ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာတွင် (၂) ထပ်ဈေးသစ်အား ဖွင့်လှစ်ပေးပြီး မွန်းလွဲပိုင်း၌ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် (၆) လ ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များ ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ နယ် ထီလုံကျေးရွာ (၂) ထပ် ဈေးသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ အမှတ်(၂)နယ်ခြားစောင့် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူတို့က ဈေးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထီလုံဈေးသစ်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းကျောက်တိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြ ကာ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ထီလုံ(၂)ထပ်ဈေးသစ်ကို ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ ကျပ် (၃၈၀ ဒသမ ၀၇၄) သန်းဖြင့် အလျား ၉၈ ပေ၊ အနံ ၁၂၃ ပေ၊ အမြင့် ၃၆ ပေရှိ သံကူ(၂)ထပ် ရေ/မီးပါ ဆိုင်ခန်း ၁၃၇ ခန်းအား ဆောက်လုပ်ပြီးစီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထီလုံဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ထီလုံအထက်တန်းကျောင်း၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ထီလုံကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာမှ ဒေသခံပြည်သူများအား ပလပ်စတစ်လောင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၃ ကတ်အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြ သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ရာ ကရင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လဒေသန္တရစီမံကိန်း ဥပဒေနှင့်နောက်ဆက်တွဲများကို ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီး များကိုယ်စား ပြည်နယ်စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ ကဏ္ဍအလိုက် စီမံကိန်း ရည်မှန်းချက်များကို ဌာနဆိုင်ရာများကိုယ်စား စိုက်ပျိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူးက လည်းကောင်း၊ နိုင်ငံပိုင်အခန်းရင်းနှီး မြှုပ်နှံ မှု လျာထားချက်များကို လမ်းဦးစီးဌာနညွှန်ကြားရေးမှူးကလည်းကောင်း၊ ခရိုင်အလိုက် စီမံကိန်း တာဝန်များကို ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖါပွန် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ကလည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
No comments:
Post a Comment