စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် မုံရွာ-မန္တလေးသွား ကားလမ်းနေရာအချို့ ရေကျော်မှုဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့ အစည်းများ ပူးပေါင်းကာ ကူညီဆောင်ရွက်မှုများ ဆောင်ရွက် ပေးခဲ့ ကြောင်း သိရှိရသည်။
ဩဂုတ်လ(၂၈)ရက်နေ့တွင် မိုးရေချိန်(၃ဒဿမ၈၆)လက်မနှင့် ဩဂုတ်လ(၂၉)ရက်နေ့တွင် မိုးရေချိန်(၄ ဒဿမ၄၁)လက်မရွာသွန်းခဲ့ရာ မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများနှင့် ကျေးရွာပြည်သူများ အသုံးပြု လျက်ရှိသော ကျေးရွာရှိ အများသုံး ရေကန်များ ရေပြည့်လျှံခြင်းနှင့် ရေပိုရေလျှံခြင်း ရေကန်ကျိုး ပေါက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် မြို့နယ်အတွင်း ပဲကူကျေးရွာရှိ အစိန္တေယျရေကန်တွင် ရေဝင်ရောက်မှု များပြားကာ ပေ(၁၀၀)ခန့်ကျိုးပေါက် ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ကန်၏ အောက်ဘက် ကျသည့် မုံရွာ/မန္တလေးကားလမ်းမိုင်တိုင် အမှတ်(၅၁/၇)နှင့် (၅၂)ကြားတွင် အရှည်ပေ (၁၀၀)နှင့် ရေအနက်(၁၀)လက်မခန့်၊ မိုင်တိုင် အမှတ် (၅၃/၀)နှင့်(၅၃/၁)ကြားတွင် အရှည်ပေ(၃၀၀)ခန့်နှင့် ရေအနက်(၁) ပေကျော်ရေလျှံမှု ဖြစ်ပွားခဲ့ ကြောင်း၊ ယင်းလမ်း ခရီးတွင် သွားလာလျက်ရှိသည့် ခရီးသွား ယာဉ်များ ဘေးအန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေရေးအတွက် အမှတ်အသားကြိုးများ သတ်မှတ် ပေးခြင်းနှင့် ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေး သက်ဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း များနှင့်အတူ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရှိရသည်။
ဆက်လက်၍ ကန်ကျိုးပေါက်မှုများ ပြင်ဆင်နိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ စက်ယန္တယား များ အသုံးပြုကာ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)

No comments:
Post a Comment