ကျောက်ဖြူ စက်တင်ဘာ ၇
ကိုဗစ်-၁၉ ကာလအတွင်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဝါဆိုသံဃာများအား အခက်အခဲမရှိစေရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့်ခရိုင်/မြို့နယ်များရှိ ဌာနဆိုင်ရာများ စုပေါင်းထည့်ဝင်သော လှူဖွယ်ပစ္စည်းများအား ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က မြို့ပေါ် ကျောင်း(၅၅)များ သို့သွားရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ အမျိုးသမီးရေးအဖွဲ့တို့ ပူးပေါင်း၍ ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက် သို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ကြက်သွန်နီ စသည့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြသည်။ အဆိုပါလှူဖွယ်ပစ္စည်းများအား နိုင်ငံတော်ဩဝါဒစရိ ပဓာနနာယက ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ ထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဥက္ကဋ္ဌနှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပြီး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ဆန်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ သာသနာ့နွယ်ဝင် သီလရှင် ဆရာလေးများအား ဆန်၊ဆီနှင့် ကြက်သွန်များ လှူဒါန်းပေးခဲ့ကြသည်။ အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များက မြို့မအလယ်ကျောင်းတိုက် သို့သွားရောက်ပြီး ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများက ဆရာဒကာ ကျောင်းတိုက်များသို့ သွားရောက်ကာ လှူဒါန်းလျက်ရှိသည်။
ကျောက်ဖြူခရိုင်/မြို့နယ်ဦးစီးဌာနများမှ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှာ 'ဝါတွင်းကာလ၌ ဆွမ်းအခက်အခဲများမရှိစေရေးအတွက် ကျောင်းတိုက်(၅၅)တိုက်ကို မိမိတို့အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဌာနများမှ လှူဒါန်းသည့် ဆီ၊ကြက်သွန် လှူဖွယ် ပစ္စည်းများကို ဩဂုတ်လနောက်ဆုံးအပတ်မှစတင်ပြီး ယနေ့အထိ သွားရောက်လှူဒါန်းလျက် ရှိပါတယ်၊ ကျွန်တော် တို့ ခရိုင်/မြို့နယ် လှူဒါန်းစာရင်းများအရ ဆန်အိတ် ၁၁၀၊ ဆီ ၅၀ ပိဿာ၊ ပဲ ၂၀ ပိဿာ၊ ကြက်သွန် ၃၀ ပိဿာ၊ ဆား ၅၀၀ ပိဿာ၊ ငွေသား နဝကမ္မလှူဒါန်းငွေကျပ် ၁၇ သိန်းကျော် စုစုပေါင်းပစ္စည်းနှင့်အလှူငွေ သိန်း ၃၀ ကျော် နှင့်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေ သိန်း ၂၀ ဖြင့်ပေါင်းကာ လှူဒါန်းပေးလျက်ရှိ ပါတယ် ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်ကျော်ကပြောသည်။ အလားတူ မြို့နယ်သုံးမြို့နယ်အတွက် ပြည်နယ်အစိုးရအဖွဲ့၏မတည်ငွေ သိန်း ၂၀ စီဖြင့် ရမ်းဗြဲမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း(၂၅)ကျောင်းအား ၂၃ သိန်းတန်ဖိုးရှိ ဆန်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ မာန်အောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း အား ၂၆ သိန်းတန်ဖိုးရှိ ဆန်၊နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ အမ်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၃၀)ကျောင်းအား ၃၄ သိန်းကျော်တန်ဖိုးရှိ ဆန်၊နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဦးဆောင်၍ လှူဒါန်းပေးလျက် ရှိကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း
No comments:
Post a Comment