ပြင်ဦးလွင် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဉီးလွင်မြို့ ၊ ရပ်ကွက်ကြီး ( ၅ ) ၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ ပြင်ဉီးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဉီးဆောင်ကာ ပြည်သူမျာ၏ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို စေတနာရှင် ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် တည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်များကို လူမျိုးဘာသာ နေရာဒေသ မရွေး အခမဲ့ဖြန့်ဝေပေးလျက်ရှိသည် ။
ယခုအခါတွင် ပြင်ဉီးလွင်မြို့နယ် အပါအဝင် မိုးကုတ် ၊ ချောင်းဉီး ၊ နောင်ချို ၊ မုံရွာ ၊ မြင်းမူ ၊ ကျောက်မဲ ၊ တကောင်းကြာညှပ် တိုက်နယ်ဆေးရုံ နှင့် ပရဟိတ လူမှုရေးအသင်း အဖွဲ့အစည်းတို့မှ လာရောက်၍အောက်ဆီဂျင်များကို ဖြည့်သွင်းလျက်ရှိရာ ဩဂုတ် ၂၇ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ အောက်ဆီဂျင် ( 40 ) L အိုး ( ၂၀၀၀ ) ခန့် ဖြည့်သွင်းထားပြီးဖြစ်ပါသည် ။
ဆက်လက်ပြီး ပြင်ဉီးလွင် ( အခမဲ့ ) နာရေးကူညီမှုအသင်းကြီးမှ ပြင်ဉီးလွင်မြို့ လူထုအတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို တစ်နေ့လျှင် ( 40 ) L အိုး ( ၁၀၀) အိုးခန့် အရန်သင့်ထား ရှိပါကြောင်းနှင့်အနယ်နယ်အရပ်ရပ်မှ အောက်ဆီဂျင် လာရောက်ဖြည့်သွင်းသော ပရဟိတ လူမှုရေး အသင်းများနှင့် အဖွဲ့အစည်းများအားလုံးကိုလည်း ပြင်ဉီးလွင် ( အခမဲ့ ) နာရေးကူညီမှုအသင်းကြီးမှ လိုအပ်သည်များကို ကူညီစောင့်ရှောက်ကာ အောက်ဆီဂျင်များကို အခမဲ့ဖြည့်သွင်းပေးလျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည် ။

No comments:
Post a Comment