Saturday, September 25, 2021

ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး


ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် အဖွဲ့ဝင် ၁၅၆ နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ ပါဝင်မှုဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံသည်လည်း ၁-၆-၂၀၁၂ ရက်နေ့တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကာ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားသည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများနည်းတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းခံစားနေရသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ အခမ်းအနားကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်တွင်လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို “ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွား လုပ်ငန်းဖြင့် ဖော်ဆောင်ပေး” (Tourism for Inclusive Growth) ဆောင်ပုဒ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conferencing စနစ်ဖြင့် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ ခရီးသွား လုပ်ငန်းနယ်ပယ်အတွင်းမှ မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်ဖြင့်ကျင်းပ

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို စီးပွားရေးဆိုင်ရာအကျိုးရှိစေရေး၊ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ သဘာဝအရင်း အမြစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့်  အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေ သည့် ကဏ္ဍများအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် လာမည်ကို ပိုမိုသိရှိလာစေရေးနှင့် ခရီးသွား လုပ်ငန်း၏ အရေးပါမှု၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးသို့ အကျိုးသက်ရောက်မှုများအား ဒေသနေပြည်သူများ နားလည်သိရှိစေရေး၊ ခရီးသွားလုပ်ငန်း၏ အကျိုးသက်ရောက်မှုများကို သတိပြုမိ စေရေးတို့အတွက် ရည်ရွယ်ချက်များဖြင့် အဖွဲ့ဝင် နိုင်ငံ အသီးသီးတွင် ကျင်းပခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးတည်ငြိမ်အကျိုးရှိစေမှု

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခြင်းဖြင့် ဆက်စပ် နယ်ပယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ဖန်တီးပေးနိုင်ကာ ဒေသတွင်း စီးပွားရေးဆိုင်ရာ မညီမျှမှုများကို လျော့ကျစေနိုင်ပြီး စားသောက်ကုန် နှင့် ကုန်စည်ထုတ်လုပ်ကူးသန်း  ရောင်းဝယ်ရေးလုပ်ငန်းများ၊ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်း ဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ၊ လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေပါသည်။ ထို့အပြင် ဟိုတယ်နှင့် တည်ခိုရိပ်သာလုပ်ငန်းများ အပါအဝင် ခရီးသွား လုပ်ငန်းကဏ္ဍ၏ အခြေခံအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေကာ သေနေပြည်သူများ အကျိုးခံစားခွင့် ရရှိစေပြီး ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့်အပြင် ဒေသတွင်း နိုင်ငံများအတွင်း ခရီးလှည့်လည် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးကာ ဒေသ၏ တည်ငြိမ်အေးချမ်း ရေးကိုလည်း တိုးတက်ရရှိစေနိုင် မည်ဖြစ်ပါသည်။

နိုင်ငံတကာနှင့်ဒေသတွင်း ခရီးသွားလုပ်ငန်းအခြေအနေ

ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် ခံစားနေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ကမ္ဘာတစ်ဝန်း နိုင်ငံတကာခရီးသည် ရောက်ရှိမှုသည် ၂၀၁၉ ခုနှစ် ကာလများနှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် သန်း ၄၆၀ (၈၅ရာခိုင်နှုန်း) ခန့်ကျဆင်းသွား ကြောင်းနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းသမိုင်းတွင် အဆိုးရွားဆုံးကျဆင်းမှုဟု သတ်မှတ်ကြပါသည်။ အလားတူ အာရှ- ပစိဖိတ်ဒေသသည်လည်း ၂၀၁၉ ခုနှစ် ခရီးသည် ရောက်ရှိမှုထက် ၉၅ ရာခိုင်နှုန်း၊ ဥရောပဒေသတွင် ၈၅ ရာခိုင်နှုန်းနှင့် အမေရိကဒေသတွင်  ၇၂ ရာခိုင်နှုန်း အသီးသီး လျော့နည်းကျဆင်းသွားကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့်စာရင်း များအရ သိရှိရပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေမည့်  အခြေခံအကြောင်းအရာများဖြစ်သည့် နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများအကြား ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်၊ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ ထွက်ပေါက်များ  တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး၊ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းများ ပိုမိုချိတ်ဆက်ပျံသန်းခွင့်  ရရှိစေရေး၊ ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ဖြေမှုများ ညှိနှိုင်းခွင့်ပြုပေးနိုင်ရေး၊ နိုင်ငံဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များ၊ စက်တပ် ရွက်လှေနှင့် ခရီးသည်တင် ဇိမ်ခံသင်္ဘောခရီးစဉ်များ အလွယ်တကူ ပိုမိုတိုးတက်ဝင်ရောက်ခွင့် ရရှိစေရေးတို့အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆွေးနွေးခြင်း၊ လိုအပ်သည်များ တင်ပြဆောင်ရွက်ပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကြောင့် အရှိန်အဟုန်ဖြင့်တိုးတက်ရန် အလားအလာကောင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ကမ္ဘာတစ်ဝန်း ဖြစ်ပွားခံစားခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအပေါ် ပြည်တွင်း/ပြည်ပခရီးသည်များ၏ စိုးရိမ်ကြောင့်ကြမှု၊ ရောဂါထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းစဉ် များနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံ များကဲ့သို့ပင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည်လည်း ယနေ့အချိန်ထိ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲနေဆဲဖြစ်ပါသည်။

ခရီးစဉ်ဒေသအပေါ်အာမခံနိုင်မှုနှင့် လုံခြုံစိတ်ချရသော ခရီးစဉ်ဖြစ်စေရေး

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လုပ်ငန်းလိုင်စင်ရယူကာ လုပ်ကိုင်ဆောင်ရွက်နေကြ သည့် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းမှ လုပ်ငန်းရှင်များ၊ လုပ်သားများ၏ ၎င်းတို့ကျွမ်းကျင်ရာ အလုပ်အကိုင်များဖြင့် ဆက်လက်အသက်မွေး ရပ်တည်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာကာ ပြည်တွင်း/ ပြည်ပခရီးသွားများ ပုံမှန်ဝင်ရောက်လှည့်လည်သွားလာမှုက အရေးကြီးပါသည်။ ခရီးစဉ်ဒေသအသီးသီးသို့ ခရီးသွားဧည့်သည်များ လည်ပတ်ဝင်ရောက်ရန် အတွက် အဆိုပါ ခရီးစဉ်ဒေသများသို့ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ခွင့်ရရှိရေး သည်လည်း အရေးပါသကဲ့သို့ လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ် ခြင်းနှင့် နေထိုင် စားသောက်ရာ နေရာပတ်ဝန်းကျင်သည် ကျန်းမာသန့်ရှင်းခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းတို့ အထူးပင်လိုအပ်ပါသည်။

သို့ဖြစ်ရာ ခရီးသွားစိတ်ချရသည့် ခရီးစဉ်ဒေသဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအပေါ် အခြားနိုင်ငံများနည်းတူ မိမိတို့ခရီးစဉ်ဒေသ အား ထိုက်သင့်သည့် အာမခံမှု၊ ဝန်ဆောင်မှုပေးနိုင်သည့် ခရီးစဉ်တစ်ခုအဖြစ် ခရီးသွားဧည့်သည် များက လက်ခံလာအောင် ကောင်းမွန်သည့် အစီအမံများဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန် လိုအပ်နေသည်ဖြစ်ရာ ဦးစားပေးဆောင်ရွက်လိုသည့် ခရီးစဉ်ဒေသအသီးသီးရှိ ခရီးသွားဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းရှင်၊ လုပ်သားများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုသည် အရေးကြီးသဖြင့် တိုင်းဒေသကြီး ပြည်နယ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရေးအတွက် ဟိုတယ်နှင့်  ခရီးသွားလာရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနများ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များနှင့် အလေးထားကာ လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် ကူညီကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိပါသည်။ ထို့အပြင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအနေဖြင့် ခရီးသည်များကို ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် ဝန်ဆောင်မှုများပေးရန် လိုအပ်သော အစီအမံများ ကြိုတင်ပြင်ဆင်ထားခြင်း၊ သင်တန်းများပေးခြင်း၊ စစ်ဆေးကြပ်မတ်ပေးခြင်းတို့ဖြင့် ယုံကြည် စိတ်ချပြီး ဘေးအန္တရာယ်ကင်းသော ခရီးစဉ်များဖြစ်စေရန် အလေးထားဆောင်ရွက်နေ ပါသည်။ ပြည်တွင်း/ ပြည်ပခရီးသွားများအတွက် ကိုဗစ်-၁၉ လုံခြုံ စိတ်ချရမှုနှင့်အတူ ဝန်ဆောင်မှုများ ပေးနိုင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာကာ ခရီးစဉ်ဒေသအတွင်းရှိ ခရီးသွား လုပ်ငန်းကို မှီခိုအားထားရပ်တည်နေကြသည့် ဒေသနေပြည်သူ၊ လုပ်သားများ၏ ဘဝရပ်တည်မှု အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု

ကမ္ဘာ့စီးပွားရေးတွင် ခရီးသွားလုပ်ငန်းသည် သိသာထင်ရှားဆုံးနှင့် တိုးတက်မှုအရှိဆုံး ကဏ္ဍ တစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍတွင် လည်း ပါဝင်သည်။ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံများ၏ ပြည်တွင်း ထုတ်ကုန် (GDP) တိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ဝန်ဆောင်မှုများ ဆောင်ရွက် ပေးနေသည့် လုပ်သားအင်အား ၂၉၂ ဒသမ၂၂ သန်းခန့်ရှိရာ ကမ္ဘာ့လုပ်သား အင်အား၏ ၉ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ ခရီးသွားနှင့် ခရီးသွားလုပ်ငန်း၏ ဂျီဒီပီသည် တိုက်ရိုက်ခန့်မှန်းခြေအားဖြင့် ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၉ ထရီလီယံဒေါ်လာရှိသည်။ ကမ္ဘာလုံး ဆိုင်ရာ ဂျီဒီပီကို တိုက်ရိုက်အများဆုံး အထောက်အပံ့ ပြုသော နိုင်ငံတွင် အမေရိကန်ခရီးသွား လုပ်ငန်းသည် ဒေါ်လာ ၅၈၀ ဒသမ၇ဘီလီယံအထိ အများဆုံး ထောက်ပံ့ခဲ့သည်ကို ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် စာရင်း များအရ သိရှိရပါသည်။

ခရီးသွားလုပ်ငန်းဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး

ခရီးသွားလုပ်ငန်းကဏ္ဍသည် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု နိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ ခရီးသွားလာ ခြင်းဖြင့် အချင်းချင်းယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှုများကို တည်ဆောက်နိုင်ခြင်း၊ တည်ငြိမ် အေးချမ်းမှုကို ဖြစ်ပေါ်စေခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ် စေခြင်း၊ ဒေသနေပြည်သူများ၏ ရိုးရာဓလေ့နှင့် ကိုးကွယ်ယုံကြည်မှု၊ အယူအဆများကို မပျောက်ကွယ် စေရန် ထိန်းသိမ်းနိုင်ခြင်းနှင့် ဖော်ထုတ်ပြသနိုင်ခြင်း၊ ထုတ်ကုန်များတွင် ကျယ်ပြန့်စွာ အဆင့်မြှင့်တင် ထုတ်လုပ်ရောင်းချ လာနိုင်ခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်သည်ဖြစ်ရာ ခရီးစဉ်ဒေသအသစ် များ တိုးမြှင့်ဖော်ဆောင်ခြင်း၊ ခရီးစဉ်ဒေသများသို့ လွယ်ကူစွာ ဝင်ရောက်လည်ပတ်ခွင့်ရရှိစေခြင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အတွက် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေခြင်း၊ ဒေသအလိုက် ခရီးသွား လုပ်ငန်းများ ပြန်လည်အသက်ဝင်တိုးတက်လာစေခြင်းကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်းအား ဦးစားပေးကဏ္ဍအဖြစ် ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အား ဂုဏ်ပြု တင်ပြအပ်ပါသည်။ ။

ခင်မောင် (ဟိုတယ်/ခရီး)

No comments:

Post a Comment