Wednesday, September 1, 2021

မိမိအိမ်နီးချင်းနိုင်ငံမှာ ရောဂါဖြစ်ပွားမှုကျသွားလေလေ ပိုပြီးလုံခြုံစိတ်ချရလေ ဖြစ်ပါတယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

 



 

ဒေါက်တာ သန်းနိုင်စိုး

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၃၀ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက် များအကြောင်း သိကောင်းစရာအစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

 

အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉တတိယလှိုင်း ဖြစ်ပွားနေတာ နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေမှု အခြေအနေကို ပြောကြားပေးပါဦး။

 

ဒေါက်တာသန်းနိုင်စိုး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ အာဆီယံဒေသအတွင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ဒေသကြီးတွေအခြေအနေ၊ ကျွန်တော်တို့ဆီမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအားလုံးကို ခြုံငုံသုံးသပ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ပထမဦးဆုံး တင်ပြချင် တာက ဩဂုတ် ၂၈ ရက် ည (၈) နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၁၈၉ ခုကို စစ်ဆေးတဲ့အခါ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉၃၂ ဦး တွေ့ရပြီး ပိုးတွေ့ရှိနှုန်းက ၁၆ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်တဲ့ အတွက်ပိုးတွေ့ရှိနှုန်းတွေ တဖြည်းဖြည်းကျ လာတဲ့ သဘောရှိပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတို့မှာ ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၃၈၉၁၃၄ ဦးရှိပြီး သေဆုံးသူပေါင်း ၁၅၀၇၇ ဦး ရှိပါတယ်။ ဒါတွေက လတ်တလော တွေ့ရှိရတဲ့ အချက်တွေဖြစ်ပါတယ်။

 

ရောဂါကူးစက်မှုလှိုင်းနဲ့ ကာလကိုကြည့်ရင် ပထမလှိုင်းကာလက ၁၄၆ ရက် ကြာခဲ့ပါတယ်။ ဒုတိယလှိုင်းကာလက ၂၈၄ ရက် ကြာခဲ့ပြီး ရောဂါ ဖြစ်ပွားသူပေါင်း ၁၄၂၉၄၄ ဦးနဲ့ သေဆုံးသူပေါင်း ၃၂၁၀ ရှိခဲ့ပါတယ်။ ကူးစက်မှုနှုန်းမြန်ပြီး ရောဂါဖြစ်ပွားမှုပြင်းထန်တဲ့ မျိုးဗီဇပြောင်းလဲမှုရှိတဲ့ ပိုးတွေနဲ့အတူ တတိယလှိုင်းကာလက မေလ ၂၇ ရက်ကနေ သြဂုတ်လ ၂၈ ရက်အထိ ၉၄ ရက်တာ ကာလရှိခဲ့ပြီဖြစ်ပါတယ်။ တတိယလှိုင်းကာလ အတွင်း ပိုးတွေ့ ရှိသူပေါင်း ၂၄၅၈၁၆ ဦးရှိပြီး သေဆုံးသူပေါင်း ၁၁၈၆၁ ဦးရှိကာ သေဆုံးမှုနှုန်း အနေနဲ့ ၄ ဒသမ၈ ရာခိုင်နှုန်းအထိတက်လာတာကို တွေ့ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတို့ကို ပေါင်းလိုက်ရင် စုစုပေါင်းလူနာ ၃၈၉၁၃၄ ဦး၊ သေဆုံးသူပေါင်း ၁၅၀၇၇ ဦး၊သေဆုံးမှုနှုန်းအနေနဲ့ ၃ ဒသမ ၉ ရာခိုင်နှုန်းရှိတာကို ပထမဦးဆုံးအနေနဲ့ တင်ပြလိုပါတယ်။

ကျွန်တော့်အနေနဲ့ တတိယလှိုင်းကာလကို ခြုံငုံပြီး ပြန်လည်တင်ပြပါမယ်။ မေလ ၂၇ ရက်မှာ စစ်ဆေးသူပေါင်း ၁၇၈၈ ဦးအနက် ၉၆ ဦး အစု လိုက်၊ အပြုံလိုက်အနေနဲ့ စတင်တွေ့ရပြီး ပိုးတွေ့ ရာခိုင်နှုန်း ၅ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒါက တတိယလှိုင်းအစလို့ ပြောလို့ရပါတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ ပိုးတွေ့ရှိနှုန်းက ဇူလိုင် လ ၂၃ ရက် စစ်ဆေးသူပေါင်း ၁၀၄၈၇ ဦးမှာ ပိုးတွေ့သူပေါင်း ၅၅၀၆ ဦး၊ ပိုးတွေ့နှုန်းက ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းဆိုတဲ့အတွက် ၄၁ ရာခိုင် နှုန်းနီးပါးအထိ တက်သွားတာကို တွေ့ရပါတယ်။ နောက်ပိုင်း နိုင်ငံတော်က Stay at Homeမြို့နယ် တွေ ကြေညာတယ်၊ ရုံးပိတ်ရက်ရှည်တွေ သတ်မှတ် ပေးတယ်။ တစ်ဖက်ကလည်း ပြည်သူတွေ၊ လူမှုရေး အသင်းအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသ အာဏာပိုင်အဖွဲ့အစည်း တွေက နည်းစနစ်တကျ ကြပ်မတ်ထိန်းကျောင်းပေးမှု၊ အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ပိုးတွေ့ရှိနှုန်းတွေ တဖြည်းဖြည်းနဲ့ ကျဆင်းလာတာကို တွေ့ရပါတယ်။

 

ဇူလိုင်လ ၂၃ ရက်မှာ ရောဂါပိုးတွေ့ နှုန်း ၄၁ ရာခိုင်နှုန်းနီးပါးတက်ခဲ့ရာကနေဩဂုတ်လ ၃ ရက်မှာ ၃၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိပြန်ပြီးကျလာတာကို တွေ့ရပါတယ်။ သြဂုတ်လ ၂၈ ရက် အနေအထားက ၁၆ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ပြန်ကျလာတာကကောင်းတဲ့အချက်ဖြစ်ပါတယ်။ တတိယလှိုင်းရဲ့ ရောဂါဖြစ်ပွားမှု တကယ့်ထိပ်ဆုံးထိပ်ဖျားကို ကျော်လွန်လာခဲ့တဲ့ အနေအထား မျိုး၊ ပိုးတွေ့ရှိနှုန်းနဲ့ ရောဂါဖြစ်ပွားမှုကျဆင်းလာတဲ့ အနေအထားကို တွေ့ရှိလာရပါတယ်။

 

ရုံးပိတ်ရက်ရှည်တွေနဲ့ ပတ်သက်ပြီး တင်ပြရရင် ရုံးပိတ်ရက် ကာလက ခြောက်ပတ်ထဲကို ရောက်လာ ပြီ။ ဒီရုံးပိတ်ရက် မသတ်မှတ်မီ တစ်ပတ် (ဇူလိုင်လ ၁၄ ရက်ကနေ ၂၀ ရက်အထိ)ကို အခြေခံပြီး ကိန်းဂဏန်းအတက်အကျ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကြည့်တဲ့အခါမှာ နံပါတ်တစ် အနေနဲ့ ရောဂါဖြစ်ပွားမှု အကျဆင်းဆုံးလို့ ပြောရပါမယ်။ ဒါက ရန်ကုန်တိုင်း ဒေသကြီး ဖြစ်ပါတယ်။ ရုံးပိတ်ရက်ရှည်သတ်မှတ်ပြီး ပထမအပတ်မှာပဲ ရန်ကုန်တိုင်းဒေသ ကြီးက ၂၂ ရာခိုင်နှုန်းအထိ ကျသွားပါတယ်။ ဒုတိယအပတ်မှာ ၄၅ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၆၈ ရာခိုင်နှုန်း၊ စတုတ္ထ အပတ်မှာ ၇၇ ရာခိုင်နှုန်းအထိကျပြီး ပဉ္စမ အပတ်ဖြစ်တဲ့ ဩဂုတ်လ ၂၄ ရက်မှာ ၈၇ ရာခိုင်နှုန်းအထိ ကျဆင်း သွားတာကို တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး က ရောဂါဖြစ်ပွားမှု တော်တော်ကြီးကို ကျဆင်းသွား တာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းမြောက်မိ ပါတယ်။

 

ဒုတိယအကျဆင်းဆုံး တိုင်းဒေသကြီးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပါတယ်။ ရုံးပိတ်ရက် ရှည် သတ်မှတ်ပြီးတဲ့အခါ ပထမအပတ်မှာ ၇ ရာခိုင်နှုန်း၊ ဒုတိယအပတ်မှာ ၂၆ ရာခိုင်နှုန်း၊ တတိယ အပတ်မှာ ၅၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာ ၅၇ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၇၂ ရာခိုင်နှုန်း အထိ

ရောဂါဖြစ်ပွားသူဦးရေ ကျဆင်းလာတာကို တွေ့ရပါတယ်။

 

ပဲခူးတိုင်းဒေသကြီးအနေနဲ့ ပဉ္စမအပတ် (ဩဂုတ် လ ၁၈ ရက်ကနေ ၂၄ ရက်အထိ) ကာလအတွင်းမှာ ရုံးပိတ်ရက်မသတ်မှတ်မီ တစ်ပတ်ကာလ ကိန်း ဂဏန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ၇၁ ရာခိုင်နှုန်းအထိ ကျလာတာကို တွေ့ရပါတယ်။ ဒီလိုရောဂါဖြစ်ပွားမှု နှုန်းကျဆင်းနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ဖြစ်ပါတယ်။

 

ရုံးပိတ်ရက်အစပိုင်းမှာ သိပ်မကျသေးဘဲ နောက်ပိုင်းမှာကျလာတဲ့ ပြည်နယ်/တိုင်းဒေသကြီး တွေအနေနဲ့ ကချင်ပြည်နယ်က ရုံးပိတ်ရက်ရှည် သတ်မှတ်တဲ့ ပထမအပတ်မှာ ၄၅ ရာခိုင်နှုန်းနဲ့ ဒုတိယအပတ်မှာ ၁၄ ရာခိုင်နှုန်းအထိ ဆက်တက်နေ ပါတယ်။ တတိယအပတ်မှာ ၆ရာခိုင်နှုန်း ပြန်ကျလာ ပါတယ်။ စတုတ္ထအပတ်မှာ ၁၅ ရာခိုင်နှုန်းအထိ ကျလာပြီး ပဉ္စမအပတ်မှာ ၂၆ ရာခိုင်နှုန်းအထိ ကျသွားတာကို တွေ့ရပါတယ်။ အစပိုင်းမှာ နည်းနည်း တက်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ ကျလာတာကို တွေ့ရ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ရုံးပိတ်ရက် ရှည်သတ်မှတ်တဲ့ ပထမအပတ်မှာ ၃၃ ရာခိုင်နှုန်း၊ ဒုတိယအပတ်မှာ ၃၃ ရာခိုင်နှုန်းနဲ့ တတိယအပတ်မှာ ၆၄ ရာခိုင်နှုန်းအထိ တက်သွားပါတယ်။ စတုတ္ထ အပတ်မှာ ၁၄ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၃၈ရာခိုင် နှုန်းအထိ ကျလာပါတယ်။

 

ရုံးပိတ်ရက်ရှည် ငါးပတ်ကျော် ခြောက်ပတ်ထဲ ရောက်ရှိလာတာတောင် ဆက်ပြီးတက်နေသေးတဲ့ သို့မဟုတ် ဖြစ်ပွားတာတန်းနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် သုံးခု ရှိပါတယ်။ အဓိက ရှမ်းပြည်နယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ ပထမအပတ်မှာ ၅ ရာခိုင်နှုန်း တက်ပါတယ်။ ဒုတိယအပတ်မှာ ၂ ရာခိုင်နှုန်း ပြန်ကျပါတယ်။ တတိယအပတ်မှာ ထူးခြားမှု မရှိပါဘူး။ စတုတ္ထအပတ်မှာ ၄ ရာခိုင်နှုန်း တက်ပြီး ပဉ္စမအပတ်မှာ တန်းနေတဲ့သဘောရှိ ပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ ဆက်လက်ပြီးရောဂါဖြစ်ပွားရာ ဇာစ်မြစ်နဲ့ ရောဂါဖြစ်ပွားမှု များပြားတဲ့မြို့နယ်၊ ဒေသ၊ ရပ်ကွက်၊ ကျေးရွာအထိ ဆင်းပြီးရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ လိုပါတယ်။

 

တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ပထမ အပတ်မှာ ၄၃ ရာခိုင်နှုန်း၊ ဒုတိယအပတ်မှာ ၁၁၅ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၁၂၅ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာ ၁၁၇ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၈၈ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားတဲ့ လူဦးရေအရ တက်နေတုန်းဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီး အနေနဲ့ တက်တဲ့အထဲမှာပါနေဆဲဖြစ်ပါတယ်။  ရောဂါဖြစ်ပွားသူ လူဦးရေတက်နေမှု အများဆုံးက ကယားပြည်နယ် ဖြစ်ပါတယ်။ ကယားပြည်နယ်  အနေနဲ့ ပထမအပတ်မှာ ၆၆ ရာခိုင်နှုန်း၊ ဒုတိယ အပတ်မှာ ၈၈ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၁၄၁ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာ ၁၈၀ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၂၂ ရာခိုင်နှုန်း တက်နေပါတယ်။ ကယားပြည်နယ်က ဖြစ်ပွားတဲ့လူဦးရေအရ တွက်ကြည့်ရင် နည်းတဲ့အတွက် ကိန်းဂဏန်း အနေနဲ့ ၂၀ ကနေ ၄၀ တက်သွားတာမျိုး၊ ၁၀၀ ကနေ၂၀၀ဖြစ်သွား တာမျိုးဖြစ်လို့တော်သေးတယ် ' လို့ ပြောရပါမယ်။ အခြေခံကိန်းဂဏန်း ကသောင်းဂဏန်းနဲ့ရှိပြီး နှစ်ဆသာတက်ရင် စိတ်ပူ ရမယ့် အနေအထားပါ။ ကယားပြည်နယ်အနေနဲ့ ဖြစ်ပွားတဲ့လူဦးရေက အစကတည်းက နည်းပါတယ်။ အစကတည်းက နည်းတဲ့သဘောကနေ နောက်ပိုင်း နှစ်ဆတက် လာတဲ့သဘောရှိပါတယ်။ ဒီလိုမျိုးရောဂါဖြစ်ပွားမှုတွေ တက်လာရင် တက်နေတဲ့နေရာတွေမှာ တက်လာတဲ့ကိန်းဂဏန်းကိုပြန်ပြီး Break Down ချရပါတယ်။ ဘယ်မြို့နယ်က တက်သလဲ၊ မြို့နယ်ထဲကဘယ်ရပ်ကွက်ကျေးရွာက တက်သလဲ၊ ရပ်ကွက်/ ကျေးရွာထဲက ဘယ်လမ်းက တက်သလဲနဲ့  နောက်ဆုံး ဘယ်အိမ်က ဖြစ်သလဲအထိရောဂါဖြစ်ပွားမှုကို နောက်ကနေ လိုက်ရပါတယ်။  ကိန်းဂဏန်း တစ်ခုတက်လာရင် သူ့ရဲ့ နောက်မှာ  ရောဂါရာဇဝင် ရှိပါတယ်။ ဒီရာဇဝင်ကိုလိုက်ပြီးသူနဲ့ ဆက်စပ်ထိတွေ့တဲ့သူတွေ ရှာရပါတယ်။ ဒါကရောဂါကွင်းဆက် ဖြတ်ခြင်းဖြစ်ပါတယ်။

 

ဆက်လက်ပြီး ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်း တွေရှိပါတယ်။ ကာကွယ်ရေးလုပ်ငန်းတွေကို အားလုံးစုပေါင်းလုပ်ဆောင်ကြဖို့ ကျန်းမာရေး အသိပညာမြှင့်တင်ပေးရတဲ့ အပိုင်းတွေရှိတယ်။ ဒါတွေကို ပူးပေါင်းပြီးဆောင်ရွက်ရင် ဖြစ်ပွားမှုတက်နေတဲ့နေရာတွေလည်း လျော့သွားမှာဖြစ်တဲ့ |အပြင် ကုသရေးစနစ်အပေါ် သက်ရောက်လာနေတဲ့ လူနာအင်အားများပြားနေတဲ့ကိစ္စတွေ တဖြည်းဖြည်း လျော့ပါးလာပြီး တတိယလှိုင်းကိုကောင်းစွာဆက်လက် ကျော်ဖြတ်နိုင်မယ့် အနေ အထားကိုရရှိလာ မှာဖြစ်ပါတယ်။ ဒါတွေက မြန်မာနိုင်ငံရဲ့ အခြေအနေကို ဦးစွာတင်ပြခြင်း ဖြစ်ပါတယ်။

ထက်လျှံ

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment