နေပြည်တော် ဧပြီ ၇
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်သည် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် စာရင်းစစ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုအစိုးရလက်ထက် လုပ်ငန်း ချောချောမွေ့မွေ့ပျော်ပျော်ရွှင်ရွှင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ နိုင်ငံ၏တာဝန်များ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများသို့ ရှင်းလင်းခဲ့ပြီးဖြစ်ပါကြောင်း။
အဆိုပါ ရှင်းလင်းချက်ကို မိမိရုံးတွင်ရှိသော အရာထမ်း၊ အမှုထမ်းများအား ပြန်လည် ရှင်းလင်းရန်လိုအပ်ကြောင်း၊ ထိုသို့ ရှင်းလင်းပြမှသာလျှင် နိုင်ငံတော်၏ ဖြစ်စဉ်အမှန်ကို သိရှိပြီး၊ ဒီမိုကရေစီ၏ သဘောတရားနှင့် လုပ်ငန်းစဉ်များကို စနစ်တကျနားလည်မည်ဖြစ် ကြောင်း၊ ယခုဆောင်ရွက်နေခြင်းများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (Road Map) (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ် တို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရန် ဝန်ထမ်းများအားလုံးတွင် တာဝန်ရှိကြောင်း၊ CDM လှုပ်ရှားမှုတွင် မိမိကိုယ်တိုင်၊ မိမိလုပ်ဖော် ကိုင်ဖက်၊ မိမိ မိသားစု မပါစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ နည်းဉပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုရှိ/ မရှိ စစ်ဆေးခြင်း သာမက နိုင်ငံတော်ကို အမှန်တကယ် အကျိုးပြုနိုင်စေရန် လုပ်ငန်းအကောင်အထည်ဖော်မှုစစ်ဆေးခြင်းကိုပါ စစ်ဆေးရန်လိုကြောင်း၊ စာရင်းစစ်များ၏ တာဝန်များမှာ ပြည်သူ့ဘဏ္ဍာငွေများကို စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျသုံးစွဲကာ ပြည်သူ့အကျိုး စီးပွားရရှိစေရန် အဓိကထားဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် မွန်မြတ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာချောင်ချိရေးကို စနစ်တကျဆောင်ရွက်ပေးရန်၊ နိုင်ငံ၏ အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဤရုံးမှ သင်တန်း များကို မကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါ ကာကွယ်ဆေး ဝန်ထမ်းအားလုံး ထိုးနှံနိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း။
အချိန်နှင့်ပြီးရမည့် စစ်ဆေးရေးလုပ်ငန်းများကို အချိန်မီပြီးစီးစေရေး ဆောင်ရွက်သွား ကြရန်နှင့် သမာသမတ်ကျကျဆောင်ရွက်ရန်၊ စစ်ဆေးရေးအစီအစဉ်ကို စနစ်တကျရေးဆွဲ ဆောင်ရွက်ရန်၊ အရည်အသွေးရှိသော စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးနှင့် မျက်မြင် စစ်ဆေးမှုများ ဆောင်ရွက်ကြရန်မှာကြား၍ ရုံးများ၏ လိုအပ်ချက်များအတွက် တတ်နိုင်သ၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းအဆင့်၊ ခရိုင် အဆင့်စာရင်း စစ်ရုံး၊ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment