Wednesday, August 25, 2021

နမ့်ဆန်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


နမ့်ဆန် ဩဂုတ် ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် လတ်တလောဖြစ်ပွား နေသည့် ကူးစက်မြန် ကိုဗစ်(၁၉) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော် က မိမိတို့ မြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုဦးရေ တိုးပွားလာသဖြင့် အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်ရန် အောက်ဆီဂျင်မရှိမဖြစ် လိုအပ်လျက်ရှိသောကြောင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အလှူရှင်များရှာဖွေကာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ အလှူရှင်များ ရှာဖွေလှူဒါန်းနိုင်ရေး ဝိုင်ဝန်းဆောင်ရွက်နေကြရန်နှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့ များမှလည်း လှူဒါန်း‌ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့ များ မြို့မိမြို့ဖများက စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာရွေးချယ်နိုင်ရေး၊  လိုအပ် သည့် ရန်ပုံငွေများ ရှာဖွေနိုင်ရေး၊ စက်ရုံတည်ဆောက်ပြီးစီးပါက အောက်ဆီဂျင်များကို လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်စေရန်နှင့် ပြည်သူများအခက်အခဲဖြစ်နေသော အောက်ဆီဂျင်များကို အချိန်မီရရှိနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။ အဆိုပါ  စက်ရုံအား ယခုနှစ်စက်တင်ဘာလကုန်တွင် အပြီး ဆောက်လုပ်မည် ဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့တို့အတွက် အောက်ဆီဂျင်များ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်းနှင့် တက်ရောက် လာကြသော လုပ်ငန်းရှင်များထံမှ အလှူငွေ ကျပ်(၁၈၅)သိန်း လက်ခံရရှိ‌ကြောင်း သိရသည်။

နန်းဆိုင်(ပလောင်ဒေသ)

No comments:

Post a Comment