Saturday, September 25, 2021

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ One Stop Service (OSS)ရုံးကို ကြည့်ရှုအားပေး

 

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး ဦးစီးမှူးရုံးရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှု ပေးသည့်အဖွဲ့ One Stop Service(OSS)၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးနှင့် OSS ရုံး၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန် စေရေးအတွက် Online စနစ် အသုံးပြု ဆောင်ရွက်ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်စေရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု‌ပေးနိုင်ရေး ကိစ္စများကို လည်းကောင်း၊ စံပြုလုပ်ထုံးလုပ်နည်းများ အတိုင်းတိကျစွာ လိုက်နာဆောင်ရွက် ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်သွက်လက်လာရေး ကိစ္စများကို လည်း‌ကောင်း၊ သက်ဆိုင်ရာ ဌာနများ၏ ဥပဒေနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အသိုက်အဝန်း၏ အားကိုးယုံကြည်ရသည့် မိတ်ဖက်ဌာနများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အလေးထားမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် Online စနစ် ဆောင်ရွက်ရန် အတွက် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး‌ရေး ဆေးလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြည်တွင်း၌ မြေဩဇာထုတ်လုပ်မှု မြှင့်တင်ရေး၊ မြေဩဇာ ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ မြေဩဇာ ထုတ်လုပ်‌ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် သီးနှံရာသီအလိုက် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment