မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့် "အေဝမ်း" မီးဖိုများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက နှဲဝဲကျေးရွာအုပ်စု၊ နှဲဝဲကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက အဆိုပါ ကျေးရွာပြည်သူများအား ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ စွမ်းအားမြှင့် "အေဝမ်း" မီးဖို ဖြန့်ဝေပေးရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာ ထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေး သစ်တောပြုန်းတီးမှု ကာကွယ်ပေးခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဟန့်တားပေးနိုင်ခြင်း၊ ထင်းကုန်ကျမှု ၄၀ ရာခိုင်နှုန်း သက်သာ သည့်အတွက် သစ်တောပြုန်းတီးမှုကို လျှော့ ချပြီးသားဖြစ်ခြင်း၊ ချက်ပြုတ်ချိန်မြန်ဆန်ခြင်းနှင့် မီးခိုးအထွက်နည်းခြင်း၊ လောင်စာ မျိုးစုံအသုံး ပြုနိုင်ခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေခြင်း စသည့် မီးဖိုသုံးစွဲနည်းနှင့် သတိပြုရမည့် အချက် များအား အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက နှဲဝဲကျေးရွာမှ အိမ်ထောင်စု ၄၀ အိမ်အတွက် စွမ်းအားမြှင့်"အေဝမ်း"မီးဖို (၄၀)လုံးနှင့် မီးဖိုသုံးစွဲနည်း လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ရာ ကျေးရွာပြည်သူများက လက်ခံရယူခဲ့ကြသည်။
မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၈)ရွာအတွက် တစ်ရွာလျှင်စွမ်းအားမြှင့် "အေဝမ်း" မီးဖို(၄၀) လုံး စီဖြင့် စုစုပေါင်း(၇၂၀)နှင့် မီးဖိုသုံးစွဲနည်း လက်ကမ်းစာစောင်များအား သြဂုတ်လ(၂၉)ရက်နေ့မှ စတင်ကာ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံမှသိရှိရသည်။
မြမြမွန်(မြစ်သား)


No comments:
Post a Comment