်း ကင်းစင်ပပျောက် စေနိုင် မည့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် နိုင်ငံတကာတွင် တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် သုတေသနပြု ဆောင်ရွက်နေရာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အကြီး အကဲ၏ အားပေးချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ၏ လက္ခဏာနှင့်ဆင်တူသည့် ဝိသမ အဖျားများ တွင် အသုံးပြုသော မာဓဝနိဒါန်း ဆေးကျမ်းလာ ဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ချင်း(ဂျင်း)တို့ ပါဝင်သည့် တိုင်းရင်းဆေးနည်းတစ်လက်အား သုတေသနပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့တိုင်းရင်းဆေးပညာရပ်၏ နယကြီး (၄)ပါးတွင် တစ်ခုအပါအဝင်ဖြစ်သော ဘေသဇ္ဇနယ ဆေးပညာရပ်မှ မာဓဝနိဒါန်းဆေးကျမ်း၏ အဖျားအမျိုးမျိုးကဏ္ဍပါ ဝိသမအဖျား၌ ကိုဗစ်-၁၉ ရောဂါ နှင့်ဆင်တူသော ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။ ဝိသမအဖျား၏ လက္ခဏာ များမှာ အရိုးအဆစ်များ ကိုက်ခဲနာကျင်ခြင်း၊ အရိုးဆစ်များ အသံမြည်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်လက်ခြေတို့ မသယ်ချင်ခြင်း၊ မူးမိုက်ခြင်း၊ ကြို့ထိုးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်တွင်းပူခြင်း၊ အသက်ရှူ ပြင်းခြင်း၊ မောပန်းခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

မာဓဝနိဒါန်းဆေးကျမ်းတွင် ဝိသမအဖျားအတွက် အသုံးပြုသည့်ဆေးနည်းများထဲမှ ဆေးခါး ကြီး ပါဝင်သော ဆေးနည်းသည် ကိုဗစ်-၁၉ ရောဂါကို သက်သာပျောက်ကင်းနိုင်မည့်အလား အလာရှိနိုင်သည်ဟု မျှော်လင့်သည့်အတွက် သုတေသနပြုဆောင်ရွက်ရခြင်းဖြစ်ပြီး ဆေးခါးကြီး နှင့် ဆင်တုံးမနွယ်တို့သည် နိုင်ငံတကာသုတေသန အထောက်အထားများအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြု သာမန်နှင့်အသင့်အတင့် ရောဂါလက္ခဏာရှိသော လူနာများပေါ်တွင် အာနိ သင်ရှိကြောင်း သုတေသီများမှ တွေ့ရှိထားပြီးဖြစ်ပါသည်။

ဆေးအဖြစ် အသုံးပြုကြ

အဆိုပါ သုတေသနပြုမည့် ဆေးဖုံတွင် ပါဝင်သော ဆေးခါးကြီးပင်၏ ရုက္ခဗေဒအမည်မှာ Andrographis paniculata (Burm.f.) Wall. Ex Nees ဖြစ်ပါသည်။ Acanthaceae မျိုးရင်း ဝင်ဖြစ်ပြီး အခါးဘုရင် King of bitter ဟု လူသိများသည်။ နေရာဒေသလိုက်၍ ရှမ်းဆေးခါး၊ ဗမာဆေးခါး၊ ကရင်ဆေးခါးဟူ၍ ခေါ်ဝေါ်ကြပြီး ပဉ္စငါးပါးလုံးကို ဆေးအဖြစ် အသုံးပြုကြပါ သည်။ တိုင်းရင်းဆေး ကျမ်းများ၏အဆိုအရ ဆေးခါးကြီးပင်သည် ခါးသော အရသာရှိခြင်း၊ သလိပ်နှင့် သည်းခြေကိုနိုင်ပြီး လေကိုပွားစေခြင်း၊ ဝမ်းမီးတောက်၊ အစာကြေစေခြင်းနှင့် နာတာ ရှည် အဖျား၊ ပိုးနာ၊ ယားနာများကို နိုင်စေသည်။ ဆေးခါးကြီး ပြုတ်ရည်ကို သုံးခွက် တစ်ခွက် တင်ကျို၍ ဆားနှင့်ငရုတ်ကောင်းအနည်း ငယ်သင့်ရုံထည့်ပြီး တစ်နေ့(၃)ကြိမ်သောက်ပါက တုပ်ကွေးဖျား၊ အအေးမိဖျား၊ ချမ်းဖျား၊ တုန်ဖျား၊ ငှက်ဖျားစသော အဖျားရောဂါများကို သက်သာ ပျောက်ကင်းစေပါသည်။

သုတေသနတွေ့ရှိချက်များအရ ဆေးခါးကြီး သည် အဖျားကျစေသောအာနိသင်၊ ဆီးချိုကျ အာနိ သင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေသော အာနိသင်၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ် ပိုးမွှားများကို နှိမ်နင်းနိုင်သောအာနိသင်၊ အသည်း အဆိပ်ဖြစ်မှုကို ကာကွယ်ပေးသော အာနိ သင်၊ အအေးမိ၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သော အာသီး ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲ မအီမသာ ဖြစ်ခြင်းတို့ကို သက်သာစေသော အာနိသင်ရှိကြောင်း လေ့လာသိရှိရပါသည်။

ထိုင်းနိုင်ငံမှ သုတေသနပြုချက်တွင် သာမန် လက္ခဏာရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများကို အုပ်စု(၂)စုခွဲပြီး Randomized, double-blinded, placebo-controlled trial design ဖြင့် လေ့လာထားပါသည်။ စမ်းသပ်အုပ်စုကို ဆေးခါးကြီး အဆီ အနှစ် 60 mg ပါ ဆေးတောင့် (၃) တောင့်နှင့် ထိန်းချုပ်အုပ်စုကို placebo (ဆေးဝါးအာနိသင်မရှိ၊ စမ်းသပ်မှုတွင်သုံးသည့် ဆေး အတု) တစ်နေ့(၃) ကြိမ်၊ (၅)ရက်ကြာ စမ်းသပ်တိုက်ကျွေးရာတွင် ဆေးခါးကြီး တိုက်ကျွေးသော လူနာအုပ်စု၌ အာနိသင်ထိရောက်မှုရှိပြီး ရောဂါဆက်လက် မဆိုးစေရန် ကာကွယ်နိုင်သည်ဟု လေ့လာသိရှိ ရပါသည်။ အခြားစမ်းသပ်တွေ့ရှိချက်အရ ဆေးခါး အဆီအနှစ်ကို  Human lung epithelial cells ပေါ်တွင် စမ်းသပ်ရာ Anti-SARS-CoV-2 activity  ရှိသည်ဟု ဖော်ပြထားပါ သည်။

အိန္ဒိယနိုင်ငံ၏ စမ်းသပ်လေ့လာချက်အရ၊ ဆေးခါးကြီးမှ ထုတ်ယူရရှိသော ဒြပ်ပေါင်းများ (andrographolide, 14-deoxy 11,12-didehydro andrographolide, neoandrographolide and 14+deoxy andrographolide) သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို အဓိကပွားစေသော non-structural proteins (3 L main protease, Papain-like protease and RNA-directed RNA polymerase) နှင့် Spike protein တို့ကို ချေဖျက်နိုင်စွမ်းသတ္တိ ရှိသည်ဟုလည်း လေ့လာ တွေ့ရှိ ရပါသည်။

ဘေးထွက်ဆိုးကျိုး

ဆေးခါးကြီးကို လိုအပ်သည်ထက် ပိုမိုသောက်သုံးပါက (သို့မဟုတ်) ရေရှည်အသုံးပြုပါက ဘေးထွက်ဆိုးကျိုးအနေဖြင့် ကိုယ်ဝန်ပျက်ကျ စေခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်း၊ ခံတွင်း ခြောက်ခြင်း၊ နှုတ်မမြိန်ခြင်း၊ ပျို့အန်ခြင်း၊ သွေးဖိအားကျခြင်း၊ သွေးတွင်းသကြားဓာတ်ကျခြင်း တို့ ဖြစ်စေနိုင်သည်ဟု သိရှိရပါသည်။

