Sunday, September 5, 2021

အသက်ရှူလေ့ကျင့်တာ ဒါကိုလုပ်ခြင်းအားဖြင့် စိတ်ဓာတ်ခွန်အားတွေတက်လာပြီး ကိုဗစ်ကို တိုက်ဖျက်ရာမှာ အများကြီး အထောက်အကူပေးတယ်။ ( ဒေါက်တာ ကြည်စိုး )

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူနှင့် ဆေးမထိုးထားသူတို့ ရောဂါကူးစက်ခံရပါက ခံစားရသည့် အခြေအနေနှင့်ပတ်သက်၍ ဆရာဝန်တစ်ဦးလည်းဖြစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက် ခံရသူလည်းဖြစ်သည့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာကြည်စိုးနှင့် တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။

မေး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးတဲ့သူနဲ့ မထိုးထားတဲ့သူရောဂါကူးစက်ခံရပြီဆိုရင် ခံစားရတဲ့အခြေအနေကို ဆရာကြီးရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပေးပါရှင့်။

ဖြေ။ ။ ကျွန်တော်ဆရာဝန်တစ်ဦးပါ။ ကျွန်တော့်မှာ အတူနေမိသားစု ငါးယောက်ရှိပါတယ်။ မိသားစု ငါးယောက်စလုံး ကိုဗစ်ကာကွယ်ဆေး Covishield ထိုးထားပေမယ့် အခုဖြစ်တဲ့ တတိယလှိုင်းမှာ ကူးစက်ခံခဲ့ရပါတယ်။ ကျွန်တော်ဆိုရင် အခု အသက် ၆၀ နားနီးပါပြီ။ ကျွန်တော့်အမျိုးသမီးဆိုလဲ ၅၅ နှစ်လောက်ရှိပြီ။ ကျန်တာကတော့ အသက် ၃ဝ အောက်၊ ၂၅ အတွင်းတွေပေါ့။ အားလုံးအေးအေး ဆေးဆေးနဲ့ပဲ ဒီရောဂါကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ အမျိုးသမီးရော ကလေးတွေရော သောက်ဆေး လောက်နဲ့ပဲ ပြီးသွားတာဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာက ကာကွယ်ဆေးထိုးထား တဲ့အတွက် ရောဂါပြင်းထန်မှုဟာ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေလောက် မခံစားရဘူးဆိုတာပါ။ ကျွန်တော်တို့ဆို ရောဂါလက္ခဏာ မပြင်းထန်ဘဲနဲ့ ဒီကိုဗစ်-၁၉ ကပ်ရောဂါကို ကောင်းကောင်း၊  ကျော်ဖြတ်သွား နိုင်တာပါ။ ။

ကာကွယ်ဆေးကို မဖြစ်မနေထိုးကြ

ဒါကြောင့် ပြည်သူလူထုတွေအားလုံးကို မှာချင်တာကတော့ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးကြပါ။ မကြောက်ကြပါနဲ့။ ကာကွယ်ဆေးဆိုတာ ကတော့ ကာကွယ်ဆေးမှမဟုတ်ပါဘူး၊ ဆေးတိုင်းဘေးထွက် ဆိုးကျိုးကတော့ အနည်းနဲ့အများရှိတာ  ချည်းပါပဲ။ တွေးပြီးမကြောက်ပါနဲ့။ ရောဂါအခံတွေ ရှိတဲ့သူတွေ ဥပမာ- ဆီးချို၊ နှလုံးစတဲ့ ဝေဒနာတွေ ရှိနေလို့လဲ ကာကွယ်ဆေးထိုးဖို့ မကြောက်ပါနဲ့။ ဒီရောဂါတွေရှိလေ ရောဂါဖြစ် လာတဲ့အခါမှာ ပိုပြီးတော့ ပြင်းထန်လေ သူများထက်လည်း အသက်အန္တရာယ်နီးလေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုရောဂါရှိတဲ့ သူတွေအနေနဲ့ ကာကွယ်ဆေး ထိုးသင့်ပါတယ်။ မကြောက်ပါနဲ့ ကာကွယ်ဆေး ကို အကြိမ်ရေပြည့်အောင် ထိုးပါလို့ ပြောချင်ပါတယ်။

မေး။ ။ ဆရာကြီးတို့ မိသားစု ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရတယ်ဆိုတာ ဘယ်လိုအခြေ အနေမှာ စသိခဲ့တာပါလဲ။

ဖြေ။ ။ အိမ်မှာက ကိုဗစ်စဖြစ်တာက အိမ်ကယာဉ်မောင်းက စဖြစ်တာ။ သူဖြစ်နေမှန်းသိတော့ သူက အိမ်ထဲထိမဝင်ဘူး။ ဒါပေမဲ့ အပြင် ကနေ ပစ္စည်းတွေဝယ်ပေးတာ ခြမ်းပေးတာ ရှိတယ်။ ဒါတွေကို ကိုင်ရင်းတွယ်ရင်း မိသားစုကို တစ်ဆင့်ပြန်ကူးတာလဲ ဖြစ်နိုင်တာပေါ့။

တစ်နေ့ကျတော့ သမီးက ဖေဖေလည်ပင်း တွေနာတယ်။ ဖျားချင်သလိုလဲ ဖြစ်တယ်ပေါ့။ အဲဒီမှာတွေးလိုက်မိတာ။ တစ်အိမ်လုံးတော့သွားပြီ။ ကိုဗစ်ကူးပြီပဲဆိုပြီးလေ။ နောက်နှစ်ရက်၊ သုံးရက် ကြာတော့ တစ်အိမ်သားလုံးကြတာပေါ့။ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်ခဲ့တုန်းက သူများတွေ ကို ကူညီပေးခဲ့တာ ကုသပေးခဲ့တာတွေရှိပါတယ်။ အဲဒီတုန်းက မကူးခဲ့ကြဘူး။ တတိယလှိုင်းကျမှ ကူးစက်ခံရတော့တာ

မေး။ ။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ ဆရာ့အနေနဲ့ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရ လဲရှင့်။

ဖြေ။ ။ ကိုဗစ်စဖြစ်ဖြစ်ချင်း ထူးထူးခြားခြားတော့ မခံစားရပါဘူး။ ဖိန်းဖိန်းရှိန်းရှိန်းလေးဖြစ်တယ်။ ဖျားချင်သလိုရှိတယ်။ အဖျားကတော့ သိသိသာသာ မတက်ပါဘူး။ လူကနုံးနေတယ်။ နေရထိုင်ရတာ နည်းနည်းခက်တယ်။ ကျွန်တော်က အလုပ်လဲ ဆက်လုပ်နေတယ်ဆိုတော့ ဖုန်းတွေကလဲပြောရ ဆိုတော့ အဲဒီမှာ ကျွန်တော် တော်တော်မခံနိုင်တာ။ အိပ်လို့ကမရ။ ဖုန်းတွေကလည်း နေ့ရောညရော ဆိုတော့အိပ်လို့ကိုမရတာ။ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးပြီး တော်တော်ကို ကျပ်ကျပ်တည်းတည်း ကြီးကိုဖြစ်နေတာ။ ပတ်ဝန်းကျင်ကတော့ ကျွန်တော် ဖြစ်နေတာသိမှာ မဟုတ်ဘူး။ ကျွန်တော့် စိတ်ထဲအလွှာကြီးတစ်ခု လွှမ်းခြုံထားသလိုကိုခံစား နေရတာ။

တစ်ညတော့ ဖုန်းပိတ်လိုက်တယ်။ သင့်တင့်တဲ့ အနားရရင် မဆိုးဘူးဆိုပြီး။ တကယ်တော့ မပိတ်ချင်ဘူး။ တချို့ လူနာတွေက ကျွန်တော်တို့ ဆီက အကြံဉာဏ်လေးတွေ လိုချင်တာ။ တချို့ ဆိုလဲ အောက်ဆီဂျင်ကျလာတော့ ဆေးရုံလာရင် ဒီလူတွေအတွက်လည်း စဉ်းစားရသေးတာ။ အောက်ဆီဂျင် က လှုပ်လေပိုကျလေ။ ဒီတော့ ဆေးရုံကို မလာသေးဖို့ ပြောပေးရတာတွေ။ တချို့ လူနာရှင်တွေက စေတနာနားမလည်တော့ ပြောတာဆိုတာတွေလဲခံရတာ။ ဒီဒဏ်တွေလဲပါတာ ပေါ့။

မေး။ ။ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေအတွက် စိတ်သက်သာအောင် ဘယ်လိုနေထိုင်ခဲ့ရပါ သလဲရှင့်။

ဖြေ။ ။ ဖြစ်လာပြီဆိုရင် စိတ်ဓာတ်က တော်တော်အရေးကြီးတယ်။ သတ္တိရှိရှိရင်ဆိုင်ရမယ်။ ယောက်ယက်ခတ်ပြီးတော့ စိတ်ဓာတ်တွေ မတည်မငြိမ်နဲ့ ရောဂါကိုရင်ဆိုင်ရင် ကြောက်ကြောက် လန့်လန့်နဲ့ ကိုဗစ်ကိုရင်ဆိုင်ရင် ရောဂါအခြေအနေက ပိုဆိုးတာတွေ့ရတယ်။ ဖြစ်လာရင် စိတ်ဖိစီးမနေ နဲ့ သတ္တိရှိရှိရင်ဆိုင်ပါ။

အဆုတ်ထဲလေရောက်အောင်

ကျွန်တော်ဆို စဖြစ်ကတည်းက တစ်ရက်ကို ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက် အသက်ကို ပြင်းပြင်းရှူးတယ်။ မနက် ၆ နာရီ တစ်ခါလုပ်တယ်။ ၈ နာရီ လောက် တစ်ခါလုပ်တယ်။ တစ်နေ့လုံး သတိရရင်ရသလို လုပ်ဖြစ်တယ်။အဆုတ်အတွက် လုပ်တာ။ အဆုတ်ထဲထိ လေကိုရောက်အောင် အပြည့် ရှူသွင်းရှူထုတ်လုပ်တယ်။ တစ်ကြိမ် လုပ်ရင် ၁၀ ခါလောက် လုပ်ဖြစ်တယ်။

အသက်ရှူသွင်းရှူထုတ် လုပ်နေရင်းနဲ့ တစ်ခါတည်း တရားပါနှလုံးသွင်းထားလိုက်တယ်။ ဒီအာနာပါန ကမ္မဋ္ဌာန်းက လောကီ၊ လောကုတ္တရာ နှစ်ဖာလုံး အကျိုးများစေပါတယ်။ အသက်ရှူ လေ့ကျင့်တာ ဒါကိုလုပ်ခြင်းအားဖြင့် စိတ်ဓာတ် ခွန်အားတွေတက်လာပြီး ကိုဗစ်ကို တိုက်ဖျက်ရာမှာ အများကြီး အထောက်အကူပေးတယ်။ အသက်ပြင်းပြင်းရှူတာကတော့ အဆုတ်ကို အောက်ဆီဂျင် ဓာတ်ကို ပြည့်ပြည့်ဝဝရစေတယ်။ အဆုတ်ပိုကောင်းလာတယ်။ ကျန်းမာရေးအတွက် အကျိုးရှိ။ ဘာသာရေး အတွက်လဲအကျိုးရှိလို့ လုပ်စေချင်ပါတယ်။

မေး။ ။ ကိုဗစ်ဖြစ်နေတဲ့ကာလမှာ စားသောက်ပြုမူနေထိုင်ခဲ့ပုံတွေကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ ကျွန်တော်ကတော့ အရင်ကတည်းကလဲ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ကျွန်တော့်မိသားစုဝင်အားလုံးကို “ဖျားလေစားလေ” ပါပဲ။ ဖျားလေစားလေ ရှိတာတွေ စားခိုင်းလေပဲ။ အစားအသောက်တွေ ကလဲအများစု စားနေတဲ့ အစားအစာတွေပဲ။ အစားအသောက်မှာလဲ သူ့အာဟာရအုပ်စုနဲ့သူဆိုတော့ အာဟာရမျှတအောင်စားတယ်။ ပြည့်စုံအောင်စားတယ်။ ဖျားလေပိုစား ပေးရမယ်။ အစာစားလို့မရတဲ့ တိုက်ဖွိုက်ဆိုတဲ့ ရောဂါလည်း ဖြစ်ပွားမှုအလွန်နည်း သွားပါပြီ။ အရင်က အစားစားရင် ပိုပြီးအန္တရာယ်ရှိတယ်ဆိုတဲ့

ရောဂါတွေနဲ့ ကိုဗစ်ကမတူဘူး။အစားအသောက်ကို ညီညွတ်မျှတစွာနဲ့ အာဟာရဓာတ်စုံအောင် စားရမယ်။ အရည်ကိုလဲများများသောက်ပေးရမယ်။ ကြက်ဥလည်းစားသင့်တယ်။

ရေချိုးတဲ့အခါ ဖြစ်နိုင်ရင် ရေကိုအပူအအေး ချိန်ချိုးရမယ်ပေါ့။ ရေပူရေအေး ပန့်တွေဘာတွေ မလိုပါဘူး။ ရေနွေးလေးတည်ပြီး သင့်တင့်တဲ့ အပူပမာဏလေးနဲ့ချိုးရမယ်။ အေးလွန်းတာ၊ ပူလွန်းတာ တွေနဲ့ မချိုးသင့်ဘူး။ ။

ကျွန်တော်ဆို ကိုဗစ်ဖြစ်နေတဲ့အချိန် ကိုဗစ် စည်းကမ်းချက်တွေ အကုန်လိုက်နာတယ်။ လူနာတွေနဲ့ ထွက်တွေ့လို့မရဘူး။ ၁၀ ရက်လောက်ဆို ရောဂါမကူးနိုင်ဘူးဆိုပေမယ့် တကယ်က ရက် ၂၀ လောက်ထိ နေရတာပေါ့။ တကယ်လို့ သွားစရာ ရှိပြီဆိုရင်လဲ နေ့ခင်းထက်ညဘက် လူခြေတိတ်ချိန် ကိုရွေးရတယ်။ နှာခေါင်းစည်းကိုလည်း လုံလုံခြုံခြုံ တပ်တယ်။ လူရှင်းတဲ့ အချိန်ကိုလဲ လုပ်စရာရှိတာ လုပ်တယ်။ မဖြစ်မနေသွားရတဲ့အချိန်တွေဆို အလုံခြုံဆုံးလုပ်တယ်။ သူတို့တွေ ကူးစက်မှာစိုးလို့။ ၁၀ရက်လောက်ဆိုသူများကိုကူးနိုင်ခြေ နည်းသွားပြီ ဆိုရင်တောင် အကောင်းဆုံးက ၂၀၊ ၂၁ ရက် လောက်က အကောင်းဆုံးပါ။

နှာခေါင်းစည်းမတပ်ဘဲ မနေသင့်

ကိုဗစ်ဖြစ်ပြီးလို့ Antibody ထွက်ပြီဆိုပြီး နှာခေါင်းစည်းမတပ်ဘဲ မနေသင့်ပါဘူး။ တပ်သင့်တာ တပ်ရမယ်။ လက်ဆေးရမယ်။ စည်းကမ်းချက်တွေ အကုန်လိုက်နာရမယ်။ Antibody ရှိနေလဲ ပိုးကဝင်လာနိုင်ခြေ ရှိနေနိုင်တာပဲ။ လူတစ်ယောက်ရဲ့ ခံနိုင်ရည်အားကလဲမတူဘူး၊ တချို့က သုံးလလောက်၊ တချို့က ခြောက်လလောက်ထိတချို့ကလဲ ကိုးလလောက်ထိ ခံနိုင်ရည်ရှိတယ်။ Antibody ရဲ့ သဘောသဘာဝက ခန္ဓာကိုယ်အတွက် ကာကွယ်ပေးတာ။ ပိုးကောင်တွေ မဝင်တော့တာမဟုတ်ဘူး၊ ဝင်လာတာကို တိုက်ပေးတာ။ ကိုယ်စကားပြောရင်လဲ သူများကို အကောင်ရေ အများကြီးမဟုတ်တောင် မှ အနည်းငယ် ကူးနိုင်တယ်။ ဒါကြောင့် နှာခေါင်းစည်း တပ်ထားသင့်တယ်။ ကိုယ့်မှာ မကူးနိုင်ရင်တောင် သူတစ်ပါးကို ကူးနိုင်တဲ့အတွက် ကာကွယ် ထားသင့်တယ်။

မေး။ ။ ဆရာကြီးတို့ မိသားစုတွင်းမှာရော ထူးထူးခြားခြား ဝေဒနာခံစားရတာရှိလား။ ကိုဗစ် ဝေဒနာခံစားရချိန်မှာ ဆရာတို့ ကုသမှုခံယူခဲ့တာ တွေနဲ့ ပတ်သက်လို့ ပြောပြပေးပါရှင့်။

 ဖြေ။ ။ အများကြီးတော့ ထူးထူးခြားခြားမရှိကြဘူး။ သူတို့ကိုတော့ ပဋိဇီဝဆေးတွေ  တိုက်တာပေါ့။ မူးတာ၊ အန်တာလေးတွေရှိတယ်။ ကျန်တဲ့ ဝေဒနာတော့မရှိဘူး၊ ရက်ရှည်အရသာ မတွေ့တာတစ်ခုပဲ။ အနံ့ပျောက်တာတော့ရှိတယ်။ နှစ်ပတ်လောက်အထိခံရတယ်။ နောက်တစ်ခုက မောတာ။ ပြင်းပြင်း ထန်ထန်လှုပ်ရှားရင် မောတာ။ မောတာကတော့ တစ်လကျော်လောက်ရှိမယ်။

ဆေးတွေ အများကြီးတော့ မတိုက်သင့်ဘူး။ မသောက်သင့်ဘူး၊ ဖျားရင် ဆေးကသင့်တင့် သလောက်ပဲတိုက်။ အိမ်ကသမီးဆိုရင် ဖျားတဲ့အချိန်ပဲ တိုက်တယ်။ ကိုဗစ်ဖြစ်လာရင် Antibiotics ဆေးတွေသောက်ရ၊ ထိုးရတဲ့အတွက် အသည်းတွေ၊ ကျောက်ကပ်တွေ စစ်ရတယ်။ ကောင်းမှ ဆက်ထိုးရတယ်။ ဆေးကတော့ လိုအပ်မှသောက်သင့်တယ်။ ဖျားတာ အတော်အနေခက်မှ သင့်တင့်တဲ့ပမာဏသောက်သင့်တာ။ အလွန်မသောက်သင့်ဘူး။ ပါရာစီတမောကလည်းများရင် အသည်းတို့ ကျောက်ကပ်တို့ ထိတယ်။ ဒီလိုပဲအကြံပေး ချင်တယ်။

ဒီရောဂါက ကူးစက်လွန်လွယ်တယ်။ ရောဂါကုပေးတဲ့သူ ကလည်း ရောဂါသည်နားမှာနေလို့မရဘူး၊ အပြောနဲ့ပဲ အဝေးကနေ ကြည့်ရတာ။ အသက်ရှူနှုန်း၊ အောက်ဆီဂျင်နှုန်း၊ သွေးခုန်နှုန်း ဘယ်လောက်ရှိလဲ ဒါတွေကို အဓိကထားကြည့်ရမေးရတာ။ လူနာကိုစောင့်တဲ့ လူနာစောင့်က အရေးကြီးတယ်။ အစောင့်ကမိသားစုဝင် ဖြစ်တယ်။ ဆရာဝန်ဖြစ်တယ်။ ကုတတ်၊ လုပ်တတ်သူဆို အဆင်ပြေ တယ်။ ဒါမှမဟုတ်လူနာစောင့်က ဗဟုသုတရှိတယ်၊ နားလည်တယ် ဆိုရင် အများကြီး အထောက်အကူပေးတယ်။

မေး။ ။ ကိုဗစ်ကူးစက်ခံရတဲ့ မိသားစုတွေရဲ့ စိတ်ဓာတ်ခွန်အား အတွက်ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှု ဘယ်လောက်ထိအရေးပါ တယ်ဆိုတာ ဆရာ့ရဲ့အမြင်ကို ပြောပြပေးစေချင်ပါတယ်။ ။

ဖြေ။ ။ ကိုဗစ်ဖြစ်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်လိုက်တဲ့ ပုံစံမျိုးတွေက မဖြစ်သင့်ဘူး။ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုလိုတယ်။ လူသားချင်း ဒီလိုလုပ်ဖို့ မသင့်တော်ဘူး။ ကိုဗစ်ကလူတိုင်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဆရာဝန်တွေဆိုတာ ကူးမယ်မှန်းသိလည်း ကုပေးရတာပဲ။ အပြင်လူတွေ သိချင်မှသိမယ်။ သူများတွေ အလုပ် ပိတ်လည်းမပိတ်ရဘူး၊ ဆရာဝန်၊ သူနာပြု၊ အုပ်ချုပ်သူ၊ ဝန်ထမ်းအကုန် ပိတ်လို့မရဘူး၊ ရပ်ထားလို့မရဘူး၊ လုပ်ရင်းကိုင်ရင်းကို ကိုဗစ်ကူးတာ။ နားတဲ့လူက နားလိုက်ပြန်ဆင်းတဲ့သူက ပြန်ဆင်းလိုက်၊ တစ်ယောက်နဲ့ တစ်ယောက်အားပေးရင်း ဒီလိုပဲ လုပ်ကြရတာ။

ကိုဗစ်ရောဂါဖြစ်ပွားသူတွေရဲ့ ဘေးပတ်ဝန်းကျင်အိမ်နီးချင်းတွေ အနေနဲ့က ရောဂါကူးစက်မှု ကင်းဝေးအောင် အကာအကွယ်တွေတော့ ယူရမယ်။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်း အတိုင်းတိတိကျကျနေရမယ်။ အဝေးကနေ ကူညီလို့ရသလောက် ကူညီပေးသင့် တယ်။ သူတို့ကို အပြင်မထွက်ရအောင် လိုအပ်တာလေးတွေ အိမ်ရှေ့မှာ ပို့ပေးထားတာတို့၊ ဘာလုပ်ချင်လဲ ဖုန်းနဲ့မေးတာတို့၊ အားပေးစကားပြောတာတို့ လုပ်ပေးရမယ်။ ဆေးကုတတ်ရင် ကုပေး ရမယ်။ ကျွန်တော်ဆို ဖုန်းနဲ့ခုထိ ဖြေပေးနေတုန်းပါ။

ကိုဗစ်ဖြစ်တဲ့သူတွေကလည်း စိတ်ခိုင်ရမယ်။ ရောဂါကို ကြောက်ကြောက်လန့်လန့်နဲ့ တော်တော်ကြီး စိတ်ပူပင်သောကနဲ့ ဝမ်းနည်းစိတ်ပျက်မှုတွေဖြစ်နေမယ်ဆိုရင် ဒီရောဂါက ပိုပြီးဆိုးတယ်။ ယောက်ယက်ခတ်မှုကြောင့် ဟိုထဒီသွားနဲ့ လှုပ်ရှားမှုများတာနဲ့ တစ်ခါတလေ အောက်ဆီဂျင်က ကျတော့တာ။ အောက်ဆီဂျင်က လှုပ်လေကျလေပဲ။ သူလုပ်တာတွေက၊ နေတာထိုင်တာတွေက အဆင်မပြေဖြစ်ပြီးတော့ အသက်တွေလဲမရှူနိုင်၊ ပြီးတော့ အောက်ဆီဂျင် နည်းနေတဲ့အချိန်မှာဆို ရောဂါအခြေအနေက ပိုဆိုးလာနိုင်တယ်။

မေး။ ။ ကိုဗစ်၁၉ ရောဂါ ဖြစ်သွားပြီးတဲ့သူတွေ ကိုဗစ်ကာကွယ်ဆေးကို ဘယ်လိုအချိန်မှာ ဆိုးလို့ရလဲ။

ဖြေ ။ ။ ရောဂါလက္ခဏာတွေ ကောင်းကောင်းပျောက်သွားရင် ကာကွယ်ဆေးကထိုးလို့ရတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးပေးမယ့် သက်ဆိုင်ရာ ကျွမ်းကျင် ဆေးပညာရှင်တွေနဲ့ မေးမြန်း တိုင်ပင်ပြီး ထိုးသင့်တယ်။ ကျွန်တော်တို့ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားတာတောင် ရောဂါဖြစ်တာဆိုတော့ မထိုးရသေးရင် ထိုးတာအကောင်းဆုံးပါ။ နိုင်ငံတစ်ဝန်းတော့ ထိုးပေးနေတယ်။ အကုန်လုံး မလွှမ်းခြုံနိုင်သေးတဲ့အတွက် တတ်နိုင်ရင် အပြင်မှာ ပုဂ္ဂလိကဆေးရုံတွေမှာ၊ ဆေးထိုးလို့ရတဲ့ နေရာတွေမှာ ထိုးထားရင်တော့ကောင်းတာ ပေါ့။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါ။

ဖြေ။ ။ ကိုဗစ်က ဖြစ်လာပြီဆိုတာနဲ့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ သွေးခဲပြီး အဆုတ်တွေမှာပိတ်ပြီး အန္တရာယ်ရှိတယ်။ တချို့ဆို ကောင်းသွားပြီဆိုပြီး ထသွားထလာလုပ်ပြီး ပြန်အိပ်လိုက်တဲ့ အချိန်တွင်းမှာပဲ ခဏအတွင်း အသက်ဆုံးရှုံးသွားတာတွေ ကိုယ့်မျက်စိ ရှေ့တင်မြင်ရတာ။ သွေးခဲတဲ့ ပြဿနာက ကိုဗစ်ရဲ့ နောက်ဆက်တွဲမှာ အဆိုးဆုံးဖြစ်တာပဲ။ ဒါ့ကြောင့် သွေးကျဲဆေးတွေ ထိုးကြရတာ။ သွေးစစ်ရတာ ငွေကြေးကုန်ကျမှုတော့များတယ်။ ဆရာဝန်ရဲ့ ကုသမှုတော့ မဖြစ်မနေ လုပ်ကြရတာပဲ။

ကာကွယ်ဆေးထိုးဖို့ကိုတော့ ထိုးဖြစ်အောင်ထိုးပါ။ ကျွန်တော့် အမျိုးထဲမှာလည်းရှိတယ်။ ကာကွယ်ဆေး သွားမထိုးဘူး၊ စောင့်ရတဲ့ လူအုပ်ကြီးများလို့ စိတ်မရှည်တာနဲ့၊ နောက်တစ်ခုက ရှိနေတဲ့ ရောဂါတွေနဲ့တည့်ပါ့မလား၊ ကာကွယ်ဆေးထိုးလို့ တစ်ခုခုဖြစ်သွားမလားဆိုပြီး တွေးကြောက် နေကြတယ်။ လုံးဝမကြောက်ပါနဲ့ ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးပါ။ ကာကွယ်ဆေးထိုးပြီးရင် ကိုဗစ်မဖြစ်အောင် မလုပ်နိုင်ရင်တောင် သေဆုံးတဲ့အထိတော့ မဖြစ်နိုင်တော့ဘူး။ ကာကွယ်ဆေးထိုး ရင်းနဲ့ပဲ ရောဂါဒဏ်ကနေ ခံနိုင်အောင်လုပ်ကြရမှာ။ ။

ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့အတွက် ကျွန်တော်တို့မှာ နောက်ဆက်တွဲ ဝေဒနာဆိုးဆိုး ရွားရွား မရှိပါဘူး၊ ကျွန်တော်ဆို ၆၀ နားကပ်နေပြီ။ အမျိုးသမီးလည်း ၅၅ ရှိနေပြီ။ ဒီတတိယလှိုင်းမှာ ၃၀ ကျော် ၄၀ တွေထိကို တော်တော်များများ ဆုံးရှုံးသွားတာတွေရှိတယ်။ မပေါ့ကြပါနဲ့လို့ ပြောချင်ပါတယ်။

 

တွေ့ဆုံမေးမြန်း - စိမ်းခက်

ဓာတ်ပုံ - ခိုင်မင်း


No comments:

Post a Comment