Thursday, September 2, 2021

ဂန့်ဂေါတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း



ဂန့်ဂေါ စက်တင်ဘာ ၂


ဂန့်ဂေါခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပရဟိတအသင်းများနှင့် တွေ့ဆုံ ၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ရှင်းလင်းပြောကြားရာ ဂန့်ဂေါခရိုင်အတွင်းတွင် ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်များက ကိုဗစ်ပိုးတွေ့ရှိမှုနှုန်း သိသိသာသာလျော့နည်းနေပြီဖြစ်သော်လည်း ဆောမြို့နယ်၌ ကိုဗစ်ပိုး ဆက်လက် တွေ့ရှိနေ၍ ဆောမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေး ဌာနများနှင့် ပရဟိတအသင်း တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်းလျော့နည်းရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းစဉ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊   ကိုဗစ်ရောဂါပိုးကို ပိုမိုထိန်းချုပ်နိုင်စေရန် Mobile Test Kit စနစ်ဖြင့် ဩဂုတ် ၃၁ ရက်တွင် မြို့တွင်းလှည့်လည်၍ ကျန်းမာရေး စစ်ဆေးရာတွင် ဒေသခံပြည်သူ ၄၅ ဦးကိုစစ်ဆေးရာ ၈ ဦးမှာ ရောဂါပိုး တွေ့ရှိကြောင်း၊ ခရိုင်ဆေးရုံကြီးတွင် ရှိသည့် အောက်စီဂျင်အိုးများ မပြတ်လပ်စေရေး စီစဉ်ဆောင်ရွက်ထားရန်၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု မြို့တို့တွင် တည်ဆောက် လျက်ရှိသည့် အောက်စီဂျင်စက်ရုံများ အမြန်လည်ပတ်နိုင်ရေး ကိစ္စရပ်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ၂၄ နာရီတွင် အောက်ဆီဂျင် ၄၀ လီတာ ၂၀၀ လုံးထွက်ရှိနိုင်မည့် အောက်စီဂျင်စက်နှင့် ဒေသခံမြို့မ/ မြို့ဖ အလှူရှင်များ ထည့်ဝင်လှူဒါန်းသော ၂၄ နာရီတွင် အောက်ဆီဂျင် ၄၀ လီတာ ၇၀ လုံး ထွက်ရှိနိုင်မည့် အောက်စီဂျင်စက် ဂန့်ဂေါကို ဒုတိယပတ်တွင် ရောက်ရှိမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဂန့်ဂေါမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးက မြို့နယ်အတွင်းရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဂန့်ဂေါခရိုင် ကျန်းမာရေး ဦးစီးဌာန တာဝန်ခံဦးစန်းဝင်းက စက်တင်ဘာ ၅ ရက် နေ့မှစတင်၍ ၁၂ ရက် နေ့အထိ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး (SINOPHARM) အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံ နိုင်မည်ဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပထမအကြိမ်ထိုးနှံပြီးသည့် လူဦးရေ ၄၁၀၀ ကို ထိုးနှံပေးမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တင်ပြချက်များအပေါ် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ) 

No comments:

Post a Comment