အသက်ရှည်ဆေးပင်

စမ်းသပ်ဆေးဖုံပါ ဆင်တုံးမနွယ်၏ ရုက္ခဗေဒ saopšyo Tinospora cordifolia (Willd.) Miers ex Hook.f.& Thomson Goulbops Menispermaceae မျိုးရင်းဝင်ဖြစ်ပြီး Heart Leaved Moon Seed ဟူ၍ ခေါ်ကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် ပေါများစွာတွေ့ရပြီး ဆေးဖက်အဖြစ် ပင်စည်ကိုအသုံးပြုသည်။ ပူခါးဖန်အရသာရှိ၍ ဥဏှ ဝီရိယရှိ၏။ ဝမ်းမီးတောက်၊ အစာကြေစေသော အသက်ရှည်ဆေးပင်ဖြစ်ပြီး ခွန်အားကိုတိုးစေ၍ ခန္ဓာကိုယ်ကို ပေါ့ပါး စေသည်။ ဆီးရောဂါ၊ အဖျား အမျိုးမျိုး၊ သွေးဖောက်ပြန်ခြင်း၊ ချောင်းဆိုးခြင်း၊ သွေးမြင်း သရိုက်၊ အဆစ်ရောင်ကိုက်ရောဂါ၊ အဆီတိုး အဝလွန်နာ၊ ပါဒရက်နာတို့ကို သက်သာစေသည်။ ဆင်တုံး မနွယ်နှင့် ပိတ်ချင်းသီးတို့ပါဝင်သည့် ဆေးဖုံကို သုတေသနပြုချက်၌ သာမန်လက္ခဏာရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများကို အုပ်စုနှစ်ခုခွဲပြီး placebo-controlled, randomized study design ဖြင့်လေ့လာရာ စမ်းသပ်အုပ်စုကို ဆင်တုံးမနွယ် (300 mg) နှင့် ပိတ်ချင်းသီး(75 mg) ကို ရောစပ်တိုက်ကျွေးပြီး ထိန်းချုပ်အုပ်စုတွင် placebo ကို တစ်နေ့(၂)ကြိမ်၊ စမ်းသပ်တိုက်ကျွေးရာ နှိုင်းယှဉ် လေ့လာမှု၏ (၇) ရက်မြောက်နေ့တွင် စမ်းသပ် ဆေးဝါးတိုက်ကျွေးသော အုပ်စုသည် ထိန်းချုပ် အုပ်စုထက် ပြန်လည်ကောင်းမွန်မှုနှုန်း မြန်ဆန်သည်ကို လေ့လာသိရှိရပါသည်။ ဆင်တုံးမနွယ်မှ oposonicos Escola:op: (Berberine, Isocolumbin, Magnoflorine, Tinocordiside) သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးပွားခြင်းကို ကာကွယ်တားဆီးနိုင် သည်ဟု ဖော်ပြထားပါသည်။

ထို့ပြင် စမ်းသပ်ဆေးဖုံပါ နံ့သာဖြူ (စန္ဒကူးဖြူ) (Santalum album L.) go Santalaceae မျိုးရင်းဖြစ်၍ အေးခါးအရသာရှိပြီး ဆေးဝါးဖော်စပ်ရာတွင် အပင်၏ပင်စည်အနှစ်သားနှင့် အဆီကို အသုံးပြုကြ သည်။ တိုင်းရင်းဆေးကျမ်းများတွင် နှလုံးကိုအကျိုး ပြုသည်။ အပူငြိမ်းပြီး လေ၊ သလိပ်၊ သည်းခြေ ကိုနိုင်ပါသည်။ ဆီးသွားစေခြင်း၊ သလိပ်ရစေခြင်း၊ အိပ်ပျော်စေခြင်း တို့အပြင် အစာအိမ်လမ်းကြောင်း တစ်လျှောက်နာကျင်ခြင်း၊ ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ မှိုရောဂါများ၊ အရေပြားအနာ များနှင့် သလိပ်မရဘဲချောင်းဆိုးခြင်းတို့ကို သက်သာစေ ခြင်းစသည့် အာနိသင်များ ရှိသည်ဟု ဖော်ပြထားပါသည်။ သုတေသနတွေ့ရှိ ချက်များအရ အပူကျစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အသိဉာဏ်ကို တိုးပွားစေခြင်းနှင့် ဗိုင်းရပ်စ်ပိုးများကို တားဆီးနိုင် ခြင်းရှိသည်ဟု လေ့လာသိရှိရပါသည်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်စေနိုင်

ဆက်လက်၍ စမ်းသပ်ဆေးဖုံပါ ချင်း (ဂျင်း) (Zingiber officinale Roscoe.), Ginger was Zingiberaceae မျိုးရင်းဖြစ်ပြီး ရှမ်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးလေ ့ရှိသည်။ တိုင်းရင်းဆေးပညာအရ ချင်းသည် ပူ၊ ခါး၊ စပ် အရသာရှိပြီး လေသလိပ်ကိုနိုင်ခြင်း၊ နှုတ်မြိန်၍ အစာကြေခြင်း၊ သွေးသားကို သန့်စင်စေခြင်း၊ အဆိပ်ကိုပြေစေခြင်း၊ အဆီဓာတ်ကို လျော့နည်းစေခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်အမျက်ကိုက်ခဲခြင်း၊ အန်ခြင်း၊ အအေးမိဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အစာစားလိုစိတ် နည်းပါးခြင်း တို့အတွက်လည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ဆေးလက်တွေ့ သုတေသနပြုချက်များအရ ချင်းအမှုန့်သည် ပျို့၊ အန်ခြင်း၊ မူးဝေခြင်း၊ အဆစ်များရောင်ရမ်းခြင်းနှင့် ကိုက်ခဲခြင်း နှင့် သွေးခဲခြင်းတို့ကို သက်သာစေပြီး ၊ သွေးတွင်း အဆီကျသည့် အာနိသင်ရှိပါသည်။ ချင်းအဆီအနှစ် (Aqueous extract) 50 mg/kg ပမာဏသည် ကိုယ်ခံအားစနစ်ကို မြှင့်တင်စေနိုင် သော အစွမ်းသတ္တိ (immunomodulatory activity) ရှိ ကြောင်း သိရှိရပါသည်။

သုတေသနပြုလုပ်မည့် ဆေးဝါးကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးဝါးစက်ရုံ၊ မန္တလေးတွင် ထုတ်လုပ်ပြီး ဆေးဝါးဖော်စပ်မှုအပိုင်းအနေဖြင့် စစ်မှန်၍ အရည်အသွေး ပြည့်ဝသော တိုင်းရင်းဆေး ကုန်ကြမ်းပစ္စည်းများ ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါး၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် ဆေးဝါး ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ထိုမျှသာမက လူနာ၏ အန္တရာယ်ကင်းရှင်းမှု ရှိစေရန်အတွက် အဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ် ခြင်းများဆောင်ရွက်ရန်ဆေးတက္ကသိုလ်(မန္တလေး) Institutional Research Development Board ၏ခွင့်ပြုချက်ရယူပြီး ဖြစ်ပါသည်။ ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်း ဆေးတက္ကသိုလ် နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ သုတေသီများ ပူးပေါင်း၍ ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် ဆေးခါးကြီးပါဝင်သော ဆေးဖုံ၏ လတ်တလော အဆိပ် အာနိသင် (Acute Toxicity) ရှိ/မရှိကို ဓာတ်ခွဲခန်းသုံးတိရစ္ဆာန် ကြွက်ဖြူကြီးများ (Albino Rat)ပေါ်တွင် စမ်းသပ်လျက် ရှိပါသည်။ ဆက်လက်၍လည်း ရေတိုအဆိပ် အာနိသင် (Subacute Toxicity) ရှိ/မရှိကိုလည်း ဓာတ်ခွဲခန်းသုံး တိရစ္ဆာန် ကြွက်ဖြူကြီးများ (Albino Rat) ပေါ်တွင် စနစ်တကျ သုတေသနပြုလုပ် လျက်ရှိပါသည်။

လူနာများအပေါ် ဘေးကင်းလုံခြုံစိတ်ချနိုင်ရေးအတွက် လတ်တလော အဆိပ်အာနိသင်နှင့် ရေတို အဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ်ချက်များ ဆောင်ရွက်ပြီးပါက သာမန်လက္ခဏာရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအပေါ်တွင် ဆေးခါးကြီးပါဝင်သော ဆေးဖုံနှင့်ပတ်သက်၍ လက်တွေ့ဆေး သုတေသန (Clinical Trial) ပြုလုပ်သည့်အခါ ဆေးဖက်ဆိုင်ရာ ကျင့်ဝတ်၊ သုတေသနဆိုင်ရာ ကျင့်ဝတ်နည်းစဉ်များအရ ဆေးသုတေသနဦးစီးဌာန၊ သုတေသနကျင့်ဝတ် နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ရေးဘုတ်အဖွဲ့ (Institutional Review Board (IRB)) သို့ တင်ပြအစစ်ဆေးခံ၍ ခွင့်ပြုချက်ရယူကာ ဆောင်ရွက်မည်ဖြစ်ပါသည်။ သုတေသန အဆင့်တိုင်းတွင်လည်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စနစ်တကျစောင့်ကြပ် ကြည့်ရှု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ။

တိုင်းရင်းဆေးပညာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် သုတေသနပြုလုပ် ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်း ဆေးတက္ကသိုလ်၊ ဆေးသုတေသနဦးစီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန တို့မှ ပညာရှင်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှ နှီးနွယ်ညာရှင်များပူးပေါင်း၍ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

ယခုသုတေသနပြုလုပ်သည့် ဝိသမအဖျား ပျောက်ဆေးသည် တိုင်းရင်းဆေးကျမ်းဂန်လာ ဆေးနည်းကို ဖော်ထုတ်၍ အခြေပြုထုတ်လုပ်ထား သောဆေးဖုံဖြစ်ပြီး ဆေးနည်းအသစ်တစ်ခု အနေဖြင့် သိပ္ပံနည်းကျချဉ်းကပ်ကာ ကိုဗစ်-၁၉ ရောဂါ အတည်ပြု သာမန်လက္ခဏာ ရှိလူနာများ အပေါ် သုတေသနပြုခြင်းသည် ပြည်သူလူထုအကျိုး အတွက် ရှေးရှုလျက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါလူနာများအပေါ် အကျိုးအာနိသင် ထိရောက်မှုရှိပါက ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက် သစ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျိုးပြုနိုင် မည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

ဆွေဆွေရီ၊ ရီရီစန်း၊ ကြည်ကြည်ဦး (တိုင်းရင်းဆေးပညာဦးစီးဌာန)

 

 

 

 

 

No comments:

Post a Comment