(သမိုင်းကိုခြေရာကောက်ကြည့်ခြင်း)
“ဘယ်နေ့မှာတော့ D-Day (ယ-ရက်) စတော့မည်။ ဘယ်နေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့်ပူးပေါင်းပြီး မြို့ရွာတွေကိုသိမ်းတော့မည်” ဟူသော ပြည်ပြေး အကြမ်းဖက်သမားတို့၏ လေလှိုင်းပေါ်က အောက်ကလိအာအသံများ ထွက်ပေါ်လာလေတိုင်း ရိုးသားသောသူများသည် ကြောက်ကြသည်၊ လန့်ကြသည်။
အချို့က ဆန်တွေဝယ်၊ ဆီတွေဝယ်၊ စားစရာတွေ ကြိတ်ကြိတ်တိုး ဝယ်ယူစုဆောင်းသိုမှီး ကြသည်။ အလုပ်ကိစ္စအရောင်းအဝယ် ငွေလွှဲငွေချေကြမည့်သူများကလည်း ဖြစ်ပါ့မလားဟု စိုးရိမ်သောက ပွားကြလေသည်။ ကျွန်တော့်ဆွေမျိုး ဉာတကာအပေါင်းကလည်း သို့လော သို့လော ထိတ်လန့်တကြား ဆွေးနွေးမေးမြန်းကြပါသည်။ ထိုသောအခါ ကျွန်တော်ကြားဖူးသလို ပြောဆို ပါမည်။
တပ်မတော်၏အင်အား
၁၉၄၈၊ ၁၉၄၉ ခုနှစ်ကာလများတွင် တပ်မတော်၏အင်အားသည်တပ်ရင်း ၁၀ ရင်းသာ ရှိခဲ့သည်။ တပ်ရင်း ၁၀ ရင်းဆိုသည်ပင် အပြည့်ရှိခဲ့ သည်မဟုတ်။ စစ်လက်နက်အင်အား၊ လက်နက် ကိစ္စကလည်း ထိုစဉ်ကမဟာပြဿနာဟုဆိုရမည်။ ထိုခေတ် သေနတ်ကိုင်တပ်ခွဲတစ်ခွဲတွင် ဖွဲ့စည်းပုံအရ ဘရင်း စက်သေနတ်ကိုးလက်ရှိရမည့်အစား အများဆုံးပေးနိုင်ပါမှ ခြောက်လက်၊ ကျည်ဆန်ကလည်း ရှားပါး လှသည့်ဖြစ်ခြင်း၊ နှစ်လက်မစိန်ပြောင်းအတွက် ဗုံးတို့မှာ အရုပ်ရေးကြည့်ရ မလောက်ပင်။ အချက်ပြဆက်သွယ်ရေးစက်တို့မှာ တပ်ရင်းတစ်ရင်းလုံးမှ သုံးလေးလုံး၊ ရိုင်ဖယ်သေနတ်တို့ကတော့ အင်မတန်ဟောင်းနွမ်းလှပြီ ဖြစ်ကြသည်။ အမှတ်သုံးနှင့် အမှတ်လေး အင်္ဂလိပ် ရိုင်ဖယ်တို့ဖြစ်ကြသည်။ ဤသည်ပင်မလုံလောက် သဖြင့် ဂရင်းဂန်းဟုခေါ်သော တစ်လုံးထိုး သေနတ်တို့ဖြင့် ဖြည့်စွက် ထားကြရသည်။
ထိုသို့စစ်လက်နက်တို့တွင်သာ ချို့တဲ့ခဲ့ကြသည်မဟုတ်။ အဝတ်အစားတန်ဆာပလာတို့မှာ လည်း ဆင်းရဲခဲ့ကြပါသည်။ ရေဘူး၊ ခါးပတ်၊ လှံစွပ်၊ သံခမောက်စသည်တို့ကရှားပါးပစ္စည်းများ ဖြစ်ကြသည်။ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရန်ကုန်မြို့ တရုတ်တန်းမှ ဝယ်ယူစွဲကိုင်ကြရသည်။ ထိုမျှ အဘက်ဘက်က မပြည့်မစုံဖြစ်ခဲ့ရသည်။ ပြင်ပမှ ဝယ်ယူဖြည့်တင်းဖို့ကလည်း အဆင် မပြေလှ။ မည်သည့်နိုင်ငံ ကြီးများထံမှ ဝယ်ယူ၍မရ။ လွတ်လပ်စနိုင်ငံငယ်လေး အသက်ရှင် ရပ်တည် ရေးကားခက်ခဲ လှပါဘိသည်။
“၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်ပိုင်းမှာဆိုလို့ရှိရင် ဒို့မှာစဖွဲ့ ကတည်းကိုက တပ်ရင်းဆယ်ရင်းနဲ့၊ အဲဒီအတွက်သာဒို့မှာလက်နက်ရှိတယ်။ နည်းနည်း ပါးပါးပဲရှိတယ်၊ ရေတပ်၊ လေတပ်ဆိုတာဟာ လေယာဉ်ပျံက တိုက်ဂါးမောက်နဲ့ ချစ်မန်ခ်တို့ ဒီလောက်ပဲရှိတယ်။ ရေတပ်မှာလည်းပဲ “မေယု” တစ်စင်းတော့ရှိတယ်ပေါ့လေ၊ ကြီးကြီးထဲက။ ကျန်တာတွေကတော့ အမ်အယ်လ် ရှစ်စင်းလား၊ ဆယ်စင်းလား ဒါပဲရှိတယ်။ ရေတပ်တို့ လေတပ်တို့ ဆိုတာကတော့ ဒို့မှာတိုးဖို့ ငွေလည်းမရှိ၊ ရှိတာနဲ့ပဲ တိုက်ကြတယ်” ဟု ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော တပ်မတော် တပ်မှူးများညီလာခံတွင် ထိုသို့ သတိတရပြောဆိုခဲ့ဖူးလေသည်။
ရောင်စုံသူပုန်
နိုင်ငံတော်ကို လက်နက်စွဲကိုင်ပုန်ကန်ခြားနား ကြပါသော သူပုန်တို့၏အင်အားမှာမူ အမျိုးအမည်ပင် တပ်၍ခွဲခြားလို့မကုန်နိုင်အောင်ရှိခဲ့သည်။ သို့နှင့် ထိုသူပုန်သူကန် အဖွဲ့အစည်း ပေါင်းစုံကို ရောင်စုံသူပုန်ဟူ၍ပင် ထိုခေတ်က သိမ်းကျုံးခေါ်ဝေါ်တင်စား ခဲ့ကြရလေသည်။ လက်နက်အင်အား အရလည်း ကြိုတင်ဝှက်ထားခဲ့သည့် စစ်လက်ကျန် လက်နက်ခဲယမ်းများ၊ တောခိုမည့် ကရင်တပ်ရင်း များကို ကြိုတင်တပ်ဆင်ပေးထားသည့် စစ်လက်နက်များဖြင့် ဖောခြင်းသောခြင်း။
ဘဲအုပ်က တစ်ရာ နှစ်ရာ၊ မဗေဒါက တစ်ပင် တည်း။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အင်းစိန်ကို ကေအင်န်ဒီအိုသောင်းကျန်းသူများက သိမ်းပိုက်လိုက်သောအခါတွင်မူ ရောင်စုံသူပုန် နှင့် ရန်ကုန်အစိုးရတို့၏ အင်အားချိန်ခွင်လျှာက တစ်ဖက်စောင်းနင်းဖြစ်လုနီးနီးဟု ဆိုရ တော့မည်။
သို့ရာတွင် တိုင်းပြည်၏ အရေးအခင်းတိုင်းတွင် ပြည်သူလူထု၏ရှေ့မှ အစဉ်အမြဲမားမားမတ်မတ် ရပ်တည်ခဲ့သည့် အစဉ်အလာရှိသောတပ်မတော်သည် ထိုရန်သူတို့ကို လှေခွက်ချည်းကျန်လည်း အလံကို တော့မလှဲ၊ ရင်မြေကတုတ် တွန်းလှန်ခုခံခဲ့ပါသည်။
အင်းစိန်စစ်မျက်နှာတွင် ချင်းတပ်ရင်း-၁၊ ကချင် တပ်ရင်း၊ ဗမာ့သေနတ်ကိုင် တပ်ရင်း -၃၊ တပ်ရင်း-၅၊ ဘီတီအက်ဖ်တပ်၊ တက္ကသိုလ်မှ ကျောင်းသားများ တပ်ဖွဲ့ စသည့်တပ်ရင်း တပ်ဖွဲ့များက လူကုန်ရရာ လက်နက်စွဲကိုင်၍ တိုက်ခိုက်ကြသည်။ ပြည်သူလူထု ကလည်း တစ်ခဲနက်ကူညီသည်။ နေ့စဉ် ထမင်းထုပ် ပို့သည်။
အင်းစိန်တိုက်ပွဲတွင် ဒီဘက်ဟိုဘက် အကျအဆုံးများသည်။ အကြိတ်အနယ်ပွဲဖြစ်သည်။ စောဘင် ဆင်ခြံ၊ တောင်ကုန်းအမှတ် ၁၁၂၊ ဦးစက္ကိန်ကျောင်း စသောအချက်အချာနေရာများကို ဗမာ့ တပ်မတော် က သဲသဲမဲမဲတိုက်ယူရသည်။
အင်းစိန်တိုက်ပွဲ၊ ဦးစန်ကျောင်းတိုက်ပွဲတွင် ဆေးကျောင်းသားများသည် တပ်မတော်၊ စစ်ရဲ တပ်ရင်းတို့နှင့်လက်တွဲ၍ တိုက်ပွဲဝင်နေစဉ် ရှေ့တန်း စစ်ဆင်ရေးကို လာရောက်စစ်ဆေးသည့် ဗိုလ်ချုပ် ကြီးနေဝင်းက တွေ့သွားပြီး “ဒီကောင်တွေ ဆရာဝန်ဖြစ်မယ့်ကောင်တွေ၊ သေနတ်ကိုင် တိုက်နေလို့ သေသွားရင် တိုင်းပြည်နစ်နာမယ်။ အကျိုးရှိအောင် သူတို့ပညာကိုအသုံးချပါလား” ဟုဆိုကာ ဆေးတပ်ဖွဲ့သို့ပို့၍ အရေးပေါ်ပြန်တမ်းဝင်အရာရှိ (ဆရာဝန်) များအဖြစ် ခန့်အပ်ခဲ့သည်။ အဆိုပါ ဆေးကျောင်းသား အများစုသည် နောင်သောအခါဝယ် တပ်မတော်၌ ဆရာဝန်ကြီးများ၊ ထိပ်တန်းခွဲ စိတ်ပါရဂူကြီးများ၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီးများဖြစ်လာကြလေသည်။
လည်ဆွဲအဖြစ် ဂုဏ်ယူစွာချိတ်ဆွဲ
ထို့အတူ ထိုစဉ်က နိုင်ငံတော်အပေါ် သစ္စာ ဖောက်ဖျက်သွားသော တိုင်းရင်းသား အရာရှိ၊ ရဲဘော် အချို့ ရှိပင်ရှိငြားသော်လည်း နိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေမြဲ ရိုသေခဲ့ကြသော ကရင် အရာရှိရဲဘော်များအပါအဝင် တိုင်းရင်းသားအရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအများ အပြားလည်း ရှိခဲ့လေသည်။ ချင်းသေနတ်ကိုင် တပ်ရင်း-၁ မှ တိုက်ပွဲ အလီလီတွင် ရဲဘော်ပေါင်း ၃၀၀ ကျော်ကျသည်။ အရာရှိ လေး-ငါး ဦးကျသည်။ ယင်းတို့အနက်မှ သူရဲကောင်းဘွဲ့ရ ကြသည်။ မြောက်ပိုင်းချင်းတောင်ရှိ ကျေးရွာများတွင် တိုက်ပွဲ၌ကျဆုံးခဲ့သော အရာရှိများ ၏မိခင်များသည် သူတို့သားများ အသက်ပေး ဆွတ်ယူခဲ့သော ဘွဲ့တံဆိပ်များကို လည်ဆွဲအဖြစ် ဂုဏ်ယူစွာချိတ်ဆွဲ လေ့ရှိကြသည်။
အင်းစိန်ကို ၁၉၄၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဗမာ့တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်သည်။ အင်းစိန်ပြီးလျှင် တောင်ငူသို့ ဗမာ့တပ်မတော်တက် သည်။ တောင်ငူ၊ ပြည်၊ သရက်၊ ရေနံမြေ၊ မန္တလေး၊ “မသုံးလုံးနယ်မြေ” ဟုခေါ်သော မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာတစ်ဝိုက်၊ တောင်ကြီး၊ ကလော၊ တနင်္သာရီ၊ မြစ်ဝကျွန်းပေါ်နယ်မြေအစုံမှ ရောင်စုံသောင်းကျန်း သူတို့ကို နှိမ်နင်း ရှင်းလင်းခဲ့ကြသည်။
စွန့်လွှတ်စွန့်စားသော၊ အပင်ပန်းအဆင်းရဲခံနိုင် သော မျိုးချစ်တပ်မတော်၊ ထိုတပ်မတော်သည် အသက် သွေးပေါင်းများစွာ ပေးလှူ၍ ထိုသို့တစ်မြို့ပြီး တစ်မြို့၊ ပြီးတော့ နောက်တစ်မြို့၊ ပြီးနောက် တစ်မြို့တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း အနားမရ သေးပါ။ ပြည်တွင်း ရန်ကို အပေါ်စီးရရုံ မျှသာ ရှိသေးသည်။ ဘူးလေးရာဖရုံကဆင့်ခဲ့ရပြန်ပါပြီ။ ကေအမ်တီ တရုတ်ဖြူ ကျူးကျော်သူတို့နှင့် ဆက်လက်ရင်ဆိုင်ခဲ့ ရပြန်ပါသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်ပြည်ကြီးတွင် ကွန်မြူနစ်တပ်များက ချန်ကေရှိတ် ခေါင်းဆောင်သော ကူမင်တန်အစိုးရအပေါ်တွင် အောင်ပွဲခံခဲ့ရာ ဖော်မိုဆာကျွန်းသို့ ထွက်ပြေးရာတွင် ခရီးကွာလှမ်းသဖြင့် မလိုက်ပါနိုင်သော စစ်ရှုံးတပ်အချို့တို့သည် နီးစပ်ရာနိုင်ငံတို့သို့ ကျူးကျော်ပြေးဝင်သွားကြသည်။
ကျူးကျော်ဝင်ရောက်
၁၉၅၀ ပြည့်နှစ်ခန့်မှစ၍ တရုတ်ပြည်မကြီးမှ ပြိုဆင်းလာသော ဂျင်နရယ်လီမီခေါင်းဆောင်သည့် အမှတ်(၉၃)တပ်မသည် မြန်မာပြည်အရှေ့မြောက် ဘက်သို့ ကျူးကျော်ဝင်ရောက်လာသည်။ စပါး၊ ဆန်ရေပေါများသော ကျိုင်းတုံချိုင့်ဝှမ်းကို အမှီပြုရန် ဝိုင်းရံထားသော တောင်ရိုးများတွင် တပ်ချကြသည်။
သူတို့ဖော်မိုဆာကျွန်းသို့မပြန်လို၊ ရေကြည်ရာမြက်နုရာမှာခို၍ အမြတ်အစွန်းကောင်းသော ဘိန်းကုန် ကူးသည့်လုပ်ငန်းကို လုပ်မည်။ တရုတ် ပြည်မကြီးကို ပြန်လည်သိမ်းပိုက်ရန် အားယူနေသည်ဟု ကြွေးကြော်ဝါဒဖြန့်ကာ ကွန်မြူနစ်ဆန့်ကျင်ရေးကို နိုင်ငံခြားရေးမူဝါဒ တစ်ရပ်အဖြစ် ချမှတ်ကျင့်သုံး နေသော အမေရိကန်နှင့်အပေါင်းပါ နိုင်ငံများမှ အကူအညီ ယူသည်။ လီမီနှင့်သူ့တပ်များသည် ဝါဒဖြန့်ကောင်းသဖြင့် ကမ္ဘာကျော်သွားသည်။ အနောက် နိုင်ငံသတင်းစာကြီးများကလည်း သူတို့ အကြောင်းကို ပုံကြီးချဲ့၍ရေးသားကြသည်။
သူတို့မရေးခင်ကတည်းက ဗမာ့တပ်မတော်သည် လက်နှေးခဲ့သည်မဟုတ်။ ကျိုင်းတုံဘက်တွင် ရှိရာတပ်များဖြင့် တရုတ်ဖြူတပ်မကိုတက်၍ တိုက်သည်။ အမှတ်(၉) တပ်မဟာကို ဗိုလ်မှူးကြီး ကျော်စိုး ဦးဆောင်၍ နဂါးနိုင်စစ်ဆင်ရေးဖွင့်သည်။ တရုတ်ဖြူကို တိုက်ရာတွင် တပ်မတော်သည် ထုထည်နှင့် တိုက်ခိုက်ခဲ့သည်။ နဂါးနိုင်ပြီးလျှင် ဘုရင့်နောင်၊ ရန်ကြီးအောင်၊ မဲခေါင်စသော စစ်ဆင်ရေးတို့ကို ဆက်တိုက်ဆင်နွှဲခဲ့ကြသည်။ တပ်မဟာများကို ပေါင်း၍ တပ်မအဆင့်ဖြင့် ဆင်နွှဲရသော စစ်ပွဲကြီးဖြစ်သည်။ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ အတူပူးပေါင်း၍ တိုက်ကြရသော ပွဲကြီးဖြစ်လေသည်။
လေယာဉ်ကွင်းကို ရေတပ်မတော်မှ ရဲဘော်များက လေယာဉ်ပစ်စက် အမြောက်အမြားဖြင့် စောင့်ရှောက်သည်။ ရေတပ်မတော်သည်တောင်ပေါ်သို့ ရောက်နေသည်။ နမ့်စန်လေယာဉ် ကွင်းတွင် အောက်စဖို့ဒ်(Oxford)၊ ဆီဖြူရီ(Sea fury)နှင့် ဒါကိုတာလေယာဉ် သုံး၊ လေးစင်း ရှိသည်။ လေသူရဲများက ဗမာ့တပ်မတော်ရှေ့တန်းတပ်စခန်း များသို့ရိက္ခာချပေးသည်။ ရန်သူ့စခန်းများ ကိုလည်း သွားရောက်ပစ်ခတ်ကြသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင် ထားသောဗုံး၊ အမြောက် လက်နက်များကိုသာ သုံးစွဲနိုင်လေသည်။
တရုတ်ဖြူတပ်စခန်းများမှာ အိမ်နီးချင်း တစ်ဖက်နိုင်ငံ နယ်နိမိတ်ကို နောက်ခံအခြေပြု၍ တည်ဆောက် ထားသည်။ လေယာဉ်ပေါ်က ကိုယ့်နည်းကိုယ်ဟန်ဖြင့် တီထွင်ထားသော ဗုံး အမြောက်လက်နက် များမှာ ထိထိရောက်ရောက် ပစ်ကူမပေးနိုင်ခဲ့၍ ရော့ကက်ဒုံးများ လိုအပ်လာသည်။
သို့နှင့် ထိုစဉ်က လေတပ်ဦးစီးချုပ် ဗိုလ်မှူးခင်နှင့် လေသူရဲအချို့သည် တစ်ရက်သောအခါတွင် ဆီဖြူရီ လေယာဉ်၌ ရော့ကက်တပ်ဆင်၍ ပစ်ခတ် စမ်းသပ်ကြသည်။ ဆီဖြူရီလေယာဉ်သည် ရော့ကက်ဒုံး ကန်၏အပူချိန်ကို မခံနိုင်၍ ပျက်ကျလေရာ လေတပ်ဦးစီးချုပ် ဗိုလ်မှူးခင် ကျဆုံး ခဲ့ရရှာသည်။
တရုတ်ဖြူတို့ကို ကုလသမဂ္ဂတွင် ကျူးကျော် သူများဟုပင် မသုံးစွဲမခေါ်ဝေါ်ရန် ကန့်ကွက်ခဲ့ပြီး အစစအရာရာ ထောက်ပံ့ပေးနေသော အမေရိကန်နှင့် အပေါင်းပါတို့ထံမှလည်း လက်နက်ဟူ၍ အပ်တို တစ်ချောင်းပင် ဝယ်၍မရခဲ့သော တပ်မတော်သည် အစ္စရေးတို့ထံမှ စစ်လက်ကျန် စပစ်ဖိုင်းယား တိုက်လေယာဉ်အချို့ကို လေလံဆွဲ ဝယ်ယူခွင့်ရ၍သာ ရော့ကက်ပြဿနာ ပြေလည်သွားခဲ့ရသည်။
ရင်ဖွင့်တက်တိုက်ကြရ
သို့ရာတွင် ဆက်လက်ရင်ဆိုင်ရသည့် ပြဿနာအခက်အခဲက အမေရိကန်၏ ကျောထောက် နောက်ခံ ပြုမှုကို ရယူထားသော တစ်ဖက်အိမ်နီးချင်းနိုင်ငံသည် သူ့ပိုင်နက်နယ်မြေထဲသို့ ကျည်တစ်တောင့်ပင် အကျမခံဟု ရာဇသံပေး ကြုံးဝါးထားလေသောအခါ မြန်မာ့တပ်မတော် လေသူရဲများသည် ရန်သူ့ ပစ်အားများကြားမှ မျက်နှာချင်းဆိုင် ဝင်ရောက်၍ ရော့ကက်ပစ်လွှတ် ပြီးလျှင် တစ်ဖက်နိုင်ငံ နယ်နိ မိတ်ထဲ မကျော်လွန်မိစေရန် လေယာဉ်ကိုအကာအကွယ်မဲ့ ရင်ဖွင့်၍ကော့ပျံထွက်ကြရလေသည်။ ထိုအခါကျမှ မြေပြင်တပ်များသည် တရုတ်ဖြူတို့ တောင်ကုန်းများပေါ်တွင် အခိုင်အမာတပ်စွဲထားသော တပ်စခန်းများကို မျက်နှာချင်းဆိုင်ရင်ဖွင့် တက်တိုက်ကြရလေသည်။
၁၉၆၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည့် မဲခေါင်စစ်ဆင်ရေးကြီးတွင်မူ တရုတ်ဖြူ တပ်များကို မကြာခဏခဲယမ်းရိက္ခာများ လာချပေးနေသော B-24 အမျိုးအစားမှ ဆင်းသက် လာသည့် စက်လေး လုံးတပ်(P-4Y-2 Pravateer) ရန်သူ့လေယာဉ်ကြီးကို ဗိုလ်မောင်သိန်း ခေါင်းဆောင်သော ဆီဖြူရီတိုက် လေယာဉ်သုံးစင်းတို့က အသင့်စောင့်ဆိုင်းပြီး ပထမဆုံး လေကြောင်း တိုက်ပွဲဆင်နွှဲခဲ့သည်။
ရန်သူလေယာဉ်ကြီးတွင် ဒသမ ၅ ကျည်သုံး စက်သေနတ်ကြီး ၁၂ လက် တပ်ဆင်ထားသည်။ လေကြောင်းတိုက်ပွဲတွင် ရန်သူ့စက်လေးလုံးတပ် လေယာဉ်ကြီးသည် အမြီးပိုင်းပြုတ်ထွက်ပြီး မီးဟုန်းဟုန်းတောက်ကာ ထိုင်းနိုင်ငံအတွင်းသို့ စိုက်ကျသွားခဲ့သလို တပ်မတော်လေမှ ဗိုလ်ပီတာ၏ လေယာဉ်သည်လည်း ရန်သူ့ကျည်ထိမှန်ကာ မိမိနယ်နိမိတ်နှင့် ရှစ်မိုင်ခန့် ဝေးသော ထိုင်းနိုင်ငံ အတွင်းသို့ မီးလောင်ပျက်ကျသွားခဲ့သည်။ ဗိုလ်ပီတာလည်း ကျဆုံးသွားခဲ့ ရှာသည်။ ဗိုလ်ချစ်ခိုင်၏ လေယာဉ် နောက်မြီးအောက်ပိုင်းတစ်ခုလုံးလည်း ကြေမွပျက်စီး သွားသည့်အပြင် ဘီးလည်းပြုတ်ထွက် ခဲ့သည်။ ဗိုလ်ချစ်ခိုင်၏လေယာဉ်ကို ဗိုလ်မောင်သိန်းက ခေါ်ဆောင်လာပြီး ကျိုင်းတုံကွင်းတွင် ဘီးမချဘဲ ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရလေသည်။
အိမ်နီးချင်းတစ်ဖက်နိုင်ငံမှ ဒေသခံပြည်သူများ အဖို့ကတော့ ဗမာ့တပ်မတော်နှင့် တရုတ်ဖြူတပ် တို့၏ မြေပြင်ရင်ဆိုင်တိုက်ပွဲများကလည်း သူတို့အဖို့ပွဲကြီး ပွဲကောင်းတစ်ခုလိုဖြစ်နေသည်။ မြန်မာနယ်နိမိတ် အတွင်းက တိုက်ပွဲများကို သူတို့နိုင်ငံနယ်နိမိတ်ထဲရှိ ပို၍မြင့်သော တောင်ကုန်းပေါ်မှ နေ့စဉ်လာရောက် ကြည့်ရှုကြသည်။ တောင်ပေါ်တက်သည့်ဘတ်စ်ကား ခများပင် ဈေးတက်သွားလေသည်။ နောင်အခါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်များကို ပြည်ပ ခရီးစဉ်တစ်ခုတွင် တစ်ဖက်နိုင်ငံမှ စစ်ဘက်ကိုယ်စား လှယ်များက မြန်မာ့တပ်မတော်၏ မျိုးချစ်စိတ်နှင့် စွန့်လွှတ်စွန့်စားရဲသောသတ္တိကို တခုတ်တရချီးကျူး စကားဆိုကြလေသည်။
မြန်မာပြည်သူလူထုများအဖို့မူ အမျိုးသားရေး ကိစ္စလည်းဖြစ်၊ လွတ်လပ်ရေး၏ အန္တရာယ်ကြီး တစ်ရပ် လည်းဖြစ်၍ တပ်မတော်ကို တစ်ခဲနက်ကူညီကြသည်။ လုပ်အား၊ ပစ္စည်းအားဖြင့် ကူညီကြသည်။ စစ်မျက်နှာသို့ ပစ္စည်းသယ်ပို့ရာတွင် လိုက်ပါကြသည်။ ရှေ့တန်းရောက် ရဲဘော်များသို့ လက်ဆောင်၊ မေတ္တာစကားပေးပို့ကြသည်။ ကျောင်းသားများ တပ်မတော်သို့ ဝင်ကြသည်။ မြန်မြန်စစ်မြေပြင်သို့ ထွက်လိုကြသည်ဆိုကြသည်။
တရုတ်ဖြူကို တိုက်ခိုက်ခဲ့စဉ်က ဗမာ့တပ်မတော်သည် ကျိုင်းတုံဘက်မှ ဆင်းသည်။ မိုင်းတုံ၊ မိုင်းဆတ်ဘက်သို့ ထိုးဖောက်သည်။ အောက်ဘက် သထုံ၊ မော်လမြိုင်မှ ပိတ်ဆို့သည်။ ညှပ်ပူးညှပ်ပိတ် အမိခံရသော် ရန်သူတို့ပြိုလေသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံက အရေးဆိုသဖြင့် မြန်မာ့မြေမှ နိုင်ငံခြားတပ်များဆုတ်ခွာစေရန် ဝိုင်းဝန်းကူညီမည်ဟု ညီလာခံက ဆုံးဖြတ်ချက် ချမှတ်သည်။ လေးနိုင်ငံကော်မရှင်ဖွဲ့၍ တရုတ်ဖြူ ကျူးကျော်သူများကို ခေါ်ထုတ်သွားရန် စီစဉ်ခဲ့ကြ လေတော့သည်။
စစ်ဆင်ရေးပြီး စစ်ဆင်ရေးတို့ဖြင့် ဆက်လက်ဆင်နွှဲ
တရုတ်ဖြူကျူးကျော်မှုပြဿနာ ပြေလည်ပြီးမြောက်သွားသည့် နောက်တွင် လည်း ချီလေသည့် တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှု ရန်စွယ်များကို စစ်ဆင်ရေးပြီး စစ်ဆင်ရေးတို့ဖြင့် ဆက်လက်ဆင်နွှဲချေမှုန်းရပြန်ပါသည်။ နားရသည်ဟူ၍ မရှိ၊ စစ်ဆင်ရေး တစ်ခါထွက်ပြီဆိုလျှင် တပ်ရင်းကိုပြန်ရဖို့ မျှော်မှန်း၍မရ။ အချို့ခြေမြန်တပ်ရင်းများသည် တစ်ခါတစ်ရံတစ်နှစ် ကျော်သည်အထိ တပ်ရင်းဌာနချုပ်သို့ ပြန်မရောက်နိုင်ခဲ့ကြ။
“မိုးတွေကလည်း မစဲဘဲ ရွာသွန်းတယ်၊ မြစ် ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။ ဘယ်မှာလဲအိပ်ရတယ် ရှိလိမ့်မယ်၊ အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်” ဟူသည့် “တူယှဉ်ကာတိုက်စို့” စစ်ချီသီချင်းနှယ် ချီလေသည့် တပ်မတော်သည် တောအထပ်ထပ် တောင်အသွယ်သွယ် မမောတမ်းမပန်းတမ်းချီတက်နေမြဲ။
တိုက်စွမ်းရည်အားဖြင့်လည်း အတွေ့အကြုံက မနည်းတော့။ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားမှု အပေါ်အမြတ်ထုတ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းယန်းတပ်မတော်စခန်းကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော ရန်သူကိုလည်း အသက်သွေးချွေးများပေးဆပ်၍ မဆုတ် တမ်းခုခံတွန်းလှန်နိုင်ခဲ့သည်။ ထိုတိုက်ပွဲကြီးတွင် လူအင်အား ၁၅ ယောက်ခန့်သာရှိသော တပ်မတော် တပ်စိတ်နှစ်စိတ်စခန်းကုန်းကိုပင် ရန်သူ ၅၀၀ ခန့်ဖြင့် ဝိုင်းတိုက်ခိုက်ခဲ့ကြ သော်လည်း ချေမှုန်းနိုင်ခြင်းမရှိ။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် တို့ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် မိမိတို့တာဝန်ယူထိန်းသိမ်းထားရသော နယ်မြေများကို
“တစ်မှုန့်မြေလွှာ
တစ်လွှာပန်းခြောက်
တစ်ပေါက်ရေစက်
ငါတို့လက်မှ
ရန်သူ ရလျှင်
မြန်မာ့သမိုင်း ရိုင်းတော့မည်”
ဟူသောစိတ်ဓာတ်ဖြင့် ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် ကြံ့ကြံ့ခံထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ပါသည်။
ဤသို့အားဖြင့် ချီလေသည့် တပ်မတော်သည် ၁၉၇၀ ပြည့်နှစ် ငွေရတုကာလ၊ ၁၉၉၅ ခုနှစ် ရွှေရတုကာလ၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စိန်ရတု ကာလတိုင် ရတုအလီလီချီ၍ အခက်အခဲ အကျပ် အတည်းပေါင်းမျိုးစုံကို မုန်တိုင်းကိုမမှု အန်တု ဖြတ်ကျော်လာခဲ့ပါသည်။
ခေတ်အဆက်ဆက်မှ မျက်မှောက်ကာလအထိ တပ်မတော်ခေါင်းဆောင်ကြီးများ၏ အမြော် အမြင်ကြီးမားမှုတို့ဖြင့် ပြုစုပျိုးထောင်ခဲ့မှုကြောင့် တပ်မတော်သည် ပစ္စက္ခမျက်မှောက် ကာလတွင် စွမ်းရည်ပြည့်ဝသော ခေတ်မီတပ်မတော်တစ်ရပ် အဖြစ် နိုင်ငံတကာနှင့် ရင်ပေါင် တန်းရပ်တည်နိုင် ခဲ့လေပြီ။ သမိုင်းအစဉ်အလာကြီးမားသော ထိုမြန်မာ့တပ်မတော်ကို ပြည်ပြေး အကြမ်းဖက် သမားတို့က တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ပူးပေါင်း၍ တိုက်ခိုက် ချေမှုန်းပြီး မြို့ရွာတွေကို သိမ်းတော့မည်ဟုဆိုသောအခါ...................။
စာချစ်သူ
No comments:
Post a Comment