Thursday, April 1, 2021

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးအထောက်အပံ့ပေး ရေးအစီအစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


နေပြည်တော် ဧပြီ ၁

နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏အတိုးနှုန်းသက်သာသော IDA ချေးငွေတို့ ရန်ပုံ ငွေပိုင်းဆိုင်ရာမျှဝေကျခံပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ကစ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ် International Development Association-IDA ချေးငွေတို့ ပေါင်းစပ်ပြီး အကောင်အထည်ဖော် လျက်ရှိသော Maternal and Child Cash Transfer Program – MCCT အစီအစဉ် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုပါကြောင်း၊ ပထမအချက်အနေဖြင့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ထောက်ပံ့နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေမှ ထုတ်ယူထားပြီးဖြစ်သော ချေးငွေကို ကမ္ဘာ့ဘဏ်နှင့် ချုပ်ဆိုထားသော စာချုပ်နှင့်သဘောတူညီချက် (Legal Agreements) များ၊ မိမိတို့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနဲ့ညီညွတ်စေရန် မည်ကဲ့သို့သုံးစွဲသွားမည်ကို ဆွေးနွေးရန်ဖြစ်ပါကြောင်း။

 ဒုတိယအချက်အနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့ဘဏ်ချေးငွေမှ ထုတ်ယူသုံးစွဲရန် လျာထားခဲ့ပြီးဆက်လက် ထုတ်ယူသုံးစွဲရန် ကျန်ရှိနေသည့်ပမာဏကို လျာထားချက်အတိုင်း မည်ကဲ့သို့ဆက်လက်ထုတ်ယူ သုံးစွဲနိုင်မည်ဆိုသည့် ကဏ္ဍကိုဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ချေးငွေ ထုတ်ယူ သုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် (၂) ကြိမ်နှင့်  လက်ရှိ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် (၁) ကြိမ် စုစုပေါင်း (၃) ကြိမ် ထုတ်ယူပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အကောင်အထည်ဖော်နေသော လက်ရှိအစီအစဉ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းဖြစ်ပြီး ရပ်တန့်မရကြောင်း၊ ရပ်တန့်လိုက်ပါက မူလရရှိထားသော အကျိုးကျေးဇူးများပါ အကျိုးမရှိဖြစ်သွားစေနိုင်ကြောင်း၊ အာဟာရဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဖြစ်သည့်အတွက် လျာထားချက်များအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေး ကမ္ဘာ့ဘဏ်နှင့်မည်ကဲ့သို့ညှိနှိုင်း ဆောင်ရွက်နိုင်မည်ကို နေ့အစည်းအဝေးတွင် အကြံဉာဏ်ရယူ ဆောင်ရွက်သွားလိုခြင်းဖြစ်ပါကြောင်း၊ အသေးစိတ်အချက် အလက်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က    မိမိတို့အစီအစဉ်မှာ အာဟာရ ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်နေသည့်အတွက်ကြောင့် ရပ်ဆိုင်း၍မရနိုင်ပါကြောင်း၊ လက်ရှိ မိမိတို့ ထုတ်ယူပြီးသော ရန်ပုံငွေအား မည်ကဲ့သို့သုံးစွဲရမည်ကို ဆွေးနွေးစေလိုပါကြောင်း၊ ပြည်သူလူထုကို အဓိက တိုက်ရိုက်အကျိုးသက်ရောက်သည့်အတွက်ကြောင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ သို့ပါ၍ ဝိုင်းဝန်းဆွေးနွေး အကြံပေးစေ လိုပါကြောင်း ပြောကြားသည်။

              ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် MCCT ပတ်သက်သည့် နောက်ခံအချက် အလက်များ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်အစီအစဉ် များ၊  ရပ်ရွာလူမှုကာကွယ် စောင့်ရှောက်ရေး လူမှုဝန်ထမ်းသမားများမွေးထုတ်ခြင်းအစီအစဉ်များ၊ ရပ်ရွာလူမှုကာကွယ်စောင့်ရှောက် ရေးကော်မတီများ၊ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် တည်ဆောက်ခြင်းအစီအစဉ်များကို ရှင်းလင်းတင်ပြကာ စီမံကိန်းတွင် Component (၃)ခု ပါဝင်ပါကြောင်း၊ (၈၇) ရာခိုင်နှုန်းမှာ အကျိုးခံစားခွင့်ရှိသူများကို ငွေကြေးပံ့ပိုးပေးမည်ဖြစ်၍ တိုက်ရိုက်အကျိုးဖြစ်စေမည်ဖြစ်ပါကြောင်း၊ ကျန်ရာခိုင်နှုန်းများမှာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအတွက်ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။

              ယင်းနောက် ဌာနဆိုင်ရာများမှ တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများက ကမ္ဘာ့ဘဏ်ချေးငွေနှင့်ပတ်သက်ပြီး ၎င်းတို့ဌာနများမှ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော် အပိုင်းက ထည့်ဝင်မှုအတွက် အထွေထွေပိုလျှံရန်ပုံငွေက တောင်းခံရန် စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

                                      ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းလွှမ်းခြုံမှုမြင့်မားစေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကလေးများ၏ ရှေးဉီးဘဝအရွယ် ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသောကြောင့် အရည်အသွေးပြည့်ဝသော ပြုစုပျိုးထောင်ရေးရရှိ စေရန် ရှေးဉီးအရွယ်ကလေးသူငယ်များ ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများချမှတ်၍ နှစ်စဉ်လုပ်ငန်း စီမံချက်များဖြင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊  သို့သော် အဆိုပါလုပ်ငန်းရပ်များသည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရပါကြောင်း၊ ငါးနှစ်အောက်ကလေးဖွံ့ဖြိုးမှုသည် အလျင်အမြန်နှင့် အချိန်တိုင်း တိုးတက်မှုဖြစ်စဉ်ရှိနေပါသဖြင့် စနစ်တကျပြုစုစောင့်ရှောက်မှုနှင့် အခြေအနေပေါ်မူတည်၍ ပံ့ပိုးပေးနိုင်ရန် စဉ်းစားဖြေရှင်းလုပ်ဆောင်ရန်လိုပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း လွှမ်းခြုံမှုမြင့်မားရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်း အဝေးကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

                             ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူမှုရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် မူလတန်းကြိုကျောင်းများကို ဉီးစီးဌာနအနေဖြင့်ဖွင့်လှစ်ခြင်းနှင့် ပြည်တွင်း/ ပြည်ပနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူလူထုမှဖွင့်လှစ်ထားသော မူလတန်းကြို ကျောင်းများ၊ နေ့ကလေးထိန်းကျောင်းများကို အသိအမှတ်ပြုပေးခြင်း၊ ကြီးကြပ်ခြင်း၊ ထောက်ပံ့မှုပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် မူလတန်းကြိုအရွယ် ကလေးများအားလုံး မူကြိုပညာရေးရရှိရန်မှာ လိုအပ်ချက်တစ်ခု အနေဖြင့်ရှိနေသေးပါကြောင်း၊ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါကြောင့်လည်း ယခင်ကရှိပြီးသား မူလတန်းကြိုပညာရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် ထိခိုက်စေခဲ့ပါကြောင်း၊ အဆိုပါကျောင်း များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ECCD Coverage တိုးမြှင့်နိုင်ရေးအတွက် ပိုမို အားထုတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

                             ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပုဂ္ဂလိက/ ကိုယ့်အား ကိုယ်ကိုး နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများ၊ အထူးပညာရေးကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်ကိုလည်းကောင်း၊ ECCD ဆိုင်ရာ ဘာသာရပ်တာဝန်ခံများက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းလွှမ်းခြုံမှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲစီမံချက်ကိုလည်းကောင်း အသီးသီး တင်ပြကြသည်။ ဆက်လက်၍ မူလတန်းကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် မူလတန်းကြိုကျောင်းများတွင် Social Distancing နှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာ ပေးရေး Video Clip အားပြသခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။                                             (သတင်းစဉ်)

 

No comments:

Post a Comment