Wednesday, September 1, 2021

ဇီးကုန်းမြို့နယ် မိုဃ်းကောင်းကျောင်းတိုက်၌ တပ်ဆင်ထားသော အောက်ဆီဂျင် ထုတ်စက် စတင်လည်ပတ်

 


ဇီးကုန်း စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉-ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသူများ၊ အောက်ဆီဂျင်လိုအပ်မှုအား အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် အမှတ်(၃) ရပ်ကွက် မိုဃ်းကောင်းကျောင်းတိုက်တွင် တပ်ဆင်ထားသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) သည် စတင် လည်ပတ်မောင်းနှင်လျက် ရှိကြောင်း သိရသည်။

အဆိုပါအောက်ဆီဂျင်ထုတ်စက်သည် မိုဃ်းကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏသိဒ္ဓိမှ ဦးဆောင်၍လှူရှင်များ စုပေါင်းထည့်ဝင် လှူဒါန်းငွေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မှာယူတင်သွင်းခဲ့ရာ တပ်ဆင်ထားရှိမည့် ဇီးကုန်းမြို့နယ် မိုဃ်းကောင်း ကျောင်းတိုက်သို့ သြဂုတ် ၂၁ ရက် ညနေပိုင်းက ရောက်ရှိခဲ့သည်။ အောက်စီဂျင်ထုတ်စက်အား KTK ကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များက စနစ်တကျ တပ်ဆင်ခဲ့ရာ ဩဂုတ် ၂၈ ရက်နေ့တွင် ပြီးစီး၍ စမ်းသပ်မောင်းနှင်ခဲ့သည်။

ယခုအခါ အားလုံးပြီးစီး၍ စတင်လည်ပတ်လျက်ရှိရာ တစ်နေ့လျှင် အောက်ဆီဂျင် ( ၄ဝ လီတာ)ဆံ့အိုး (1800 psi)ဖြင့် အလုံး (၂၁)လုံးခန့် ဖြည့်တင်းထုတ်လုပ် ပေးနိုင်ကြောင်း၊ အောက်စီဂျင်လိုအပ်သူများ အဆင်ပြေစေရန်အတွက် (၄ဝလီတာ)ဆံ့လက်ခံအိုး အလုံး(၁၀၀)ကို အသင့် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ဇီးကုန်းမြို့နယ်အတွင်းသာမက ပတ်ဝန်းကျင်မြို့နယ်များမှ အောက်စီဂျင် လိုအပ်သူများ အတွက် ဖြန့်ဝေ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအောက်စီဂျင်ထုတ်စက်အား မိုဃ်းကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏသိဒ္ဓိ ဦးဆောင်၍ ရန်ကုန်မြို့နေ ရဟန်း ဒါယိကာမ ဒေါ်ရီရီမြင့်၊ သမီး- Dr.ရဲမင်းသူနှင့်Dr.ယဉ်လင်းမြင့် မိသားစုမှ မတည်အလှူငွေ သိန်း(၅၀၀) ကျပ် မတည်လှူဒါန်းငွေနှင့် စေတနာရှင် အလှူရှင်များစည်းလုံးမှုဖြင့် ထည့်ဝင် လှူဒါန်းငွေများဖြင့် မတည်ဆောင်ရွက်ခဲ့ပြီး၊ စုစုပေါင်း ကျပ်သိန်း(၁၁၀၀)ခန့် ကုန်ကျခဲ့ကြောင်းနှင့် လျပ်စစ်မီးအခက်အခဲမရှိစေရေးအတွက် watt(7500) step up transformer ထပ်မံတပ်ဆင်ရေးစီစဉ် ဆောင်ရွက်ထားကြောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏသိဒ္ဓိ ထံမှသိရသည်။

တင့်ဆွေ

 

No comments:

Post a Comment