နေပြည်တော် ဩဂုတ် ၁၃
အမှန်ကတယ်အလုပ်လုပ်သော သမဝါယမအသင်းသား တောင်သူများကို လိုအပ်သည့်
ချေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ Value Added တန်ဖိုးမြှင့်ထုတ်ကုန်များ
စီစဉ်ဆောင်ရွက်ရန်နှင့် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှ အမြတ်အစွန်း ပိုမိုရရှိမည်ဖြစ်ကြောင်း၊
နည်းပညာ လိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း
ဒေသကြီး ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ
ကွင်းဆင်းစစ်ဆေးစဉ် သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသခံပြည်သူ များအား
ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေးပေးထားသည့် အသင်းသား(၁၅၂)ဦးမှ ပန်းစိုက်တောင်သူ (၁၅)ဦးတိုးချဲ့စိုက်ပျိုးထားသည့် ပန်းစိုက်ခင်းများကို ကြည့်ရှုသည်။
ထို့နောက် ကျည်အင်းကျေးရွာ ရွှေမြန်မာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသားများ ကိုင်းဆက်စနစ်ဖြင့် စိုက်ပျိုးထားသော စပျစ်ခြံကို ကြည့်ရှုစစ်ဆေးပြီး စပျစ်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ဖြစ်သည့် ဝိုင်ချက်လုပ်ရန်နှင့် လိုအပ်သည့် သွင်းအားစုများကို တိုင်း၊ ခရိုင်၊ မြို့နယ်သမအသင်းစုများမှ ၆ လဆိုင်း စနစ်ဖြင့် ရောင်းချဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျွဲတပ်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ကျေးလက်နေတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ စျေးကွက်သို့ လွယ်ကူ လျှင်မြန်စွာ တင်ပို့နိုင်ရေး အတွက် တောင်သူ ၁၂၀ ၏ စိုက်ပျိုးမြေဧက ၈၅၀ ကျော် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၈ သန်း၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ကျပ် ၁၆၅ ဒသမ ၈ သန်း စုစုပေါင်းငွေကျပ် ၄၁၃ ဒသမ ၈ သန်းဖြင့် ကျေးရွာ(၁၅)ရွာ၌ ကျေးလက် ရေရရှိရေးလုပ်ငန်း(၁၅)ခုကိုလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၄ ဒသမ ၉၂၉ သန်းဖြင့် ကျွဲတပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆ ဖာလုံ၊ အကျယ် ပေ ၁၂ ၊ ကျောက်ရောမြေ နှစ်ပေထု၊ မြေနီကျောက်စရစ်ကိုးလက်မထုခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကို ကျေးရွာ(၇)ရွာတွင်လည်းကောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာ (၂)ရွာတွင် လည်းကောင်း၊ ကျေးလက်အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်း(၆)ကြိမ်ကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment