နေပြည်တော် ဧပြီ ၇
နှစ်စဉ် ဧပြီ (၇) ရက်တွင်ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 Command Centre တွင် ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ Building a fairer, healthier world ဖြစ်ပြီး “တို့ရဲ့ကမ္ဘာ ပိုမိုကျန်းမာဖို့ ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှပေးကြစို့” ဟု ဘာသာပြန်ဆိုထားပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ပြန်လည်မြင့်တက်ခြင်း မရှိစေရေး အတွက် ကာကွယ်ဆေး ထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့်လည်း အခြားသူများနည်းတူ အခြေခံကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အထူးသတိပြု၍ ဆက်လက် လိုက်နာကြရမည် ဖြစ်ပါကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မညီမျှမှုများဖြစ်ပေါ်နေသည့် အခြေအနေများကို ကြိုတင်ကာကွယ် နိုင်သည့် နည်းလမ်းများစွာအနက် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအနေဖြင့် မိဘပြည်သူများ၏ ကျန်းမာရေးကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထား၍ ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ပြည်သူများနှင့်အတူတကွ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ခြင်း၊ ခိုင်မာတိကျ၍ ရည်ညွှန်းအသုံးပြုနိုင်သည့် ကျန်းမာရေးဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များကို စနစ်တကျမှတ်တမ်းတင်ထားရှိခြင်း စသည် လုပ်ငန်းစဉ်များကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု သာတူညီမျှစွာရရှိမှု အားနည်းနေသေးပြီး အခြားကျန်းမာရေးစောင့်ရှောက်ပေး မည့်သူ မရှိသည့် ဝေးလံခက်ခဲဒေသများ တွင် မှီတင်းနေထိုင်ကြသော ပြည်သူများကို အခြေခံကျ သည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက် မှုများပေးနိုင်ရေး ဦးစားပေးဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း။
မိမိတို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏တာဝန်မှာ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖြစ်သည်နှင့်အညီ ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပုဂ္ဂိုလ်များ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများသည် လူနာများ၊ ပြည်သူလူထုများ၊ ဌာနများကိုစွန့်ခွာ၍ အလုပ်တာဝန်များ မထမ်းဆောင်ဘဲ လျစ်လျူရှုထားခြင်းကို သင့်လျော်မှု ရှိ/မရှိ စဉ်းစားချင့်ချိန်ပြီး တာဝန်ကျရာလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သင့်သော အချိန်အခါ ဖြစ်ပါ ကြောင်း။
ယနေ့ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့ အခါသမယမှ စတင်၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် သာတူညီမျှမှု မရရှိသေးသည့် အခြေအနေများနှင့်ပတ်သက်၍ ယခုနှစ် ဆောင်ပုဒ်နှင့်အညီ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်၍ မိဘပြည်သူအားလုံးအတွက် လိုအပ်သော အရည်အသွေးပြည့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုများ သာတူညီမျှ လက်လှမ်းမီစွာရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် Building a fairer, healthier world “တို့ရဲ့ကမ္ဘာ ပိုမိုကျန်းမာဖို့ ကျန်းမာရေး စောင့်ရှောက်မှု သာတူညီမျှပေးကြစို့” ခေါင်းစဉ်ဖြင့် မှတ်တမ်းတင် ဗီဒီယိုကို ပြသသည်။
အခမ်းအနားအပြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများသည် ကမ္ဘာ့ကျန်းမာ ရေးနေ့အထိမ်းအမှတ် ပြခန်းကို လှည့်လည် ကြည့်ရှုကြသည်။
(သတင်းစဉ်)

No comments:
Post a Comment