ပဲခူး ဩဂုတ် ၈
ပဲခူးတိုငိးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ ယမန်နေ့နေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ အစည်းအဝေး (၂/၂၀၂၁) ကို Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း နှစ်စဉ် ရေကြီးရေလျှံဖြစ်ပေါ်သည့် မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအလိုက် မြစ်ရေကြီးမှုသတိပေးချက်များနှင့် ကြိုတင် ကာကွယ်ရေး အသိပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် မြစ်/ချောင်းနားနေထိုင်သူများ အချိန်မီ သိရှိရန်လိုအပ်ကြောင်း၊ ရွှေကျင်မြို့အဝင် ကားလမ်းသည် နှစ်စဉ်ရေကျော်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရန် ရေကျော်သည့်လမ်းပိုင်းအား လမ်းတာဘောင်နှင့် လမ်းသားမြှင့်တင်နိုင်ရေး တွက်ချက်တင်ပြရန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရေကြီးနစ်မြှုပ်လေ့ရှိသည့် ရွှေကျင်မြို့နယ်သို့ ဆန်အိတ်(၃၀၀)၊ ဆီပိဿာ (၅၀၀)နှင့် ဆားပိဿာ (၅၀၀)ကိုလည်း ကြိုတင်ပေးပို့ထားပြီး ဖြစ်သလို သဘာဝဘေးအန္တရာယ်ခံရနိုင်သော မြို့နယ်များအတွက် ဆန်အိတ်(၅၀၀)၊ ဆီပိဿာ(၅၀၀)၊ ဆားပိဿာ (၅၀၀)၊ ကြက်သွန် စသည်တို့ကို ခရိုင်အလိုက် ကြိုတင်စုဆောင်းထားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလဖြစ်၍ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းတွင် နေရာချထားရာ၌ မိသားစု တစ်စုချင်းစီတိုင်းကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ အကာအရံဖြင့် ထားရှိပေးရန်နှင့် လိုအပ်သော Mask ၊ ဆပ်ပြာ ၊ လက်သန့်ဆေးရည်များ စီစဉ်ပေးထား ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ပြီးသည့် Cyclone Shelter များအား ကြိုတင်စစ်ဆေး၍ ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် Cyclone Shelter မရှိသည့် မြို့နယ်များတွင် နေရာချထားနိုင်ရေး ကြိုတင်ရှာဖွေ ထားရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ကြိုတင်ဖြန့်ခွဲပေးထား သည့် အသက်ကယ်လှေ၊ အသက်ကယ်အင်္ကျီ၊ ရေစုပ်စက်၊ မီးစက်နှင့် Chainsaw များ အသင့်အသုံးပြုနိုင်ရေး သတ်မှတ်နေရာ များတွင် ပေးပို့၍ သေချာစစ်ဆေး စုဖွဲ့ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြစ်ရေကြီးမှုနှင့် ကမ်းပြိုကာကွယ်ရေးအတွက် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များကို စဉ်ဆက်မပြတ်သတိထားပြီး မြစ်ကမ်းဘေး နေထိုင်သူများအား ကြိုတင်ပြောင်းရွှေ့ နေရာချထားပေးခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုများ လျော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ် မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများအတွက် မျိုးစပါးများ အသင့်စုဆောင်းထား ရမည်ဖြစ်ကြောင်း၊ စေတနာ့ ဝန်ထမ်းနှင့် ပရဟိတအသင်းအဖွဲ့များအား သတ်မှတ်လည်ဆွဲ ကတ်များထုတ်ပေးပြီး စုဖွဲ့ထားရန်၊ လေဘေး ဖြစ်ပွါးလေ့ရှိသည့် နေရာများတွင် လေကာပင်နှင့် မြစ်/ ချောင်းကမ်းတစ်လျှောက် ကမ်းထိန်း ပင်များ စိုက်ပျိုးထားရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပွါးလာပါက တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားထားရှိထားပြီးဖြစ်ကြောင်း၊ ဆည်/တမံများ၏ ကြံ့ခိုင်ရေးများအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု ရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စက်/ယာဉ် ယန္တရားများ သတ်မှတ်စုရပ်သို့ အချိန်မီရောက်ရှိစေရေး စီစဉ်ဆောင်ရွက် ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံ လေ့ရှိသည့် ဒေသများအား ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်သတိပေး ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်မှုမပြတ်တောက် စေရေး စီမံဆောင်ရွက် ရမည်ဖြစ် ကြောင်း အကြံပြုပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တပ်နယ်မှူးများက မြို့နယ်များအလိုက် ကူညီ ကယ်ဆယ်ရေး အင်အားစုဖွဲ့ထား ရှိမှုအခြေအနေ၊ နေရာချထားရေးစီမံဆောင်ရွက်ထားမှု၊ ကျန်းမာရေးဝန်ဆောင်မှုပေးမည့် အစီအစဉ် များနှင့် သဘာဝဘေး အန္တရာယ်ဖြစ်ပွားလာပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက တပ်နယ်မှူးများနှင့် ချိတ်ဆက်၍ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ စီစဉ် ဆောင်ရွက်ထားရှိမှုနှင့် ဆန်ရိက္ခာများ ကြိုတင်စုဆောင်း ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာများက ဌာနအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းစဉ်များ ကိုလည်းကောင်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း၊ ဆည်/တမံများ၊ ရေကာတာဘောင် များပြားသည့်အတွက် ဆည်/တမံနှင့် ဧရာဝတီမြစ် တစ်လျှောက် တာဘောင်များ ကြံ့ခိုင်မှုရှိစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက် ရန်နှင့် မြစ်ရေမြင့်တက်လာပါက ရေကင်းများချ၍ အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့ရန်၊ ရေဘေးသင့်ပြည်သူ များအတွက် လိုအပ်သော စားသုံးရိက္ခာပစ္စည်းများအပြင် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများကိုလည်း ကြိုတင်စုဆောင်း ထားရန်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တပ်နယ်မှူး များနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်မှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး-ပြန်/ဆက်

No comments:
Post a Comment