Friday, August 6, 2021

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လင်းခေးမြို့နယ် နားကုန်းကျေးရွာဘုန်း‌တော်ကြီး ကျောင်းပရိယတ္တိစာသင်တိုက်အတွက် ဆွမ်းဆန်တော်နှင့်အလှူ‌ငွေများ ပေးအပ်လှူဒါန်း

 


                                                       လင်းခေး ဩဂုတ် ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်နယ်အဆင့်အကြီးအကဲများ လိုက်ပါလျက် ယနေ့ မွန်းလွဲ၂နာရီ က ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ  နားကုန်းဘုန်းတော်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်သို့‌ ရောက်ရှိ ခဲ့ကြပြီး ဆွမ်းဆန်တော်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်  နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နားကုန်း ပရိယတ္တိ စာသင်တိုက် နားကုန်းကျောင်းဆရာတော် ဘဒ္ဒန္တစာရိန္ဒ ဂန္တဝါစကပန္တိ၊အစိုးရဓမ္မာစရိယ၊ ပဉ္စနိကာယ၊ သာသနနုဂ္ဂဟ ဓမ္မာစရိယ M.A(သီရိလင်္ကာ)ဝမ်ဟတ်တိုက်နယ် သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ နားကုန်းပရိယတ္တိစာသင်တိုက် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ရာ၌ အထောက်အပံ့ဖြစ်စေရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အတွက် လှူဒါန်းငွေကျပ်သိန်း(၇၀)ကျပ်၊ ပရိယတ္တိစာသင်တိုက်၌ ဆောက်လုပ်ဆဲဖြစ်သည့် (၁၂၀×၃၅)ပေ RC သုံးထပ်ကျောင်းဆောင် သစ်အတွက် အလှူငွေ (၁၀)သိန်းကျပ်အားတိတိအား ပေးအပ်လှူဒါန်းရာ၊ လင်းခေးခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ဇော်က ဆရာတော်၏ ကိုယ်စား ကပ္ပိယကာရပြုလုပ်၍ အလှူငွေအား လက်ခံရယူခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ်က နားကုန်းကျောင်းဆရာတော်၊ လူမှုရေးရာ ဝန်ကြီးဦးအောင်မြင့်က မကျိုင်းမွန်းကျောင်း ဆရာတော်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးချုပ် တင်ကိုကိုက မအွန်လောင်းကျောင်းဆရာတော်၊ ပြည်နယ်ဥပဒေချူပ်ဦးစိုင်းကျော်ဇံက နမ့်ဆိုင်းကမ္မဌာန်းကျောင်း ဆရာတော်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ဝမ်ဟတ်ကျောင်းဆရာတော်များထံ ဆွမ်းဆန်တော်များ အသီးသီးဆက်ကပ်လှူဒါန်းကြပြီး နားကုန်းပရိယတ္တိစာသင်တိုက် နားကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တစာရိန္ဒမှ ဩဝါဒကထာချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနာစိရံ တိဿတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)





No comments:

Post a Comment