မန္တလေး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရွေ့လျားကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက်၇နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၉ လမ်း၊ ၆၃ လမ်းနှင့် ၆၄လမ်းကြားရှိ နန်းတော်ရှေ့ ဈေးအရှေ့၌ ပြုလုပ်ကြသည်။
ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းနိုင်၊ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသက်ခိုင်၊ ရောဂါနှိမ်နှင်းရေး(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက နန်းတော်ရှေ့ဈေးရှိ ဈေးသူ/ဈေးသားများနှင့် လမ်းသွား လမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးကြသည်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ဈေးသူ/ဈေးသားများနှင့် လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)နှင့် "နေထိုင်မှုပုံစံအသစ်" "ကိုဗစ်-၁၉ ရောဂါ မိမိကစကာကွယ်ပါ"ကျန်းမာရေးအသိပညာ ပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးရာ နေရာတွင် အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နှင့် ရာအိမ်မှူးများ၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက လိုအပ်သည် များကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)

No comments:
Post a Comment