Friday, September 24, 2021

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေး


ပဲခူး စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) အတွင်းရှိ ဥဿာမြို့သစ် ခရိုင်အားကစားကွင်းအဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ခေတ်စနစ်နှင့် ကိုက်ညီသော အဆောက်အဦ ပုံစံဒီဇိုင်းများဖြင့် တည်ဆောက်သွားရန်နှင့် သတ်မှတ်ချိန် အတွင်း အချိန်မီပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီး အဆင့်မြင့်အားကစား ကွင်း တည်ဆောက်မည့် မြေဧရိယာ(၂၈.၇၉)ဧကအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်မှုရှိစေရေး စနစ်တကျ ဖောက်လုပ်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) အတွင်းရှိ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်သူ့အငှားအိမ်ရာဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အိမ်ရာဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အရိပ်ရအလှပန်းပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ပဲခူးမြို့ စက်မှုဇုန်အတွင်းရှိ လမ်းများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အသက်(၅၅)နှစ်နှင့် အထက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုနှင့် သီရိဟံသာခန်းမ၌ အသက်(၆၆)နှစ် နှင့်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။         

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment