Saturday, July 31, 2021

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၁) ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ



တာချီလိတ် ဇူလိုင် ၃၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၆၁)ဦးကို ယနေ့နံနက် (၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်းသိရသည်။

အဆိုပါ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၆၁) ဦးမှာ အမျိုးသား(၃၀) ဦး၊ အမျိုးသမီး(၃၁)ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ Negative အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ပြစ်ဒဏ်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန်ပြည်သူများအား ကျိုင်းတုံမြို့၊ ဝစီပိတ်ဆရာတော် ဘုရား၏ ဦးဆောင်ကူညီစောင့်ရှောက်မှုဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲနိုင်၊ တာချီလိတ်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များနှင့် အလှူရှင် ပြည်သူများက ၎င်းတို့အား သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့် နေရပ်ပြန်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment