မြိတ် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် စေတနာရှင်လှူဒါန်းငွေများဖြင့် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားသည့် အောက်ဆီဂျင်စက်သည် ယမန်နေ့ ညပိုင်းတွင် မော်တော်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်ကို စေတနာရှင် ပြည်သူများက ကိုဗစ်ကာကွယ်ဆေးအတွက်
မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အထောက်အကူပြုကော်မတီသို့ လှူထားသည့်
ရန်ပုံငွေထဲမှ ကော်မတီမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ကို ဒေါ်လာ(၆)သောင်းနှင့်
အောက်ဆီဂျင်စက် လည်ပတ်အသုံးပြုရန်အတွက် မီးစက်ကို ဒေါ်လာ(၁)သောင်းခွဲ စုစုပေါင်းဒေါ်လာ(၇)သောင်းခွဲဖြင့်
ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုကော်မတီ
မှ သိရသည်။
မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉
ဝေဒနာရှင်များ အောက်ဆီဂျင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ လှူဒါန်းထားသည့် အောက်ဆီဂျင်စက်သည်
စက်တပ်ဆင်ပြီးစီးပြီဖြစ်ကာ စမ်းသပ်လည်ပတ်လျက်ရှိပြီး တစ်နေ့လျှင် (၄၀)လီတာ အောက်ဆီဂျင်အိုး(၁၈၀)မှ (၂၀၀)လုံးခန့်
ထွက်ရှိနိုင်ကြောင်း၊ စေတနာရှင် အလှူရှင်များ လှူဒါန်းထားသည့် အောက်ဆီဂျင်စက်သည် ရောက်ရှိတပ်ဆင်
လျက်ရှိကာ အဆိုပါစက်မှလည်း အောက်ဆီဂျင်အိုး(၁၀၀) မှ (၁၂၀)လုံးခန့် ထွက်ရှိနိုင်ကြောင်း
သိရသည်။
ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံသို့ မော်တော်ယာဉ်ဖြင့်
ရောက်ရှိလာသည့် အောက်ဆီဂျင် စက်ကို အောက်ဆီဂျင်စက်ရုံအတွင်း တပ်ဆင်ဆောင်ရွက်ရန် မော်တော်ယာဉ်မှ
စက်ရုံအတွင်းသို့ သယ်ယူဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူ့ဆေးရုံအောက်ဆီဂျင်စက်ရုံတွင် စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်း လုပ်ငန်းများ
ပြီးမြောက်ပါက အောက်ဆီဂျင်လိုအပ်သူများအတွက် ယခုထက်ပိုမိုအဆင်ပြေနိုင်ပြီဖြစ်ကြောင်း
သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)
No comments:
Post a Comment