တန့်ယန်း စက်တင်ဘာ
၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော အောက်စီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်နှင့် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် စေတနာရှင်အလှူရှင် မိဘပြည်သူများ ပါဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့သော အောက်ဆီဂျင် စက် တပ်ဆင်ပြီးစီး၍ စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စက်ရုံ အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းနားတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူကြီး
ဗိုလ်မှူးကြီး ခွန်အောင်သွင်က အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ခဲ့မှုနှင့်ပတ်သက်၍
ကျေးဇူးတင်ဝမ်းမြောက်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား
မြို့နယ်အခွန်ဦးစီးမှူး ဦးကျော်သူက အောက်ဆီဂျင် စက်ရုံ တည်ဆောက်ခဲ့မှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက် အောက်ဆီဂျင် စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်
ဦးစိုင်းခမ်းမန်၊ မြို့မိမြို့ဖ ဦးစိုင်းဆန်စိန်နှင့် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြကာ တာဝန်ရှိသူတို့က အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယခုတပ်ဆင်ပြီးစီးသည့် အောက်ဆီဂျင် စက်သည်
အောက်ဆီဂျင် ၄၀ လီတာအိုး တစ်ရက်လျှင် ၃၆ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ မြို့နယ်ရှိ
အောက်ဆီဂျင် လိုအပ်သည့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ပရဟိတအသင်းအဖွဲ့များနှင့် အခြားပုဂ္ဂလိက
လိုအပ်သူများကို ဖြည့်သွင်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)
No comments:
Post a Comment