Thursday, August 5, 2021

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုးရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များထောက်ပံ့ပေးအပ်





ဘူးသီးတောင်     သြဂုတ်   ၅


အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး အစီရင်ခံစာ အရ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း (၇)ခု အနက် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို အစီအစဉ်များကို နားဆင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ဘင်္ဂါလီဘာသာစကားအသုံးပြုသူများအား The ASEAN-ROK Fund on the Repatriation of Displaced Persons in Rakhine State ရန်ပုံငွေဖြင့် မေယု FM Radio များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၊ အနောက်ရပ်ကွက် အထက(၁) ခန်းမနှင့် သပြေကုန်းရပ်ကွက် အ.လ.က ကျောင်း ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။





အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘူးသီးတောင်မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ ပထမအဆင့်ဦးစားပေး စီမံကိန်း(၇)ခုအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဘာသာစကား အသုံးပြုသူများ အနေဖြင့် လက်ရှိနိုင်ငံတော်၏ ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်အစိုးရ၏တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက်  ဆောင်ရွက်နေမှုများ၊ ကျန်းမာရေး အသိပညာဗဟုသုတများနှင့် သတင်းအချက်အလက်မှန်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မေယု FM ရေဒီယို အစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည့် အခြေအနေနှင့် ဖြန့်ဝေပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးမှ ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးငြိမ်းချမ်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး ဝေဖြိုးအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစံမြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန့်ဇော်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်ရုပ်/သံအင်ဂျင်နီယာ ဦးသိန်းဇော်တို့က ဘူးသီးတောင်မြို့နယ်အတွင်း  ရပ်ကွက်/ကျေးရွာ (၆၂)အုပ်စုရှိ ဘင်္ဂါလီဘာသာ အသုံးပြုသူများအတွက်   မေယု FM Radio (၂၈,၄၀၀)လုံးအား  ဖြန့်ဝေပေးခဲ့ကြပြီး ကျေးရွာတာဝန်ခံများမှ ကျေးဇူတင်စကားပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအားပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အရ ဘင်္ဂါလီ ဘာသာစကား အသုံးပြုသူများအနေဖြင့် မေယု FM အစီအစဉ်များ နားဆင်နိုင်ရန်မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ရေဒီယို အလုံးရေ ၄၅,၀၀၀ အား ဖြန့်ဝေ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment