ကိုဗစ်-၁၉ရောဂါဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝသည် ပရိယာယ်မာယာများလှသည်။ အကြမ်းဖျင်းအားဖြင့် နေရာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေးရောဂါဖြစ်နေ ကြသည်ကိုတွေ့ရသည်။ ရောဂါပိုးမကူးစက်အောင် အထူးဂရုစိုက်နေသည့်ကြားမှရောဂါဖြစ်ချင်လျှင် ဖြစ်သွားနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် မည်သည့်အခြေ အနေတွင် ရှိသည်ဖြစ်စေ ရောဂါပိုးမကူးစက်အောင် ရောဂါပိုးသဘာဝနှင့် ရောဂါ ကူးစက်မှုကို ခံနိုင်ရည်ရှိအောင် အထူးသတိမူ နေထိုင်လုပ်ကိုင်ကြရမည်ဖြစ်သည်။
ယခုအခါတွင် နိုင်ငံတစ်ဝန်း၌ ကာကွယ်ဆေးများကို သက်ဆိုင်ရာအစုလိုက် ရောဂါကူးစက်မှုမရှိစေရန် စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်သောကြောင့် ကာကွယ်ဆေးထိုးပြီးသောပြည်သူများ ရောဂါ ကူးစက်မှုခံနိုင်ရည် နှင့်ပတ်သက်သည့် အကျိုးကျေးဇူးများကို သိလာရသည်။ ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာ လုံးပျံ့နှံ့နေပြီး မည်သူမဆို၊ မည်သည့်နေရာမဆို ပြန့်ပွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အကယ်၍ ရောဂါပိုးသည် လူတစ်ဦးသို့ ရောက်ရှိနိုင်ခြေရှိပြီဆိုပါက ကာကွယ်ဆေးမထိုးထားသူများတွင် ကူးစက်နိုင် သည့်ရက်မှာ ရှစ်ရက်ကျော်ကျော်ရှိနိုင်ပြီး ကာကွယ်ဆေးထိုးထားသူတွင် နှစ်ရက်၊ သုံးရက် နှင့် ရောဂါကို ဖယ်ရှားတွန်းလှန်နိုင်သည်။
ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလက ရောဂါပိုးကူးစက်မှု နှုန်းထက် ယခုကူးစက်မှု ဒယ်လ်တာပိုးက ပို၍လျင်မြန်စွာကူးစက်နေသည်။ ယခင်က အလွန်ကူးစက်မြန်သော ဆားစ်၊ မားစ်၊ အီဘိုလာ၊ ရာသီတုပ်ကွေး၊ ကျောက် ရောဂါပိုးများထက် ယခုဒယ်လ်တာပိုးသည် ကူးစက်မြန်ပြီး လူတို့ကို ဒုက္ခပေးမှုလည်း ပိုမိုများကြောင်း တွေ့ရှိထားကြသည်။ ရေကျောက်ရောဂါပိုးနှင့်ဆိုလျှင် ကူးစက်မှု တန်းတူရှိပြီး ဝက်သက် ရောဂါပိုးမှာမူ ဒယ်လ်တာပိုးထက် ပိုမိုကူးစက်မှု မြန်သည်။ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေနိုင်သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါပိုးများစွာရှိသော်လည်း လူကိုကူးစက်နိုင်သော မျိုးနွယ်များတွင် ဆားစ်၊ မားစ်နှင့် ယခုကိုဗစ်-၁၉ ရောဂါပိုးသည် အဆိုးဆုံးဖြစ်သည်။
ကာကွယ်ဆေးထိုးပြီးသွားသူများအနေဖြင့် နှာခေါင်းနှင့်လည်ချောင်းတွင် ရောဂါပိုးရောက်ပြီဟု ခန္ဓာကိုယ်က အချက်ပေးသောအခါ နှာခေါင်းနှင့်လည်ချောင်းတွင် ရှိပြီးသား ကိုယ်ခံစွမ်းအားစစ်သည်များက ရောဂါပိုးကို လာရောက်တိုက်ခိုက် ကြပါသည်။ အစပိုင်း တစ်ရက်၊ နှစ်ရက်ခန့်တွင် ရောဂါပိုးကို လုံလောက်အောင် တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း နောက်ပိုင်းတွင် ခန္ဓာကိုယ်မှ ကိုယ်ခံစွမ်းအားများက စုပေါင်းတိုက်ခိုက်သော အခါ အဆုတ်သို့ ရောက်ရှိဒုက္ခပေးနိုင်သည့် ဝေဒနာခံစား ရမှုဖြစ်လာသည့်အခြေအနေ မဖြစ်တော့ပေ။ သာမန် နှာစေး၊ ချောင်းဆိုး၊ ဖျားနာလောက်ရုံနှင့် ပြီးပြတ်သွားနိုင်သည်။ အစောပိုင်းနှစ်ရက်တွင် အခြားသူများသို့ ကူးစက်မှုရှိနိုင်သဖြင့် လူများနှင့်တွေ့ဆုံသောအခါ ပါးစပ်နှာခေါင်းစည်းတပ်ရန် သတိပေး ထားသည်။
သို့သော် ကာကွယ်ဆေးသည် လူတစ်ဦးကို လုံးဝကာကွယ်နိုင်သည့်ဆေးတော့ မဟုတ်ပေ။ လူတစ်ဦးအနေဖြင့် ၎င်းတွင် နဂိုကတည်းက သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာနှင့် ကိုယ်ခံအားကျဆင်းနေသော ရောဂါအခံများရှိနေခြင်း၊ အသက်အရွယ်ကြီးရင့်နေခြင်း၊ ရောဂါတစ်မျိုးမျိုးကို ဖြစ်စေနိုင်သည့်၊ ဆိုးရွားစေ နိုင်သည့်အကြောင်းရင်းများ ရှိနေမည်ဆိုပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထား သော်လည်း အသက်သေဆုံးမှု အနည်းငယ် ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်းအပြင် မိမိတို့တွင် ရောဂါအခံများ နည်းပါးအောင်၊ နေထိုင်စားသောက်၊ လုပ်ကိုင်မှုများ မှန်ကန်အောင် အစဉ်အမြဲသတိထားရမည် ဖြစ်သည်။
ယခုအခါတွင် မိမိတို့ထံသို့ မည်သည့်အချိန် တံခါးလာခေါက်မည်မှန်းမသိသည့် ရောဂါဖြစ်ပွားနေသော အခါတွင် မိမိကိုယ်ကို ရောဂါကင်းဝေးအောင် နေထိုင်ခြင်း၊ ရောဂါရှိပါကလည်း ရှိသည့်ရောဂါသက်သာစေရန် အထူး ဂရုစိုက်နေထိုင်ခြင်း၊ မိမိတို့၏ကိုယ်ခံအား အထူးကောင်းမွန်အောင် အမြဲဆောင်ရွက်ခြင်း၊ မည်သို့သော အခြေအ နေရောက်ရောက် မိမိတို့၏စိတ်ဓာတ်ကြံ့ခိုင်အောင်၊ ကိုဗစ်ရောဂါကို အထူးစိုးရိမ်ကြောက်လန့်ခြင်း မဖြစ်အောင် သတိထားနေထိုင်ကြရမည်ဖြစ်သည်။ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ အစားအစာအာဟာရ မျှတအောင် စားသောက်ခြင်း၊ စိတ်ချမ်းသာအောင် နေထိုင်ခြင်း၊ လောဘ၊ ဒေါသ၊ မောဟများကို အတတ်နိုင်ဆုံး လျှော့ချ နေထိုင်ခြင်းတို့ကို ပြုလုပ်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အလွန်ကူးစက်မြန်သော ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝကို သိရှိ နားလည်ထားနိုင်အောင် လေ့လာထားကြပြီး ရောဂါ ကူးစက်ခြင်းမခံရအောင်၊ အကယ်၍ ကူးစက်ခံရမှုရှိ လာလျှင်လည်း ခုခံတွန်းလှန် နိုင်အောင် ကြိုးစားအားထုတ်သွားရမည်ဖြစ်ပါကြောင်း။

No comments:
Post a Comment