သတင်းထုတ်ပြန်ချက်
နိုင်ငံတစ်နိုင်ငံ စောင့်ထိန်းရမည့် ကျင့်ဝတ်များမှ သွေဖည်မှုများအား ရှုတ်ချခြင်း
နယူးယောက်မြို့၊ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှ အမြဲတမ်း ကိုယ်စားလှယ် Ms. Linda Thomas- Greenfield က ရာထူးမှ ထုတ်ပယ်ထားသည့် အမြဲတမ်းကိုယ်စားလှယ်ဟောင်း ဦးကျော်မိုးထွန်းအား ရည်ရွယ်၍ လုပ်ကြံရန် ကြံစည်မှုနှင့် စပ်လျဉ်း၍ ကျူးလွန်သူများကို ဖမ်းဆီးထားမှုဆိုင်ရာ သတင်းထုတ်ပြန်ချက် တစ်ရပ်အား ၇-၈-၂၀၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအတွင်း သက်ဆိုင်ရာနိုင်ငံက လက်ခံနေထိုင် ခွင့်ပြုထားသူများအကြား ဖြစ်ပွားသည့် ပြည်တွင်းဖြစ်စဉ်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံ၏ ဥပဒေကြောင်းအရသာ တရားစီရင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ ယခင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သော အမိန့်နှင့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိခြင်း၊ အမြဲတမ်းကိုယ်စား လှယ်/ သံအမတ်ကြီး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခြင်း၊ တရားမဝင်နှင့် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH)နှင့်အမျိုးသားညီညွှတ်ရေးအစိုးရ (National Unity Government-NUG)တို့အား ကိုယ်စားပြုဆောင်ရွက်ခြင်းတို့ကြောင့် ၎င်းအား ၂၇-၂-၂၀၂၁ ရက်၊ နံနက်ပိုင်းမှအစပြု၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း များအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး၊ လက်ရှိ တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားသည်။
ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ ပြည်တွင်းတရားစီရင်ရေးဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သောကြောင့်၎င်းအား လွှဲပြောင်းပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၁၂-၇-၂၀၂၁ ရက်တွင် တောင်းဆိုထားပြီးဖြစ်သည်။
ဦးကျော်မိုးထွန်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုချက်ကို ယခုတိုင်ဆောင်ရွက် ပေးခြင်း မရှိသည်ကို တွေ့ရှိရသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်၏ ပြောဆိုချက်များသည် မြန်မာနိုင်ငံ အပေါ် စွပ်စွဲပြစ်တင်သည့် သဘောထားဖြစ်ပြီး ဗီယင်နာကွန်ဗင်းရှင်းပါ သံတမန်တစ်ဦး လိုက်နာ ရမည့်အချက်များကို ချိုးဖောက်ကြောင်း တွေ့ရှိရသဖြင့် မြန်မာမှ ပြင်းထန်စွာ ကန့်ကွက်သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ဥပဒေကြောင်းအရ အရေးယူရန်ရှိသည့် ဦးကျော်မိုးထွန်းအပေါ် ယခုကဲ့သို့ ရပ်တည် ထောက်ခံပေးနေခြင်းသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား စောင့်ထိန်းရမည့်ကျင့်ဝတ်ကို လိုက်နာရန် သွေဖည်ခြင်းဖြစ်၍ ယင်းလုပ်ရပ်များကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချသည်။ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းထားပြီးဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ အပြန်အလှန်လေးစားမှုရှိရန်ဆိုသည့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အခြေခံမူများကို လိုက်နာရန်လည်း တောင်းဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်
No comments:
Post a Comment