Saturday, August 7, 2021

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ် စင်တာများအား ကြည့်ရှုစစ်ဆေး

 


ရန်ကုန် ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ သံဃာတော် ၂၀၀ ပါး ကုသနိုင်ရန် ဖွင့်လှစ်ထားသော အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော် စင်တာသို့ရောက်ရှိစဉ် လက်ရှိတက်ရောက်မှု ခံယူလျက်ရှိသော သံဃာတော်များ၏ ဆေးကုသနေမှု အခြေအနေများကို တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အထူးကုဆရာဝန်များက လည်းကောင်း၊ ဆွမ်းနှင့်ဝေယျာဝစ္စ ကိစ္စရပ်များကို အဆင်ပြေစေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင် လည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လှိုင်မြို့နယ်၊ လှိုင်ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်စိုးနှင့် တာဝန်ရှိသူများက လူနာများ တက်ရောက်ကုသနေမှု အခြေအနေနှင့် လူနာများ ထပ်မံရောက်ရှိလာပါက လူနာ(၆၀၀)ဦး အတွက် ကုသမှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ဖြင့် တစ်ရက်လျှင် ဆလင်ဒါ အလုံးရေ ၉၀ ကျော် ဖြည့်သွင်းနေမှုများကို လည်းကောင်း၊ ဆက်လက်၍ ကိုဗစ်လူနာ(၅၀၀)ဦး ကုသနိုင်သော မရမ်းကုန်းမြို့နယ်၊ အင်းယား ကိုဗစ်-၁၉ ကုသရေး စင်တာသို့ ရောက်ရှိစဉ် အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်တင်းပေးရန် Liquid Oxygen Tank ထားရှိမည့် နေရာ တည်ဆောက်နေမှုများ၊ စင်တာတွင် လက်ရှိ တက်ရောက် ကုသနေမှုများ အောက်ဆီဂျင် ပေးကုသရန် လိုအပ်သည့် လူနာ ၉၄ ဦးအား အောက်ဆီဂျင် ပေး၍ ကုသပေးနေမှုအခြေ အနေများကို လည်းကောင်း၊ ဆက်လက်၍ ရန်ကင်းမြို့နယ် ရန်ကင်း ကိုဗစ်-၁၉ကုသရေးစင်တာ (TTC) ရောက်ရှိစဉ် လူနာ ၆၀၀ ကျော်အတွက် ပြင်ဆင်ထားရှိပြီး လတ်တလော တက်ရောက်ရှိနေသည့် လူနာများကို ကုသပေးနေမှု၊ စင်တာများတွင် တာဝန်ထမ်းဆောင် နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် Volunteer များ၏ တာဝန်ထမ်းဆောင်နေမှုများ၊ လူနာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအသောက် စီစဉ်ကျွေးမွေးနေမှုနှင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်ဆေး တပ်ဖွဲ့များက ကျန်းမာရေး ကုသပေးနေမှုများကို စင်တာအသီးသီးမှ ကုသရေး တာဝန်ခံ ဆရာဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်း တင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စင်တာ၏လိုအပ်မှုများနှင့် အောက်ဆီဂျင် လုံလောက်စွာရရှိရေး ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရမှ စီမံဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ပြည်သူ့ဆေးရုံတက်ရောက်ရန် မြို့နယ်ကျန်းမာရေးမှူးရုံးများတွင် စာရင်းပေးသွင်း အလှည့် စောင့်ဆိုင်းနေသော ကိုဗစ်ပိုးတွေ့ လူနာများကို မင်းဓမ္မလမ်း သာသနာ့ဗိမာန်တော်စင်တာ၊ လှိုင်စင်တာ၊ ရန်ကင်း(TTC)စင်တာတို့တွင် ယာယီလက်ခံထားရှိပြီး တပ်မတော်ဆေး တပ်ဖွဲ့မှ ပါရဂူနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ စင်တာကြီးကြပ်ရေး အဖွဲ့၏ အစီအစဉ်ဖြင့် တာဝန်ပေးအပ်ထားသော ဆရာဝန်နှင့် သူနာပြုများ၊ Volunteer များက ဆေးဝါး၊ အောက်ဆီဂျင်၊ အစားအသောက် အပြည့်အစုံဖြင့် ပြုစုစောင့်ရှောက် ပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားနေသူများ ဖော်ပြပါ စင်တာများသို့ တက်ရောက်ကုသလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

မီးသတ် Ambulance  အဖွဲ့ ၁၉၁၊ ၀၁၆၅၁၆၄၁၀၉-၈၉၈၉၈၀၇၇၈၀၉-၈၉၈၉၈၀၇၇၉၀၉-၄၄၂၈၁၃၁၃၀၊ လှိုင်စင်တာ၊ ရန်ကင်း TTC စင်တာ ၀၉-၂၀၂၅၇၅၇၊ ၀၉-၄၄၈၀၀၈၇၆၀

ဆန်းကျော်ဦး(ပြန်/ဆက်)


No comments:

Post a Comment