Saturday, August 28, 2021

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း



 

နိဒါန်း

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်၏ တောင်ဘက်စွန်းတွင်တည်ရှိသော နိုင်ငံဖြစ်ပြီး လူဦးရေ ၅၉ သန်းကျော်နေထိုင်ကာ ကမ္ဘာပေါ်တွင် ၂၃ နိုင်ငံမြောက်လူဦးရေ အထူထပ်ဆုံး သောနိုင်ငံ ဖြစ်ပါသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၄၇၁၄၄၅ ကျယ်ဝန်းပြီး မြို့တော် သုံးခုရှိကာ Pretoria (အုပ်ချုပ်ရေး မြို့တော်)၊ Bloemfontain{တရားစီရင်ရေးမြို့တော်) နှင့် Cape Town (ဥပဒေပြုရေး မြို့တော် )တို့ ဖြစ်ကြပါသည်။ တောင်ဘက်တွင် တောင်အတ္တလန်တိတ်နှင့် အိန္ဒိယ သမုဒ္ဒရာ တစ်လျှောက် ကမ်းရိုးတန်းအရှည် ၂၇၉၈ ကီလိုမီတာထိစပ်လျက်ရှိပြီး မြောက်ဘက် တွင် နမီးဘီးယား၊ ဘော့စဝါနာ၊ ဇင်ဘာဘွေနိုင်ငံ တို့နှင့်လည်းကောင်း၊ အရှေ့နှင့် အရှေ့မြောက် ဘက်တွင် မိုဇမ်ဘစ်နိုင်ငံ၊ အက်စ်ပါတီနီ ( ယခင်ဆွာဇီ လန်နိုင်ငံ )တို့နှင့်လည်းကောင်း နယ် နိမိတ်ထိစပ် လျက်ရှိသည်။ နိုင်ငံ၏အရှေ့ဘက်နယ်နိမိတ်အတွင်း တွင် လီဆိုသိုနိုင်ငံ ရှိသည်။ ။

ပထမဆုံးသော လူမည်းသမ္မတ

တောင်အာဖရိကနိုင်ငံသည် နှစ်ပေါင်းများစွာ ကိုလိုနီဘဝဖြင့်နေခဲ့ရသော နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းရင်းသားလူမျိုးများစွာ နေထိုင်လျက်ရှိရာ မတူညီသော ယဉ်ကျေးမှု၊ ကိုးကွယ်မှု ဘာသာနှင့် ဘာသာစကားများမှာလည်း လွန်စွာကွဲပြားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသိအမှတ် ပြုထားသော တရားဝင်ဘာသာစကား ၁၁ မျိုးရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ဘာသာ စကားအများဆုံး နိုင်ငံဖြစ်သည်။ တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်ရှိနိုင်ငံများအနက် စစ်တပ်အာဏာ သိမ်းမှုဖြစ်ပွားမှုမရှိသည့် နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်ပြီး ရွေးကောက်ပွဲများအား ပုံမှန်ကျင်းပခဲ့သည်မှာ ရာစုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သော်လည်း လူများစု ဖြစ်သော လူမည်းတောင်အာဖရိက လူမျိုးများမှာ ၁၉၉၄ ခုနှစ်အထိ မဲပေးခွင့်မရှိခဲ့ပေ။ ၁၉၉၄ ခုနှစ်မေလ၁၀ရက်နေ့တွင် တောင်အာဖရိက နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် ပထမဆုံးသော လူမည်းသမ္မတ နယ်လ်ဆင်ဂိုရီဟာလာမင်ဒဲလား မတိုင်ခင်အချိန်အထိ တောင် အာဖရိကနိုင်ငံ၏ နိုင်ငံရေးကို လူဖြူများကသာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။

၂၀ ရာစုအတွင်းတွင် တောင်အာဖရိက၌ အများစုဖြစ်သော လူမည်းများသည် လွှမ်းမိုးချုပ်ကိုင် ထားသော လူနည်းစုလူဖြူများထံမှ အခွင့် အရေးများကို တောင်းဆိုလာခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် National Party က လူမျိုးရေးခွဲခြားထား သောနိုင်ငံရေး စနစ်ကိုပြဋ္ဌာန်းခဲ့ပြီး နောက် အာဖရိက အမျိုးသားကွန်ဂရက်နှင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်တက်ကြွ လှုပ်ရှား သူများက နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပတွင် ဆန့်ကျင်လှုပ်ရှားမှုများကိုဆောင်ရွက်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်ကာလများအတွင်း တွင်လူမျိုးရေးခွဲခြားမှုကို ရုပ်သိမ်းသောဥပဒေများ စတင်ထွက် ပေါ်လာခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံပါဝင်သည့် လွှတ်တော်ကို ခေါ်ယူနိုင်ခဲ့သည်။ တောင်အာဖရိကနိုင်ငံအား “သက်တန့်နိုင်ငံ” ဟု ခေါ်လေ့ ရှိပြီး နိုင်ငံ၏ မတူကွဲပြားသောအချက်များကြောင့် ဖြစ်ပြီး အထူးသဖြင့် လူမျိုးရေးခွဲခြားသော နိုင်ငံရေးစနစ်ကို ဆန့်ကျင်မှုကြောင့်လည်း ဖြစ်သည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အများဆုံးရှိ

တောင်အာဖရိကနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်တွင် UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အများဆုံးရှိရာ နိုင်ငံလည်းဖြစ်သည်။ အာဖရိကတိုက်တွင် ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ၃၃ နိုင်ငံမြောက်ဖြစ်ကာ စက်မှုနိုင်ငံအဖြစ် လည်း ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။ သို့သော်လည်း ဆင်းရဲမွဲတေမှု၊ မညီမျှမှုနှင့် ပြစ်မှု ကျူးလွန်မှုများမှာ မြင့်မားနေဆဲဖြစ်ကာ နိုင်ငံလူဦးရေ၏ ၄ ပုံ ၁ ပုံမှာ အလုပ်လက်မဲ့ ဖြစ်လျက် ရှိပြီး တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ အောက်သာရှိ သည်။ ထို့အပြင် နိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ် မှုလုပ်ငန်းကြောင့် ဖန်လုံအိမ်အာနိသင်ထုတ်လုပ်မှု မှာ ကမ္ဘာပေါ်တွင် ၁၄ နိုင်ငံမြောက်ဖြစ်ပြီး ရာသီ ဥတုဆိုးရွားစွာ ပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်စေ လျက်ရှိသည်။

တောင်အာဖရိကနိုင်ငံ၌ ပြည်နယ်များ (State) အဖြစ်ပိုင်းခြား သတ်မှတ်ထားခြင်းမရှိဘဲ စီရင်စု (Province)ကိုးစုရှိပါသည်။အုပ်ချုပ်ရေးတွင် သမ္မတစနစ် ကိုကျင့်သုံးပြီး သမ္မတအား အမျိုးသား လွှတ်တော် (National Assembly) မှရွေးချယ်ပေးသည်။ သမ္မတမှ ၎င်း၏ အစိုးရအဖွဲ့ကို ခန့်အပ်ပြီး သမ္မတနှင့်အစိုးရအဖွဲ့က လွှတ်တော်ကို တာဝန်ခံရသော စနစ်ဖြစ်သည်။ စီရင်စု ဝန်ကြီးချုပ်များကို သက်ဆိုင်ရာစီရင်စုလွှတ်တော်မှ ရွေးချယ်ခန့်အပ်ပါ သည်။ ဝန်ကြီးချုပ်သည် စီရင်စု အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲဖြစ်ပြီး စီရင်စုအလုပ်အမှုဆောင်ကောင်စီကို ခန့်အပ်နိုင် သည်။ အလုပ်အမှုဆောင် ကောင်စီသည် စီရင်စုအစိုးရအဖွဲ့အဖြစ်လုပ်ငန်းများ ကိုတာဝန်ယူ ဆောင်ရွက်သည်။ ဒေသန္တရအစိုးရအဖွဲ့များကိုထားရှိပြီး မြူနီစီပယ်ရွေးကောက်ပွဲများကို ငါးနှစ် တစ်ကြိမ် ကျင်းပသည်။ ။

တရားစီရင်ရေးစနစ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားရုံးများ၊ တရားရုံးချုပ်၊ အယူခံတရား လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။ တရား သူကြီးများကို သမ္မတမှ တရားရေးဆိုင်ရာကော်မရှင်၏ အကြံပြုချက်ဖြင့် ခန့်အပ်နိုင်သည်။

တောင်အာဖရိကသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး၊ ရဲတပ်ဖွဲ့နှင့် သတင်း ထောက်လှမ်းရေးတပ်ဖွဲ့များကို အရပ်ဘက်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိသည်။ သမ္မတသည် နိုင်ငံတော်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ သို့သော် ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ဆောင်ရွက်မှုများကို လွှတ်တော်သို့ ပုံမှန်အစီရင်ခံ တင်ပြရသည်။ ရဲတပ်ဖွဲ့သည် နိုင်ငံတော်အစိုးရ၏လက်အောက်တွင်ရှိသော်လည်း တချို့သော လုပ်ပိုင်ခွင့်အာဏာများကို စီရင် စုအစိုးရအား လုပ်ပိုင်ခွင့်ပေးထားသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲအမျိုးအစားများနှင့်ရွေးကောက်ပွဲစနစ်များ

တောင်အာဖရိကနိုင်ငံတွင် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ (National Assembly Election)၊ အမျိုးသားစီရင်စုကောင်စီလွှတ်တော် (National Council of Provinces - NCOP)နှင့် စီရင်စုရွေးကောက်ပွဲများ (Provincial Legislatures Elections )၊ မြူနီစီပယ် ကောင်စီရွေးကောက်ပွဲများ (Municipal Council Elections)ကို ကျင်းပသည်။ တောင် အာဖရိကနိုင်ငံ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၄၀၀ ရှိပြီး အမျိုးသားစီရင်စုကောင်စီ လွှတ်တော်တွင် အမတ်နေရာ ၉၀ ရှိသဖြင့် စုစုပေါင်း ၄၉၀ နေရာဖြစ်သည်။ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲများနှင့် စီရင်စုလွှတ်တော် ရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး မြူနီစီပယ်ရွေးကောက်ပွဲများကို နှစ်နှစ်တစ်ကြိမ် ကျင်းပသည်။ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ နှင့် စီရင်စုရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် ( Party List Proportional Representation) ကိုအသုံးပြုပြီး မဲဆန္ဒရှင်များကပါတီများကိုမဲပေးကာ ပါတီများက ၎င်းတို့ရရှိသည့် မဲအရေအတွက် အချိုးအစားအလိုက် လွှတ်တော် အတွင်းတွင် အမတ်နေရာများရရှိသည်။ မြူနီစီပယ်ရွေးကောက်ပွဲများတွင် ပါတီများကို မဲပေးရသည့် အချိုးကျကိုယ်စားပြုစနစ်နှင့်အတူ ရပ်ကွက်များက ( တစ်သီးပုဂ္ဂလကောင်စီ အဖွဲ့ဝင်များကို တိုက်ရိုက် မဲပေးရွေးချယ်သည့် ရောနှောစနစ်( Ward System and PR system- Mixed) ကို အသုံးပြုသည်။ ရပ်ကွက် ၃၉၀၀ ရှိရာ မဲဆန္ဒရှင်များသည် ဒေသန္တရကောင်စီတွင် ရပ်ကွက် အလိုက် ၎င်းတို့အား ကိုယ်စားပြုသည့် ကိုယ်စားလှယ်တစ်ဦးစီကိုရွေးချယ်မဲပေးသကဲ့သို့ ၎င်းတို့ အား ကိုယ်စားပြုမည့် ပါတီကိုလည်း မဲပေးရသည်။

ရွေးကောက်ပွဲများအားလုံးကို တောင်အာဖရိက ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်ကျင်းပပေး ရပြီး ကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော လွတ်လပ်ပြီး အမှီအခိုကင်း သည့် အဖွဲ့ အစည်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများနှင့် စီရင်စုရွေးကောက်ပွဲများအား ၁၉၉၄ ခုနှစ်မှ စတင် ပြီး ငါးနှစ်တစ်ကြိမ် တစ်ပြိုင်နက်တည်း ကျင်းပသော်လည်း မတူညီသော မဲလက်မှတ်များဖြင့် သီးခြားမဲပေးရသည်။ ပြည်ထောင်စုအစိုးရသည် တစ်နိုင်ငံလုံးအတွက် ဥပဒေများနှင့် မူဝါဒများ ကို ရေးဆွဲချမှတ်ပေးပြီး ယင်းတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် လွှတ်တော်နှင့် နိုင်ငံတော် သမ္မတ၊ ဝန်ကြီးများ ဦးဆောင်သည့်ပြည်ထောင်စုအစိုးရပါရှိ သည်။ စီရင်စုအစိုးရများက သက်ဆိုင်ရာ စီရင်စုနှင့် စပ်လျဉ်းသည့် ဥပဒေများနှင့် မူဝါဒများကိုသာ ရေးဆွဲချမှတ်ပေးပြီး ယင်းတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် လွှတ်တော်နှင့် ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များပါရှိသည့် စီရင်စုအစိုးရ အဖွဲ့တို့ပါရှိသည်။

လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လွတ်လပ်သောရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ရပြီး မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ်များဖြင့် ပါတီဆက်ဆံ ပြန်ကြားရေးကော်မတီ(Party Liaison Committee) တစ်ရပ်ကို ဖွဲ့စည်းကာ ကော်မရှင်အား အကြံပြုခြင်း၊ ကော်မရှင်ထံမှသတင်းအချက်အလက်များ ရယူခြင်း တို့ကို ဆောင်ရွက်သည်။ ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံရေးပါတီများသည် လွှတ်တော် တစ်ခုချင်းစီအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်းတို့ ပါတီကိုယ်စားလှယ်လောင်းများ အမည် စာရင်းကို ပြုစုရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ (NationalAssembly Election)

တောင်အာဖရိကနိုင်ငံ အမျိုးသားလွှတ်တော် တွင် အမတ်နေရာ ၄၀၀ ရှိပြီး အချိုးကျ ကိုယ်စားပြုစနစ် (Party List Proportional Representation) ကို ကျင့်သုံးသည့်အတွက် စုစုပေါင်းဆန္ဒမဲ၏ ၀ ဒသမ ၂၅ ရာခိုင်နှုန်းရလျှင် နေရာတစ်နေရာရရှိမည် ဖြစ်ပါသည်။ လွှတ်တော် သက်တမ်းမှာ ငါးနှစ်ဖြစ် သည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် တောင်အာဖရိကနိုင်ငံ သားများ မဲပေးခွင့်ရှိပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ နိုင်ငံပြင်ပရောက် တောင်အာဖရိကနိုင်ငံသားများ လည်း မဲပေးခွင့်ရရှိလာခဲ့သည်။

အမျိုးသားလွှတ်တော်နေရာ ၄၀၀ အနက် နေရာ ၂၀၀ အား ပါတီများ၏တစ်နိုင်ငံလုံးအဆင့် တင်သွင်းသော အမည်စာရင်းမှ ရွေးချယ်ပြီး ကျန်နေရာ ၂၀၀အား စီရင်စုကိုးခု၌ စီရင်စုတစ်ခုချင်း စီအတွက် ပါတီများကတင်သွင်းသောအမည်စာရင်း မှ ရွေးကောက် တင်မြှောက်သည်။ ရွေးကောက်ပွဲ အပြီး ရလဒ်များ ထွက်ပေါ်ကြေညာပြီးသည့်အချိန် တွင် ရွေးကောက်ပွဲကော်မရှင်သည် ပါတီစာရင်း တစ်ခုစီမှ မည်သည့်လွှတ်တော်များတွင် နေရာမည် မျှရရှိသည်ကို စိစစ်တွက်ချက်ကြေညာသည်။ ရွေးကောက်ပွဲပြီးနောက်တွင် တောင်အာဖရိက သမ္မတအား အမျိုးသားလွှတ်တော်က ရွေးကောက် တင်မြှောက်သည်။ ။

အမျိုးသားစီရင်စုကောင်စီလွှတ်တော် (National Council of Provinces - NCOP)နှင့် စီရင်စု ကောင်စီလွှတ်တော်ရွေးကောက်ပွဲများ

တောင်အာဖရိကနိုင်ငံတွင် KwaZulu- Natali Westem Capei Eastern Cape Free State Gauteng, Northern Capel Limpopo North West Mpumalanga နှင့် Pretoria ဟူ၍ စီရင်စု ကိုးခုရှိသည်။ စီရင်စုလွှတ်တော်တစ်ရပ်လျှင် ယင်း စီရင်စုအတွင်း နေထိုင်သည့် လူဦးရေအလိုက် ကိုယ်စားလှယ်နေရာ ၃၀ မှ ၈၀ အကြားတွင် ရှိသည်။ စီရင်စုလွှတ်တော်ရွေးကောက်ပွဲနှင့် မြူနီ စီပယ်ကောင်စီ ရွေးကောက်ပွဲများတွင်မူ သက်ဆိုင် ရာ စီရင်စု သို့မဟုတ် မြူနီစီပယ်အတွင်းတွင် နေထိုင်သူသာ မဲပေးခွင့်ရှိသည်။ အမျိုးသားစီရင်စုကောင်စီလွှတ်တော်နေရာ၉၀ အတွက် သက်ဆိုင်ရာ စီရင်စုလွှတ်တော် တစ်ခုစီလျှင် ကိုယ်စားလှယ် ၁၀ ဦးစီရွေးချယ်သည်။ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ သက်ဆိုင်ရာစီရင်စုအလိုက် ဝန်ကြီးချုပ်များအား စီရင်စု လွှတ်တော် များက ရွေးချယ်တင်မြှောက် သည်။

ဒေသန္တရရွေးကောက်ပွဲများ (မြူနီစီပယ်ရွေးကောက်ပွဲများ)

တောင်အာဖရိကနိုင်ငံတွင် မြူနီစီပယ် ရွေးကောက်ပွဲ သုံးမျိုးရှိပြီး ၎င်းတို့အတွက် အသုံးပြုသော ရွေးကောက်ပွဲစနစ်များမှာ တစ်ခုနှင့်တစ်ခု အနည်းငယ်ကွဲပြားသည်။ မြူနီစီပယ် ရွေးကောက် ပွဲများကို ငါးနှစ်တစ်ကြိမ်ကျင်းပသည်။ အကယ်၍ ရပ်ကွက်အဆင့်တွင် တိုက်ရိုက်ရွေးကောက် တင်မြှောက်ထားသော မြူနီစီပယ်ကောင်စီအဖွဲ့ဝင်သေဆုံးခြင်း၊ နုတ်ထွက်ခြင်းနှင့် ထုတ်ပယ် ခြင်း စသည့်အကြောင်းတစ်မျိုးမျိုးကြောင့် နေရာ လစ်လပ်သွားခဲ့ပါက အဆိုပါနေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကိုလစ်လပ်ပြီး ရက်ပေါင်း ၉၀ အတွင်းတွင် ကျင်းပကာ ပြန်လည် ရွေးချယ်ပေးရသည်။ ဒီမိုကရေစီနည်းကျ ကျင်းပသည့် ပထမဆုံးအကြိမ် မြူနီစီပယ် ရွေးကောက်ပွဲများကို ၁၉၉၅ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်များတွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် (IEC) က ကြီးကြပ်ဆောင်ရွက်သည့် ပထမဆုံးအကြိမ် မြူနီစီပယ် ရွေးကောက်ပွဲများကို ၂၀၀၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည်။

မက်ထရိုပိုလီတန်မြူနီစီပယ်ရွေးကောက်ပွဲများ(အုပ်စု - က)

မက်ထရိုပိုလီတန်မြူနီစီပယ်များသည် တောင် အာဖရိကနိုင်ငံရှိ Johannesburg Cape Town Ethekweni (Durban)၊ Tshwane (Pretoria) Nelson Mandela (Port Elizabeth) 4 Ekhyrulei East Rand) စသည့် မြို့ကြီး ခြောက်မြို့တွင် ရှိသည်။ မြူနီစီပယ်တစ်ခုလျှင် မဲဆန္ဒ ရှင် ၅၀၀၀၀၀ ကျော်ရှိပြီး မြူနီစီပယ်များအောက်တွင်ရပ်ကွက်များ ဖွဲ့စည်းတည်ရှိသည်။ ကောင်စီအဖွဲ့ဝင်တစ်ဝက်အား အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ပြီးမဲဆန္ဒရှင်များက ပါတီ များကို ရွေးချယ်မဲပေးရသည်။

ကျန်တစ်ဝက်အား ရပ်ကွက်ကောင်စီဝင်များအဖြစ် ရပ်ကွက်အတွင်းတွင် နေထိုင်သူများက မဲပေး ရွေးချယ်သည်။

ဒေသန္တရမြူနီစီပယ်ရွေးကောက်ပွဲများ(အုပ်စု- ခ)

မက်ထရိုပိုလီတန်မြူနီစီပယ် ခြောက်ခုမှလွဲပြီး ကျန်ဒေသများအားဒေသန္တရမြူနီစီပယ်များ အဖြစ် ပိုင်းခြားသတ်မှတ်ထားသည်။ ဒေသန္တရမြူနီစီပယ် စုစုပေါင်း ၂၃၁ ခုရှိပြီး မြူနီစီပယ် တစ်ခုချင်းစီအား ရပ်ကွက်များအဖြစ် ပိုင်းခြားဖွဲ့စည်းထားသည်။ ယင်းမြူနီစီပယ်များရှိ မဲဆန္ဒရှင်များသည် ခရိုင် ကောင်စီများအတွက်လည်း မဲပေးကြရသည်။ ကောင်စီအဖွဲ့ဝင် တစ်ဝက်အား အချိုးကျ ကိုယ်စား ပြုစနစ်ဖြင့်ရွေးချယ်ပြီး မဲဆန္ဒရှင်များက ပါတီများကို ရွေးချယ်မဲပေးရသည်။ ကျန်တစ်ဝက်အား ရပ်ကွက်ကောင်စီဝင်များအဖြစ် ရပ်ကွက်အတွင်းတွင် နေထိုင်သူများကမဲပေးရွေးချယ်ကြသည်။ လူဦးရေ ကျဲပါးသောနေရာများတွင် နေထိုင်သည့် သူများသည် ဒေသန္တရ မြူနီစီပယ်များအတွင်း ပါဝင်ခြင်းမရှိဘဲ ၎င်းတို့နေထိုင်ရာနေရာများအား ခရိုင်စီမံခန့်ခွဲသည့် ဧရိယာ(District Management Areas-DMA)များအဖြစ် ခရိုင်မြူနီစီပယ်က တိုက်ရိုက်အုပ်ချုပ်သည်။

ခရိုင်မြူနီစီပယ်ရွေးကောက်ပွဲများ (အုပ်စု -ဂ)

ခရိုင်မြူနီစီပယ်များအား ခရိုင်တစ်ခုအတွင်းရှိ ဒေသန္တရမြူနီစီပယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ခရိုင်ကောင်စီတစ်ခုလျှင် ဒေသန္တရမြူနီ စီပယ်လေးခုမှ ခြောက်ခုအကြားဖြင့် ဖွဲ့စည်း ထားပြီးတောင်အာဖရိကနိုင်ငံတွင် စုစုပေါင်း ခရိုင်မြူနီစီပယ် ၄၇ ခုရှိသည်။ ခရိုင်မြူနီစီပယ် ကောင်စီများတွင်ကောင်စီဝင်များအား အောက်ပါအတိုင်း နှစ်မျိုးခွဲ ခြားရွေးချယ်သည်-

- ရွေးကောက်ခံ ကောင်စီအဖွဲ့ဝင်များ။ ၎င်းတို့အား ခရိုင်ကောင်စီအတွက် အချိုး ကျ ကိုယ်စားပြုစနစ်ဖြင့် ယင်းနေရာတွင် နေထိုင်ကြသူ မဲဆန္ဒရှင်များက မဲပေး ရွေးချယ်ပြီး ခရိုင်ကောင်စီအဖွဲ့ဝင် စုစု ပေါင်း၏ ၄၀ ရာခိုင်နှုန်းဖြစ်သည်။ ။

- ဒေသန္တရမြူနီစီပယ် ကိုယ်စားပြုကောင်စီ အဖွဲ့ဝင်များ။ ၎င်းတို့သည် ဒေသန္တရ ကောင်စီအဖွဲ့ဝင်များဖြစ်ပြီး ခရိုင် ကောင်စီတွင် ကိုယ်စားပြု ပါဝင်နိုင်ရန် ၎င်းတို့၏ သက်ဆိုင်ရာ ဒေသန္တရမြူနီ စီပယ်ကောင်စီများက ရွေးချယ်စေလွှတ် ခြင်းဖြစ်သည်။ ခရိုင်ကောင်စီ အဖွဲ့ဝင် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဖြစ်သည်။

ခြွင်းချက်။ အလွန်သေးငယ်ပြီး ကောင်စီအဖွဲ့ဝင် အလွန်နည်းသည့် ဒေသန္တရ ကောင်စီများတွင်မူ ရပ်ကွက်အဆင့်တွင် မဲဆန္ဒရှင်များက တိုက်ရိုက် ရွေးချယ်မှုမပြုတော့ဘဲ အချိုးကျစနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်သည်။

မဲပေးခွင့်သတ်မှတ်ချက်များ

အသက် ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒရှင်များအဖြစ် မှတ်ပုံတင်ပြီးသည့် တောင်အာဖရိကနိုင်ငံသား အားလုံး မဲပေးခွင့်ရှိသည်။ မဲပေးသည့်အခါတွင် မဲဆန္ဒရှင်သက်သေခံစာအုပ်ငယ်အား ပြသရ သည်။ မဲဆန္ဒရှင်တစ်ဦးစီသည် ယင်းနှင့်သက်ဆိုင်သည်ဟုသတ်မှတ်ထားသော ခရိုင်တစ်ခု အတွင်းတွင်သာ မှတ်ပုံတင်ပြီး ဒေသန္တရရွေးကောက်ပွဲများ၌ သက်ဆိုင်ရာခရိုင်အတွင်းရှိ သတ်မှတ်ထားသော မဲရုံ၌သာ မဲပေးခွင့်ရှိသည်။ နိုင်ငံအဆင့်နှင့် စီရင်စု အဆင့် ရွေးကောက်ပွဲ များ၌ မဲဆန္ဒရှင်များသည် ၎င်းတို့မဲစရင်းရှိရာ နေရာများတွင်သာ မဲပေးခွင့်ရှိသော်လည်း အကယ်၍ အချို့သောအခြေအနေများ တွင် ၎င်းတို့အနေဖြင့် အဆိုပါသက်ဆိုင်ရာ မဲစာရင်း တွင် အမည်ပါရှိသည်ဟု သက်သေပြနိုင်ပါက အဆိုပါမဲပေးခရိုင်၏ပြင်ပတွင် မဲပေးခွင့်ပြုသည်။

မဲဆန္ဒရှင်စာရင်းပြုစုခြင်း

 ၂၀၁၉ ခုနှစ် စာရင်းများအရ တောင်အာဖရိက နိုင်ငံတွင် မဲပေးခရိုင် ၂၂၉၃၃ ခန့်ရှိပြီး ယင်းခရိုင် တစ်ခုစီတွင် မဲရုံတစ်ရုံစီရှိသည်။ မဲပေခရိုင်များအား ရွေးကောက်ပွဲလုပ်ငန်းများ ထိရောက် အကျိုးရှိစွာဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းသတ်မှတ်ထား ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ မဲပေးခရိုင်များ အား ခရိုင် တစ်ခုလျှင် ၇ ဒသမ ၅ ကီလိုမီတာ (၄ ဒသမ ၇ မိုင်) အတွင်း၌ လူဦးရေ ၃၀၀ ခန့်ဖြင့် သတ်မှတ်ရေးဆွဲ ပြီး ကျေးလက်ဒေသများရှိ မဲပေးခရိုင်များအား ၁၀ ကီလိုမီတာ ( ၆ ဒသမ ၂ မိုင်) အတွင်း၌ လူဦးရေ ၁၂၀၀ ခန့်ဖြင့် ရေးဆွဲသတ်မှတ်သည်။ မဲပေးခရိုင်များ ရေးဆွဲသတ်မှတ်မှုကို ရွေးကောက်ပွဲကော်မရှင် ၏ နယ်နိမိတ်သတ်မှတ်ရေး ဦးစီးဌာန (Delimitation Directorate) က ဆောင်ရွက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲများ မကျင်းပ မီအချိန်တွင် ယင်းတို့ အား သုံးသပ်ပြင်ဆင် ရေးဆွဲသတ်မှတ်ခြင်းကို ဆောင်ရွက်သည်။

သက်ဆိုင်ရာမဲပေးခရိုင်၏ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါမှသာ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည်။ မဲစာရင်းတွင် ပါဝင်ရန်အတွက်

- ဘားကုဒ်ပါသည့် သက်သေခံစာအုပ်အစိမ်းရောင် (၁၉၈၆ ခုနှစ်မှ စတင် ထုတ်ပေးခဲ့သည်) သို့မဟုတ် ယာယီ သက်သေခံစာရွက်စာတမ်း အထောက် အထားရှိရသည်။ အများပြည်သူ မဲဆန္ဒရှင်မှတ်ပုံတင်ရေးနေ့ (Public Registration Day) နေ့တွင် မဲရုံသို့ သွားရောက်ပြီး သို့မဟုတ် ပုံမှန် ရုံးဖွင့်ရက်များတွင် မြူနီစီပယ်ရုံးများ၌ လည်းကောင်း အဆိုပါနေရာဒေသ တွင်နေထိုင်ကြောင်းပုံစံဖြည့်သွင်ရသည်။ မဲပေးခရိုင်တစ်ခုစီတွင် အထူဆက်တစ်လုံး (Special Machine Zip-Zip Machine) ထားရှိသည်။ ယင်းစက်တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ဘားကုဒ် ပါသည့် သက်သေခံ စာအုပ် အစိမ်းရောင်အား စကင် (Scan) ဖတ်ပြီးနောက် အဆိုပါပုဂ္ဂိုလ်၏ အမည် နှင့် သက်သေခံ နံပါတ်များအား မဲစာရင်း တွင် ထည့်သွင်းရန် အလိုအလျောက် မှတ်တမ်းသွင်းသည်။ အဆိုပါအထူးစက်သည် မဲရုံတွင် မဲဆန္ဒရှင် အဖြစ် မှတ်ပုံတင်ပြီးကြောင်း စတစ်ကာ တစ်ခုကို ပရင့် (Print) ထုတ်ပေးမည်ဖြစ် ပြီး အဆိုပါစတစ်ကာအား မဲဆန္ဒရှင်၏ သက်သေခံစာအုပ်တွင် ကပ်ထားပေးမည် ဖြစ်သည်။ ။

တောင်အာဖရိကရွေးကောက်ပွဲကော်မရှင်သည် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်စာရင်းကို ကွန်ပျူတာ စနစ်ဖြင့် ပြုစုထိန်းသိမ်းထားရှိသည်။ အကယ်၍ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်စာရင်း သွင်းပြီးသည့် ပုဂ္ဂိုလ်တစ်ဦးသည် ထပ်မံ၍အမည်စာရင်းပေးသွင်း လာပါက ၎င်း၏ ယခင် အချက်အလက်များ ကွန်ပျူတာပေါ်တွင် အလိုအလျောက်ပေါ်ထွက်လာ မည်ဖြစ်သည်။ ယင်း ကဲ့သို့ ဖြစ်ပွားခဲ့လျှင် အဆိုပါ ကွန်ပျူတာစနစ်က ယခင်မှတ်တမ်းအဟောင်းရှိ မဲပေး ခရိုင်တွင် မှတ်ပုံတင်စာရင်းသွင်းထားမှုအား ပယ်ဖျက်ပြီး အချက်အလက်အသစ်များဖြင့် ထပ်မံစာရင်း သွင်းမည် ဖြစ်သည်။ ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၉၁ ခုနှစ်တွင် အသားအရောင်ခွဲခြားမှုကို ဆန့်ကျင် တွန်းလှန်နေ သော ခေါင်းဆောင်များနှင့် အစိုးရအကြား ငြိမ်းချမ်းရေးသဘောတူညီချက်အရသားအရောင် လူမျိုးရေးခွဲခြားမှုမရှိဘဲ တန်းတူ အခွင့်အရေးပေးထားသော ကြားဖြတ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုကို ရေးဆွဲခဲ့ပြီး ၁၉၉၄ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံး နှင့် ပတ်သက်သော အချက်အလက်များကို ထပ်မံ ဖြည့်စွက်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ပြင်ဆင်ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် စတင်အသက် ဝင်လာခဲ့သည်။

(ဆက်က်ဖော်ပြပါမည်)

မေနယ်လီ

No comments:

Post a Comment