မြိတ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီး၌ တနင်္သာရီရိုးရာ ခေါသရပ် ပွဲတော်အဖြစ် ယနေ့နံနက်ပိုင်းက စေတီတော်ရှိ ဓမ္မာရုံအတွင်း သံဃာတော်နှင့် သီလရှင်များအား ပင့်ဖိတ်၍ မြိတ်ဒေသမုန့်ဆွမ်း အမျိုး(၄၀)ကျော်ကို ကမ္ဘာလုံးကျောင်းတိုက် သာသနာပြုဆရာတော် ဦးဆောင်၍ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။
“မြိတ်ဒေသမှာ တနင်္သာရီဒေသရိုးရာ ခေါသရပ်ပွဲတော်နေ့မှာ ယခင်တုန်းက မုန့်ဆွမ်းလောင်းလှူပွဲတွေ ရှိပါတယ်။ ယခုနောက်ပိုင်းမှာ တဖြေးဖြေးပျောက်ကွယ်လာလို့ အဲဒီရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ စေတီတော်မှာ ပထမဆုံးပြုလုပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒေသမုန်အမျိုး(၄၃)မျိုးကို သံဃာတော်နှင့်သီလရှင် အပါး (၁၈၀) ကို ပင့်ပြီး လောင်းလှူတာဖြစ်ပါတယ်” ဟု ကမ္ဘာလုံး ကျောင်းတိုက် သာသနာပြုဆရာတော် ဘဒ္ဒန္တခေမာစာရက မိန့်ကြားသည်။
ခေါသရပ် ပွဲတော်အဖြစ် မြိတ်ဒေသမုန့်ဆွမ်းများကို သံဃာတော်နှင့် သီလရှင်များအား အလှူရှင်များမှ နံနက်(၆)နာရီတွင် စတင်လောင်းလှူခဲ့ကြပြီးနောက် စေတီတော်သို့ လာရောက်ကြသည့် ဧည့်ပရိတ် သတ်များအား ဒေသမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ နှစ်စဉ် တော်သလင်းလပြည့်ကျော်(၄)ရက်နေ့ ကို ခေါသရပ်ပွဲတော်နေ့အဖြစ် တနင်္သာရီမြို့တည်စကတည်းကပင် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းကြာ မြင့်ပြီဖြစ်သည့် တနင်္သာရီမြို့၏ ဒေသရိုးရာပွဲတော် တစ်ခုဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါပွဲတော်ကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မြို့နယ်များတွင်သာ ကျင်းပလေ့ရှိကြောင်း သိရ သည်။
ခိုင်ထူး (မြိတ်)

No comments:
Post a Comment