Friday, August 13, 2021

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ရန်ကုန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စည်ပင်သာယာလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး ကြပ်မတ်စစ်ဆေး

 ရန်ကုန်  ဩဂုတ်  ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC (Myanmar Convention Center) ကိုဗစ် ကုသရေးစင်တာ၌ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ်မှုဖြင့် မြန်မာသီဟ ကုမ္ပဏီမှ တန်(၂၀) Liquid Oxygen Tank တပ်ဆင်ထားရှိရန် ပြင်ဆင်ဆောင်ရွက် နေမှုနှင့် Shine Construction Co.,Ltd မှ ဆောင်ရွက်သော ကိုဗစ်-၁၉ ရောဂါ လူနာ (၂၄၀) ထားရှိနိုင်ရန် အလျား ၁၁၅ ပေ၊ အနံပေ ၄၀ ရှိ လူနာဆောင် (၃) ဆောင် တည်ဆောက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာ လမ်းမပေါ်ရှိ ရေပေါက်ကြည် ချောင်းတွင် ချောင်းဘေးဝဲ/ယာရှိ ချုံ၊ နွယ်နှင့် မြက်များအား ရှင်းလင်း ဆောင်ရွက်နေမှု၊ ရေစီးရေလာ ကောင်းမွန်စေရန် ချောင်းအတွင်း အမှိုက်နှင့် နုံးများအား Excavator ယာဉ်ဖြင့် ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ ထုတ်ဝေသည့် အသိပညာပေး ဗီနိုင်းပိုစတာများကို တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ရှိ သူများထံ လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ ထားဝယ်ချောင် ချောင်းနှင့် ဦးဖိုးလုံး(၃) ပေါက်တွဲရေထိန်းတံခါးတွင် (၂၁)တန် Long Arm Excavator ဖြင့် တိုးချဲ့တူးဖော်နေမှု၊ အမှိုက်များ၊ နုံးများအား ဆယ်ယူရှင်းလင်းနေမှု တို့ကိုလည်းကောင်း၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၆)ရပ် ကွက်ရှိ အရှည်ပေ ၄၀၀ ၊ အကျယ် ၁၄ ပေရှိ မဟူရာလမ်းသွယ်၊ အရှည်ပေ ၅၀၀ ၊ အကျယ် ၁၄ ပေရှိ စိန်ရတနာလမ်းသွယ်၊ အရှည်ပေ ၆၀၀ ပေ၊ အကျယ် ၁၄ ပေရှိ ပင်းယလမ်းသွယ်နှင့် အရှည်ပေ ၄၀၀၊ အကျယ် ၁၄ ပေရှိ ဥဿဖရားလမ်းသွယ်တို့ကို AG Mixer ယာဉ်ဖြင့် ကွန်ကရိခင်းခြင်းတို့ကို လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ ဆောင်ရွက်နေသော ကွန်ကရိ ဖျော်စက်သို့ သွားရောက်၍ သဘာဝဘေး အန္တရာယ် ဖြစ်သည့် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန် သဲအိတ်များ ကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းပေါ်ရှိ (၄၆)လမ်း၊ ၁၂ ထပ်ခွဲရုံးသို့ သွားရောက်၍ အင်ဂျင်နီယာ ဌာန(ရေပေးဝေရေးနှင့် သန့်ရှင်းမှု)မှ တာဝန်ယူ ဆောင်ရွက်သည့်  ငွေလုံးငွေရင်း လုပ်ငန်း (၉)ခုကို အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Third Party) QC (Quality Control) ကုမ္ပဏီများဖြင့် စစ်ဆေးရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment