Friday, September 3, 2021

အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

 


 




အမ်း စက်တင်ဘာ ၃

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ပဲပဒုံ တိုက်ပွဲရှောင်စခန်း()နှင့် မိုးလုံလေလုံအားကစားခန်းမ တိုက်ပွဲရှောင်စခန်း()ရှိ အသက်(၁၈) နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးတွင် အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးနောက် မိနစ်(၃၀)အကြာစောင့်ကြည့်၍ အသိ ပညာပေးပြောကြားပြီးမှ ပြန်လည်ထွက်ခွင့်ပြုကြောင်းသိရှိရသည်။

 

တိုက်ပွဲရှောင်စခန်းရှိ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်ခဲ့ရာ ပဲပဒုံတိုက်ပွဲရှောင်စခန်း()တာဝန်ခံ ဦးသန်းချိုက စခန်းတွင်တာဝန်ယူဆောင်ရွက်ပေး နေတာကြာပါပြီ ယခုလို တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများကို ကာကွယ်ဆေးထိုးပေးတာ တကယ်ကောင်းပါတယ်။ တိုက်ပွဲရှောင်စခန်းတွေမှာ ပြည်သူတွေစုစည်းပြီး နေထိုင်ရတာဖြစ်လို့ ကိုဗစ်-၁၉ ရောဂါ လွယ်ကူစွာကူးစက်နိုင်ပါတယ်၊ စိုးရိမ် ရပါတယ်၊ ကျွန်တော်ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါဖြစ်ခဲ့ဖူးတော့ ပြည်သူများအတွက် စိုးရိမ်တယ်။ အခုလို ကာကွယ်ဆေးထိုးပေးတာအရမ်း ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ မြို့နယ်ကတာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲ ရှောင်စခန်းမှ အသက်(၁၈)နှစ် အထက် လူကြီး၊ လူငယ်၊ သက်ကြီးဘိုး/ဘွား(၁၂၀)ဦးထိုးနှံကြပါတယ်။ ထိုးနှံဖြစ်အောင်လည်း ကျွန်တော်တို့က တိုက်တွန်း ပေးသလို တိုက်ပွဲရှောင်စခန်းမှာနေသူအားလုံးကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ် နိုင်ရေးအတွက် ပူးပေါင်းပါဝင်၍ထိုးနှံကြပါတယ်။

 

အလားတူ ပဲပဒုံတိုက်ပွဲရှောင်စခန်း()တွင်နေထိုင်သူ ပြည်သူတစ်ဦးဖြစ်သည့် ဦးအောင်ဝင်း က ကျွန်တော်တို့ ဒီကာကွယ်ဆေးထိုးတဲ့အတွက် ရောဂါကိုကာကွယ်နိုင်တယ်လို့သိရပြီး စခန်းမှ (၁၈)နှစ်အထက်ရှိသူအကုန်လာရောက်ထိုးနှံကြပါတယ်။ ဒီကာကွယ်ဆေးကို ထိုးထားတဲ့အတွက် ရောဂါ ကူးစက်ခံရရင် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲ သေဆုံးနိုင်မှုလည်းမရှိဘူးလို့သိရပါတယ်။ အခု ဆေးထိုးပေးကြတဲ့ ဆရာဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ပါတယ်ဟု ပြောကြားခဲ့သည်။

 

အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနှစ်ခုဖြစ်သည့် ပဲပဒုံတိုက်ပွဲရှောင်စခန်း()မှ အသက်(၁၈) နှစ်အထက်အကျုံးဝင်သူ(၁၈၂)ဦးနှင့် မိုးလုံလေလုံအားကစားခန်းမ တိုက်ပွဲရှောင်စခန်း  ()ရှိ အသက်(၁၈)နှစ် အထက်ပြည်သူ(၅၈၂)ဦး၊ စုစုပေါင်းပြည်သူ(၇၆၆)ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

 

ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သက်ကြီးဘိုး/ဘွားများ၊ အသက်(၁၈)နှစ် အထက် လူကြီး၊ လူငယ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဝင်များ၊ စခန်း တာဝန်ခံတာဝန်ရှိသူများက ပူးပေါင်းပါဝင်၍ လိုအပ်သောကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

 

ဝင်းအိမွန်

 

Subscribe to https://t.me/myanmarnewspaper

 

Subscribe to https://t.me/gnlmon

 

Subscribe to https://t.me/iprdrnd

 

No comments:

Post a Comment