Wednesday, August 25, 2021

ကျုံဒိုးမြို့ ဟောင်သရောမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲနှင့် ကော့ကရိတ်မြို့နယ် ငါးတိုင်ကျေးရွာတွင် မိုးစပါးစုပေါင်း မြေဩဇာကြဲပက်ပွဲကျင်းပ

 




ကော့ကရိတ် ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ ဟောင်သရောမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲနှင့် ငါးတိုင် ကျေးရွာတွင်  မိုးစပါးဆင်းသုခ RS-CS မျိုးစေ့ထုတ်စိုက်ခင်းတွင် ယူရီးယာဓါတ်မြေဩဇာနှင့် သဘာဝ မြေဩဇာ(၁:၃)ဖြင့် ရောစပ်သည့် မြေဩဇာစုပေါင်း ကြဲပက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။



ရှေးဦးစွာ ကျုံဒိုးမြို့ ကမ်းနားလမ်း၌ ဟောင်းသရောမြစ်အတွင်း ငါးမျိုးစိုက်ထည့်သည့်အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစုံမိုင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ နှစ်လက်မအောက်ခံအရွယ် ငါးမြစ်ချင်းကောင်ရေ ရှစ်သောင်း(၈၀၀၀၀)၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း(၅၀၀၀၀) စုစုပေါင်းငါးသားပေါက် ကောင်ရေ တစ်သိန်းသုံးသောင်း (၁၃၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ငါးသယံဇာတကြွယ်ဝ၍ ငါးစားသုံးမှုဖူလုံ ပိုလျှံစေရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ သဘာဝရေပြင်များတွင် နှစ်စဉ်ငါးမျိုးများ စိုက်ထည့် ပေးလျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ငါးသားပေါက်ကောင်ရေ တစ်ဆယ့်နှစ်သိန်းကျော်ကို ငါးမျိုး စိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်ခဲ့ပြီး ယခုအခါ ငါးသားပေါက်ကောင် တစ်ဆယ့် တစ်သိန်း(၁၁၀၀၀၀၀)ကျော်ကို ငါးမျိုးစိုက်ထည့်ပြီးခဲ့ပြီးဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံဒိုးမြို့ ၂၅ ကုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက် ပြီး ကုသရေးလုပ်ငန်းများနှင့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေသော ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကိုကိုသူနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volenteer များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဥပဓိရုပ်ကောင်းမွန်စေရေးမှာ ကြားကာ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ၊ PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာအုပ်စု၊ ငါးတိုင်ကျေးရွာ၊ တောင်သူဦးအခုံး၏ မိုးစပါးဆင်းသုခ RS-CS မျိုးစေ့ထုတ်စိုက်ခင်း၌ ယူရီးယာဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃)ဖြင့် ရောစပ်သည့် မြေဩဇာစုပေါင်း ကြဲပက်ပွဲကို ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ပြည်နယ်အတွင်း မျိုးစေ့ထုတ်စိုက် ခင်းများနှင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်ကောင်း၊ တောင်သူ များအတွက် ကုန်ကျစရိတ်နည်းပြီး မြေဆီလွှာနှင့် သီးနှံစိုက်ခင်းများအတွက် အကျိုးဖြစ်ထွန်းစေသည့် မြေဩဇာပြုလုပ်သုံးစွဲနည်း  နည်းပညာများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေကြီး နှစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီး စပါးစိုက်ခင်းများအတွက် အချိန်မီပြန်လည် ကုစားစိုက်ပျိုးနိုင်ရေး အတွက် ပျိုးဖျာလိပ်နည်းစနစ် (Dapog Method) ဖြင့်  ပျိုးထောင်ထားရှိမှုနှင့် ပတ်သက်၍ ကုန်းကျ သော နေရာများနှင့် အိမ်ခြံဝန်းနေရာလွတ်များတွင် အလွယ်တကူပျိုးထောင်နိုင်ပြီး သယ်ရလွယ်ကူ၊ နှုတ်ရလွယ်ကူပြီး အပင်သန်စွမ်းကာ ကောက်ပင်လှန်ချိန်မြန်သော နည်းစနစ်တစ်ခုဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူဦးကြီးများအား ကွန်ပေါင်း ဓာတ်မြေဩဇာများကို ဖြန့်ဝေပေးခဲ့ပြီး တောင်သူများ၏ ယူရီးယာဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောနှောကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မိုးစပါး စုပေါင်းမြေဩဇာကြဲပက်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဒေသများ ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်  GMSAEDC (Greater Mekong Subregions Agriculture and Education Development Center)မှ ကွန်ပေါင်း မြေဩဇာ အိတ်(၃၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကော့ကရိတ်မြို့နယ် ငါးတိုင်ကျေးရွာ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိအမှတ်ပြုလက်မှတ်ရ (GAP-Good Agricultural Practices) တောင်သူဦးဖြူအုန်း၏ ကျွဲကောခြံ (၁၁)ဧကသို့ သွားရောက်ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ကော့ကရိတ်ခရိုင် ဦးစီးမှူး နော်သူးလေထီးနှင့် တာဝန်ရှိသူများက GAP လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment