Friday, August 13, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့်စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ

 နေပြည်တော် ဩဂုတ် ၁၂

 ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ ထားရှိရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေ ခံသင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။


ယင်းသို့ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက် အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 ထိုသို့ ပြင်ဆင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ သီးသန့်စောင့်ကြည့်ရ မည့်သူအမျိုးသား ၁၇၅ ဦးနှင့် အမျိုးသမီး ၁၅၀ စုစုပေါင်း ၃၂၅ ဦးကို လည်းကောင်း၊ ဥတ္တရ သီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၁၇ ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၂၁ ဦးတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လှိုင်မြို့နယ်စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုး သား ၂၄၃ ဦးနှင့် အမျိုးသမီး ၂၀၆ ဦး စုစုပေါင်း ၄၄၉ ဦးကို လည်း ကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၈၃ ဦးနှင့် အမျိုး သမီး ၆၀၊ စုစုပေါင်း ၁၄၃ ဦးကို လည်းကောင်း အသီးသီး လက်ခံ ထားရှိကြောင်း သိရှိရသည်။

 အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့  လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန် ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 သတင်းစဉ်

No comments:

Post a Comment