နေပြည်တော် ဧပြီ ၁
ရန်ကုန်မြို့နေခရီးသွားမိဘပြည်သူများ အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန်လမ်းကြောင်းအတိုင်း လက်ဝဲရစ်လူစီးတွဲ(၃)တွဲပါ RBE ရထားတွဲဆိုင်းကို မတ် ၂၄ ရက်မှစ၍ နေ့စဉ်ပြေးဆွဲလျက်ရှိသော်လည်း မသမာသူများက ရထားလမ်းပိုင်းများကို မကြာခဏ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရထားပြေးဆွဲဆောင်ရွက်စဉ်အတွင်း မတ် (၃၀) ရက်တွင် ကမာရွတ်ဘူတာရုံလမ်း level Crossing အဝင်/အထွက် အစုန်ရထားလမ်းပေါ်၌ သံလမ်းထိန်းကလစ်(၃၈)ခု၊ အဆန်ရထားလမ်း ပေါ်၌ သံလမ်းထိန်းကလစ်(၅၀) စုစုပေါင်း(၈၈)ခုကို ဖြုတ်ထားကြောင်းတွေ့ရှိရသဖြင့် အစားထိုး ပြန်လည် တပ်ဆင်ပေးခဲ့ရကြောင်း၊ ကြည့်မြင်တိုင်ဘူတာယာဒ်ဝင်းအထွက် အစုန်/အဆန်ရထားလမ်းပေါ်တွင် အရှည် ပေ (၂၀) ရထားသံလမ်းဟောင်း(၂)ချောင်း ကန့်လန့်ဖြတ်တင်ထားပြီး အဆန်ရထားလမ်းပေါ်တွင် စွန့်ပစ်အမှိုက်များစုပုံထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားဝန်ထမ်းများက ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း။
မတ် (၃၁) ရက်တွင် ကြည့်မြင့်တိုင်ဘူတာအဝင် အဆန်ရထားပေါ်၌ ကားတာယာအသေး (၆)လုံးကိုစုပုံထားကာ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးက မီးရှို့ရန် ဆောင်ရွက်နေသည်ကို တွေ့ရ သဖြင့် ရထားရဲတပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် ရပ်ကွက်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ကြည့်မြင်တိုင်ဘူတာအထွက် အစုန်/အဆန် ရထားလမ်းဘေးဝဲ/ယာတွင် မီးရှို့ရန်စုဆောင်းထားသော ကားတာယာအဟောင်းများတွေ့ရှိရသဖြင့် စွန့်ပစ်ခဲ့ရကြောင်း။
ထို့နည်းတူ ယနေ့တွင် ကမာရွတ်ဘူတာနှင့်လှည်းတန်းဘူတာကြား၌ အတွင်းရထား လမ်းတွင် သံလမ်းဆက်ပြားလေးခုဖြုတ်ထာ်သဖြင့် ပြုပြင်ခဲ့ရကြောင်း၊ ကြည့်မြင်တိုင်ဘူတာအတွင်းရထားလမ်း၌ အဝင်ပွိုင့်တွင် ဇလီဖား (၄)တုံးမီးရှို့ထားပြီး အဝင်ပွိုင့်အလွန်သံလမ်းတစ်ဆက်ခန့်၌ ရထားလမ်း ကွန်ဖားကလစ် (၃၀) ဖြုတ်ထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားဝန်ထမ်းများက ပြန်လည် တပ်ဆင်ခဲ့ရကြောင်း။
ဖော်ပြပါ မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့်နှောက်ယှက်ဖျက်ဆီးမှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီအမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment